သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ပြူတာစစ်ပွဲ (အပိုင်း-၁)


ကွန်ပြူတာ နည်းပညာစစ်ပွဲ
ကွန်ပြူတာ နည်းပညာစစ်ပွဲ

Cyber War လို့ခေါ်တဲ့ အင်တာနက် စစ်ပွဲနဲ့ ပတ်သက်ပြီး စင်္ကာပူအမျိုးသား ကွန်ပြူတာဌာနက အကြီးတန်းအကြံပေး ဦးဥက္ကာကြူဖေကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီတပတ်တော့ Cyber War လို့ခေါ်တဲ့ အင်တာနက် စစ်ပွဲနဲ့ ပတ်သက်ပြီး စင်္ကာပူအမျိုးသား ကွန်ပြူတာဌာနက အကြီးတန်းအကြံပေး ဦးဥက္ကာကြူဖေက အခုလို စပြီးရှင်းပြပါတယ်။

"နောက်ပိုင်း အင်ဖော်မးရှင်းခေတ်ကြီးမှာ သတင်းတွေကို ထုတ်ပြန်တဲ့အခါမှာ တယောက်နဲ့ တယောက် လက်ဦးမှု အရင်လိုချင်ကြတယ်ပေါ့နော်။ အင်တာနက် စစ်ပွဲလို့ ခေါ်တဲ့ Cyber War ရဲ့ အဓိက ဦးတည်ချက်က အဲဒါပဲခင်ဗျ။"

မေး။ ။ "အင်တာနက် စစ်ပွဲတွေ ဘယ်တုန်းကလောက် စဖြစ်တာလဲ၊ အဲဒါလေး ပြောပြပေးပါအုံး။"

ဖြေ။ ။ "Cyber War တကယ်စဖြစ်တာက ၉၉ ခုနှစ် နောက်ပိုင်းလောက်မှာ ဖြစ်တာ။ ကိုရီးယားနဲ့ တရုတ်၊ နောက် အမေရိကန်တွေနဲ့ ပတ်သက်ပြီးတော့ cyber war စဖြစ်လာတာ ခင်ဗျ။ များသော အားဖြင့် သူတို့လုပ်လေ့ရှိတာ ဖြစ်လာတာကတော့ နှစ်ခု ရှိတယ်။ တခုက သူတို့ အင်ဖော်မေးရှင်း (သတင်းအချက်အလက်တွေ)ကို ကိုယ်က သွားပြီးတော့ ဖျက်ဆီးချင်တာ။ နောက် တခုကျတော့ အဲဒီ information တွေကို တခြားလူတွေ access လုပ်လို့ မရအောင် လက်လှမ်းမမှီအောင် လုပ်တာ ဆိုပြီး နှစ်မျိုး ရှိတယ်ခင်ဗျ။"

မေး။ ။ "access လုပ်လို့ မရအောင် ဆိုတာက-"

ဖြေ။ ။ " ကျနော်တို့ သတင်းအချက်အလက်တွေကို တဘက်လူက ဖတ်လို့၊ သုံးလို့ မရတော့အောင်၊ ကျနော်တို့ ဒီမှာ အများဆုံးသုံးတာက ဒေါ့စ်ပေါ့လေ Do S လို့ခေါ်တယ်။ တဘက်ရဲ့ ဆာဗာကို တခြားလူတွေ ဖွင့်လို့မရအောင်၊ အဲဒီဆိုင်ဘာ အလုပ်ရှုပ်သွားအောင် လုပ်တဲ့ဟာမျိုး တခု ရှိတယ်။ နောက်တခုကျတော့ တချို့ရဲ့ web site ထဲကို ကိုယ်က သူတို့ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ဝင်ပြီးတော့မှ သူ့အထဲက information တွေကို ဝင်ပြင်တာ။ တရားဝင် မဟုတ်တဲ့နည်းနဲ့ ဝင်ပြင်တာ အဲဒါမျိုး နှစ်ခု ရှိတယ်။ "

မေး။ ။ "ကိုရီးယားတို့၊ အမေရိကားတို့၊ တရုတ်တို့လို အစိုးရပိုင်းတွေက ပါဝင်ပြီး ပတ်သက် တာတွေလည်း ရှိလာတယ်။ အဲဒီလို ရှိတဲ့အထဲမှာ ထင်ရှားတဲ့ ဥပမာလေး တခုလောက် နည်းနည်း ပြောပြပေးပါလား။"

ဖြေ။ ။ "တကယ် အစိုးရပိုင်းက တရားဝင်ပါလား ဆိုတော့ တရားဝင်မပါဘူး ခင်ဗျ။ ဥပမာအားဖြင့်- အမေရိကန်က ပင်တဂွန်က cyber ထဲကို တရုတ်ပြည်ကနေ ဖောက်ဝင်ပြီးတော့ သတင်းအချက် အလက်တွေ ထုတ်ယူသွားတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးကို တရုတ်ပြည် က အစိုးရက တရားဝင် လုပ်သွားတာလား ဆိုတော့ မဟုတ်ဘူး။ အစိုးရအတွင်းမှာ လျှို့ဝှက် ဖွဲ့စည်းထားတဲ့ သူတို့ရဲ့ cyber army group ဆိုတာမျိုးတွေ ရှိတတ်တယ်။ အဲဒါမျိုးတွေကတဆင့် သူတို့ ဝင်ပြီးတော့မှ သတင်း အချက်အလက်တွေ ယူတာ ရှိတယ်။ အဲတော့ cyber war ဆိုတာက တကယ့် တရားဝင် နိုင်ငံ အချင်းချင်း တရားဝင် recognize လုပ်ထားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က အဲဒါမျိုးကို cyber war လို့ ခေါ်တာ ခင်ဗျ။"

မေး။ ။ "အစိုးရသုံးနေတဲ့ ဝဘ်ဆိုဒ်တွေထဲ ဝင်ပြီးတော့ နှောင့်ယှက်တာကျတော့ cyber war ထဲ ဝင်သွားပြီနော်။"

ဖြေ။ ။ "ဟုတ်ကဲ့၊ ဥပမာအားဖြင့်- ရခိုင်ကိစ္စမှာဆိုရင် ဗမာပြည်မှာကျတော့ ဗမာလူငယ်တွေ လုပ်ထားတဲ့ BHG ပေါ့။ Blink Hacker Group လို့ခေါ်တယ်။ တော်တော် တော်ပါတယ်။ သူတို့ ဖွဲ့စည်းထားတာ။ သူတို့ကနေပြီးတော့ ရခိုင်မှာ ဖြစ်နေတဲ့အရေးကို အသိအမှတ်မပြုလို့ ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဝဘ်ဆိုဒ်ထဲ ဝင်ပြီးတော့မှ ဘယ်လို ဘယ်လိုတွေ ဖြစ်နေပါတယ် ဆိုပြီးတော့မှ တရားမဝင် ဝင်ပြီးတော့ ရေးတာပေါ့။ အဲဒီလို ဖြစ်ရင်းကနေပြီးတော့မှ ဘင်္ဂလားဒေ့ရှ်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် cyber army လို့ ခေါ်တယ်။ BCA ပေါ့။

“ဒါပေမဲ့ အဲဒါမျိုးကို မေးရင် ဒါအစိုးရက support လုပ်နေတာလား ဆိုတော့ မဟုတ်ဘူး။ သူတို့ဖာသာ သူတို့ ရပ်တည်နေတာ။ သူတို့ရဲ့ လူမျိုးရေးစိတ်ဓာတ်နဲ့ သူတို့ဖာသာသူတို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ။

“ဗမာ BHG ကနေသွားပြီးတော့ သူတို့ရဲ့ အစိုးရ ဝဘ်ဆိုဒ်တွေကို သွားလုပ်တဲ့အချိန်မှာမှ ဒီ BCA ကနေပြီးတော့မှ ဒီက ဝဘ်ဆိုဒ်တွေကို ပြန်ပြီးတော့ လုပ်တာ။ အဲဒီတော့ ဘာဖြစ်သွားလဲ ဆိုတော့ မြန်မာပြည်က ဝဘ်ဆိုဒ် တော်တော်များများက အသက်မဝင်ဘူး။ အသက်မဝင်ဘူး ဆိုတာ က သတင်းအချက်အလက်တွေက အသေဖြစ်နေတယ်။ အဲဒီတော့ သူတို့မှာ လုံခြုံရေး အားနည်း တယ်။ ဆာဗာတွေက လုံခြုံမှု မရှိဘူး။ အဲဒီတော့ သူတို့ အလွယ်တကူ တိုက်ခိုက်လို့ ရသွားတယ်။

ဒါပေမဲ့ BHG ကနေ ပြန်တိုက်တဲ့အခါကျတော့ ဘင်္ဂလားဒေ့ရှ်က တော်တော် အထိနာသွားတယ်။"

မေး။ ။ "ဥပမာလေး တခုလောက် ပြောပြပေးပါနော်။ တိုက်ခိုက်တာ တခု။"

ဖြေ။ ။ "ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ်က BCA က ဘာကို တိုက်ခိုက် သွားသလဲဆိုတော့ - myanmar.gov.mn အဲဒါကို သူက ဒိပြင် လူတွေ ဝင်လို့မရအောင် DoS သူက DDoS (Distributed Denial of Service) နဲ့ တိုက်သွားတယ်။ အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ myanmar.gov.mn မှာ နေ့စဉ်သတင်းတွေ ထုတ်ပြန်ပေးနေတာ ရှိတယ်။ အဲဒီလို တိုက်ခိုက်သွားတဲ့အတွက် သတင်း အချက်အလက်တွေ ထုတ်ပြန်လို့ မရတော့ဘူး။ တကယ် အင်ဖော်မေးရှင်း လိုအပ်တဲ့နေရာ သူတွေ ကလည်း အဲဒါ ကို ထုတ်လို့ မရတော့ဘူး။ အဲဒါမျိုးတွေ ဖြစ်သွားတယ်။

နောက်တခုကျတော့ commercial ဆိုဒ်တွေ ရှိတယ်။ ဥပမာ myanmaronline.com တွေ ရှိတယ်။ အဲဒီတွေမှာကျတော့ မဟုတ်က ဟုတ်က သတင်းတွေ လုပ်သွားတယ်။ နောက်အဲဒီမှာ သူတို့က ဆိုင်း (sign) လေးထားသွားတယ်။ ဒီဟာကို သူတို့ အဖွဲ့က hack လုပ်သွားပါတယ် ဆိုတာကို အဲဒါမျိုးထားသွားတယ် ခင်ဗျ"

မေး။ ။ "ဒီဟာမျိုးတွေကို ခြေရာခံလိုက်မယ်ဆိုရင် လွယ်သလား။"

ဖြေ။ ။ "လွယ်ပါတယ် ခင်ဗျ။ များသောအားဖြင့် hacker တွေက လုပ်ပုံလုပ်နည်း နှစ်မျိုးရှိတယ်။ တချို့ လုပ်သွားတာကို လူမသိစေချင်တဲ့ သဘောမျိုးရှိတယ်။ တချို့က လုပ်သွားတာကို လူသိစေ ချင်တဲ့ သဘောမျိုးရှိတယ်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် ကိစ္စမှာဆိုရင် BHG က လူသိစေချင်တဲ့ ဟာမျိုးနဲ့ လုပ်သွားတယ်။ သူတို့အဖွဲ့ကို ဘယ်လို ဆက်သွယ်လို့ရတယ်ဆိုတာပါ အချက် အလက်တွေပေးပြီး ထားသွားတယ်။ တချို့ hack လုပ်တဲ့ ဟာတွေကျတော့ cyber war တွေ ကျတော့ သူတို့ရဲ့ အချက်အလက်တွေကို မပေးဘူး။ ဥပမာအားဖြင့် အမေရိကန် ပင်တဂွန်က အချက်အလက်တွေကို တရုတ်ပြည်က ဝင်တိုက်သွားတယ်။ အဲဒါမျိုး မှာကျတော့ information ကို ထားမသွားဘူး။ အဲဒီလို ၂မျိုးရှိတယ်ခင်ဗျ။

ဒီ Hacker တွေမှာကျ association လို ဟာမျိုးရှိတယ်။ သူ့အစုတွေ၊ အစုတွေ သေသေချာချာ လုပ်ထားကြတာ ရှိတယ်။ အဲဒီတော့ ဥပမာ- BHG ဆို သူတို့ hacking လုပ်သွားရင် သူတို့မှာ link ထားသွားတယ်။ အဲဒီလင့်ခ်ကို ပြန်ရှာမယ် ဆိုရင် သူတို့ဟာ နံပါတ်အဆင့် ဘယ်လောက်ရှိတယ်။ ဒီ Hacker Group မှာဆိုရင် အဲဒါမျိုးတွေ ပြန်ပြီး ခြေရာကောက် (trace) လုပ်လို့ရတယ်ခင်ဗျ။ "

မေး။ ။ "ဘင်္ဂလားဒေ့ရှ် ဘက်က အဖွဲ့ကျတော့ရော။"

ဖြေ။ ။ "ဘင်္ဂလားဒေ့ရှ်ကလည်းသူတို့က တရားဝင် အဖွဲ့အစည်းလုပ်ထားတယ်။ သူတို့မှာ ကိုယ်ပိုင် ဝဘ်ဆိုဒ်ရှိတယ်။ Bangladish Cyber War။ သူတို့က မြန်မာပြည်ကို ပြန်တိုက်တဲ့အခါ သူတို့ဆီက ၂ဖွဲ့က ပြန်တိုက်တယ်။ တဖွဲ့က BCA ၊ Bangladesh Cyber Army ပေါ့။ အဲဒါမျိုးကျ သူတို့က NGO လို သဘောမျိုး ဖွဲ့စည်းထားတာ။ နိုင်ငံတော်တော်များများမှာ အခု အဲဒါမျိုးတွေ ဖွဲ့ထားကြတယ်။ Cyber Army တွေ ဖွဲ့ထားတယ်။ အခုနောက်ပိုင်းမှာ Cyber Attack တွေ အရမ်းများတဲ့ အခါ ကျတော့။ Cyber War တွေ များတဲ့အခါကျတော့။ ဘင်္ဂလားဒေ့ရှ်မှာဆို ဒီ BCA က အစိုးရအဖွဲ့ မဟုတ်ရင်တောင်မှ သူတို့က NGO သဘောမျိုးနဲ့ ထူထောင်ထားတာ။ တရားဝင်သဘောမျိုး-

"နောက်တခုက သူတို့မှာ BBHH ဆိုတာ၊ Bangladesh Black Hat Hacker ဆိုတာမျိုး၊ အဲဒါမျိုးကျ ရိုးရိုး လူငယ်တွေကနေ ဖွဲ့စည်း ထားတာမျိုး။ အဲဒါမျိုး နှစ်ခုရှိတယ်။ မြန်မာပြည်မှာကျတော့ သူတို့ တရားဝင် ဖွဲ့စည်းထားတာ မရှိဘူး။ BHG ဆိုတာ ဒီ Blink Hacker Group ဆိုတာကတော့ သူတို့က ဒီ နိုင်ငံ့ ဝဘ်ဆိုဒ်တွေမှ မဟုတ်ဘူး။ ဥပမာအားဖြင့် မိုးလေဝသ ဦးထွန်းလွင်ရဲ့ ဝဘက်ဆိုဒ်ထဲ သူတို့ ဝင်တိုက်သွားတယ်။ သူတို့ ဘာ အကြောင်းပြချက်ပေးလဲဆိုတော့ အဲဒီမှာ လုံခြုံရေးအားနည်းလို့၊ လုံခြုံရေးအားနည်းတာကို ပြုပြင်ဖို့အတွက် Highlight လုပ်ပေးတဲ့သဘောမျိုး၊ ပြုပြင်ရမယ်ပေါ့။ သတိပေးတဲ့သဘောနဲ့ hack လုပ်သွားတာ။ သူတို့က နှောင့်ယှက်တာ တခုတည်းမဟုတ်ဘူး။ အားနည်းချက်ရှိနေရင်လည်း အားနည်းချက် ရှိမှန်းသိအောင်လို့ အဲဒီ ဆိုဒ် ပိုင်ရှင်ကို ပြောတဲ့ သဘောမျိုးနဲ့ သူတို့က hack လုပ်လုပ်သွားတယ် ခင်ဗျ"

"မေး။ ။ "သူတို့က ဘာလို့ Blink လို့ ပေးထားတာလဲ။"

ဖြေ။ ။ "ဟိုတုန်းက ခေါ်တာ Burmese Hacker လို့ပေးတာ။ ဘားမီးစ်ဟက်ကာ ဆိုတာကို လူသိမှာစိုးလို့ ဘလင့်ခ် ဟက်ကာ လို့ ပြန်ပြောင်းလိုက်ကြတာ။ Blink Hacker group က တော်တော်လေးကို အစွမ်းထက်တာ။ ဒီကမ္ဘာမှာ ဟက်ကာအုပ်စုထဲမှာတော့ နံပါတ် ၂ ချိတ် တယ်။"

မေး။ ။ "နံပါတ် တစ်က ဘယ်သူလဲ။"

ဖြေ။ ။ "နံပါတ် တစ်ကတော့ အမေရိကားပေါ့။ ရုရှားက အဖွဲ့တဖွဲ့ရှိတယ်။ နာမည်သေချာမသိဘူး။ အဲဒီ နှစ်ခုက အမြဲတမ်း နံပါတ်တစ် နေရာ လုလေ့ရှိတယ်။ ဗမာက အခု နံပါတ် နှစ်အထိ တက် သွားတာ။ ဟက်ခ် လုပ်တဲ့နေရာမှာ ရုရှားကတော့ နည်းပညာ တော်တော်မြင့်တဲ့ အထဲမှာ ပါတယ်။ များသောအားဖြင့် တရုတ်ပြည်ကဟာတွေ၊ ရုရှားကပဲ ယူတာများတာ။ "

မေး။ ။ "ပင်တဂွန် (အမေရိကန်စစ်ဌာန) မှာ သူတို့က အစီအစဉ် ပရိုဂရမ်တခု ဖွင့်ထားတယ်။ တက္ကသိုလ်တွေမှာပဲဖြစ်ဖြစ်၊ အထက်တန်း ကျောင်းတွေမှာပဲဖြစ်ဖြစ်။ ကျောင်းသားတွေကို ဆိုဒ် တခုပေးထားတယ်။ သူတို့ဆိုဒ်ကို ဟက်ခ်လုပ်ပါ။ လုပ်နိုင်တဲ့ကျောင်းသားနဲ့ အရည်အချင်း ပြိုင်တာပေါ့နော်။ တော်တဲ့ကျောင်းသားတွေကို သူတို့က လူသစ်စုဆောင်းတာပေါ့။ အဲဒါမျိုးက လုပ်သင့်လား၊ မလုပ်သင့်ဘူး လား။ ဘယ်လိုထင်လဲ။"

ဖြေ။ ။ "ဒါက ကောင်းပါတယ်ခင်ဗျ။ ဘာလို့လဲဆိုရင် အခုနောက်ပိုင်းဆိုရင် ဥပမာဆိုရင် နမူနာအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ ဖြစ်တဲ့ကိစ္စမျိုး၊ နိုင်ငံတခုမှာ အဲဒါမျိုးလေးတွေ ရှိတတ်တာပဲ။ နိုင်ငံတခုမှာ အဲဒါမျိုးလေးတွေ ရှိတဲ့အခါမှာ (organization) အဖွဲ့တခု ဖြစ်ဖြစ်၊ NGO တခုအနေနဲ့ ထူထောင်တာပဲဖြစ်ဖြစ် ဒီလို အရေးပေါ်ဖြစ်လာတဲ့အခါ ကိုယ့်နိုင်ငံကိုယ် အနည်းဆုံးတော့ ကာကွယ်လို့ရတာပေါ့ခင်ဗျ။ ဒါမျိုးက ဖြစ်သင့်ပါတယ်လို့ ကျနော်ထင်တယ်။"

ကွန်ပြူတာပညာရှင် ဦးဥက္ကာကြူဖေ ကပြောသွားတာပါ။
XS
SM
MD
LG