သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကုန်လာတဲ့ (၂၁) ရာစု ပင်လုံ


စိတ်ကုန်လာတဲ့ (၂၁) ရာစု ပင်လုံ
please wait

No media source currently available

0:00 0:05:32 0:00
တိုက်ရိုက် လင့်ခ်

တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ထိုးခဲ့တာ သုံးနှစ်ကျော်လာပြီး ကျင်းပတာ (၃) ကြိမ် ရှိပါပြီ။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းမှာ အချိန်ကုန်နေတာမို့ ထင်သာမြင်သာတဲ့ တိုးတက်မှုကို မရရှိသေးဘူးလို့ ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြိးယွတ်စစ် က လွန်ခဲ့တဲ့ မေလက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောပါတယ်။ KNU ခေါင်းဆောင် ဗိုလ်မှူးကြီး စောမူတူးစေးဖိုး ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်လမ်းကြောင်း တိမ်းစောင်းနေပြီဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်တွဲညီညီ ဆက်သွားဖို့လိုတယ်လို့ ပြောပါတယ်။

တပြည်လုံး အပစ်ရပ်တဲ့ သဘောတူညီချက် NCA ကို ဦးသိန်းစိန်အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့တို့ အောက်တိုဘာလမှာ လက်မှတ်ထိုးခဲ့တာမို့ (၄) နှစ်နီးပါး ရှိပါပြီ။ ဒီအချိန်မှာ မြန်မာပြည်မြောက်ပိုင်းမှာ စစ်ဆင်ရေးအရှိန်အဟုန် မြင့်တက်လာလို့ စစ်ပြေးဒုက္ခသည်တွေ တိုးပွားနေပါတယ်။ NCA အပစ်ရပ်စာချုပ်ရဲ့  နောက်ဆက်တွဲအဖြစ် ပထမအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဦးသိန်းစိန်အစိုးရ ဆင်းမပေးမီ ၂၀၁၆ ဇန်နဝါရီလမှာ ကျင်းပပါတယ်။ ဒါပေမဲ့ ဒီညီလာခံဟာ အထိမ်းအမှတ်သဘောသာဖြစ်ပြီး တကယ့်ညီလာခံကို NLD အစိုးရက ကျင်းပမယ်လို့ ဆိုပါတယ်။

နောက်တော့မကြာပါဘူး ၂၀၁၆ သြဂုတ်လမှာ ဒုတိယ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို (၂၁) ရာစု ပင်လုံညီလာခံအမည်နဲ့ NLD အစိုးရက ကျင်းပပါတယ်။ ပထမပင်လုံညီလာခံမှာ ပါဝင်တဲ့ ကချင်နဲ့ရှမ်းပြည်နယ်မှာ အစိုးရတပ်က စစ်ဆင်ရေးလုပ်နေတုန်း (၂၁) ရာစု ပင်လုံညီလာခံ အမည်သုံးတဲ့ကိစ္စကို တိုင်းရင်းသားတွေဘက်က ဘဝင်မကျကြပါဘူး။ ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်အပေါ်မှာ အခြေပြုထားတာ မဟုတ်တဲ့ ညီလာခံကို ပင်လုံတံဆိပ်တပ်တဲ့ကိစ္စကို တိုင်းရင်းသားခေါင်းဆောင်တွေက စိုးရိမ်ပူပန်ကြတယ်လို့ Trans National Institute က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ ပင်လုံအလွန် ဆိုတဲ့ (၄၉) မျက်နှာ စာတမ်းမှာ ဖော်ပြထားပါတယ်။ (၂၁) ရာစု ပင်လုံညီလာခံဟာ ၂၀၀၈ အခြေခံဥပဒေအတိုင်း တပ်မတော်ကို ဆက်ထားဖို့ အတည်ပြုတဲ့ 'ဒုတိယ အမျိုးသားညီလာခံ' သဘောမျိုးဖြစ်နေပြီလို့ တိုင်းရင်းသားကိုယ်စားလှယ်တွေဘက်က သုံးသပ်ကြတာကိုလည်း ပင်လုံအလွန် စာတမ်းမှာ ဖော်ပြထားပါတယ်။

ဦးသိန်းစိန်အစိုးရက ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန MPC - Myanmar Peace Center ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ အစားထိုးလိုက်ပါတယ်။ နောက် ဒေါ်စုရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲဖို့ လက်တွေ့ကြိုးပမ်းခဲ့တဲ့ ဗဟိုဌာနတခုလုံးကို ပြောင်းပစ်လိုက်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့  ဆက်ဆံရေးတခုလုံးကို ထိခိုက်စေတယ်လို့ Trans National Institute က သုံးသပ်ပါတယ်။ ကောင်းမွန်တဲ့ NLD ရဲ့  ရည်ရွယ်ချက်ကို သံသယမရှိကြပေမယ့် NRPC ဌာနသစ်မှာ အတွေ့အကြုံနဲ့ဝန်ထမ်း အားနည်းနေပါတယ်။

အထက်အောက်အာဏာရှင်ဆန်တဲ့ ဆက်ဆံရေးပုံစံကြောင့် အလွတ်သဘောနဲ့ တွေ့ဆုံဆွေးနွေးမှု နည်းပါးလာတဲ့အတွက် ဆက်ဆံရေးယိုယွင်းပျက်စီးလာရတယ်လို့ ပင်လုံအလွန်မှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ ဆက်ဆံရေး အဆင်ပြေဖို့ကိုသာ အဓိကထားနေတယ်လို့ တိုင်းရင်းသားဘက်က မြင်ပါတယ်။ ဝန်ကြီးဟောင်း ဦးအောင်မင်းကတော့ NLD အစိုးရရဲ့  အာနည်းချက်သုံးခုကို 7-day သတင်းစာနဲ့ ၂၀၁၈ စက်တင်ဘာလ (၇) ရက်နေ့က တွေ့ဆုံစဉ် ထောက်ပြသွားပါတယ်။ NLD အစိုးရမှာ Peace Policy, အကောင်အထည်ဖော်တဲ့အဖွဲ့နဲ့ လုပ်ငန်းအဖွဲ့ စတာတွေမရှိတာကို ထောက်ပြပါတယ်။ သမ္မတဦးစီးတဲ့ ငြိမ်းချမ်းရေးကော်မတီ၊ ဒုသမ္မတဦးစီးတဲ့ ကော်မတီနဲ့ ဦးအောင်မင်း ဦးစီးတဲ့ MPC ငြိမ်းချမ်းရေးဗဟိုဌာနစတဲ့ ဆင့်ကဲဆင့်ကဲ တာဝန်ယူတာမျိုး NLD မှာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အပေါ်က အမိန့်ပေးတဲ့ အလုပ်ကိုသာ လုပ်သလို၊ အောက်ပိုင်းကိုဆင်းတဲ့အခါလည်း ဆင်းပါတယ်။ အောက်ကိုဆင်းလုပ်တဲ့အခါမှာ အချိန်ပြည့်မထိုင်နိုင်တာဟာ အားနည်းချက်ပဲလို့ ဆိုပါတယ်။ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားတဲ့ ဒေါ်စုဟာ အင်မတန် အလုပ်များပါတယ်။ ငြိမ်းချမ်းရေးအလုပ်ကို အချိန်သိပ်မပေးနိုင်တာမို့ ဒေါ်စု စကားမှားသွားရင် ကယ်မယ့်သူမရှိဘူးလို့ ဦးအောင်မင်း က ရှင်းပြပါတယ်။ NLD မှာ ဆင့်ကဲတာဝန်ယူမှု အားနည်းတဲ့အတွက် အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။ MPC လို လုပ်ငန်းအဖွဲ့ မရှိတာလည်း အားနည်းချက် ဖြစ်ပါတယ်။

(၈၈) မျိုးဆက်တွေဖြစ်တဲ့ တင်မောင်သန်း၊ အောင်နိုင်ဦး၊ မင်းဇော်ဦး၊ ညိုအုန်းမြင့် စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့မျိုးဟာ အရေးကြီးပေမယ့် NLD မှာ မရှိဘူးလို့ ဦးအောင်မင်း က ဆိုပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စမှာ ဆောင်ရွက်သူ Player မပြောင်းဖို့ လိုတယ်လို့ ဆိုပါတယ်။ အခုဖြစ်နေတာက တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ဘက်က ဆောင်ရွက်သူတွေဟာ အပြောင်းအလဲမရှိ ဆက်တိုက်လုပ်လာသူတွေဖြစ်ပြီး အစိုးရဘက်မှာသာ အပြောင်းအလဲရှိတာမို့ နှောင့်နှေးကြန့်ကြာနေရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီထက်ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဦးအောင်မင်က ပြောသွားတာကို မနှစ်ကထုတ်တဲ့ 7-day သတင်းစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG