သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေ ဆိုင်ကလုံး Fani ဒဏ်ခံရမည်ကို ကုလစိုးရိမ်


ဆိုင်ကလုံး Fani
ဆိုင်ကလုံး Fani

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ဘက်ကို ဗဟိုပြုပြီး တနာရီမိုင် ၁၁၀ နှုန်း နီးပါးနဲ့ တိုက်ခတ်မယ့် လေပြင်းဆိုင်ကလုံးမုန်တိုင်း Fani ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာ လူပေါင်း သန်း ၁၀၀ ကျော်နေထိုင်တဲ့ အိန္ဒိယ အရှေ့ပိုင်း Andra Pradesh ပြည်နယ်မြောက်ပိုင်းနဲ့ Odisha ပြည်နယ် တွေမှာ ဝင်ရောက်ဖို့ ရှိနေပါတယ်။ မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးသက်လေပြင်းနဲ့အတူ မိုးရေချိန် ၁၂ လက်မအထိ ရွာသွန်း နိုင်တဲ့အတွက် ရေကြီးရေလှံျမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

Fani မုန်တိုင်းဟာ အင်အားသိပ်ကြီးမားတဲ့ ဆိုင်ကလုံး မုန်တိုင်းအသွင် ပြောင်းသွားနိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက သတိပေး ထားပါတယ်။ Fani မုန်တိုင်းဟာ သောကြာနေ့မနက်မှာ အိန္ဒိယရဲ့ လူနေထူထပ်တဲ့ Odisha ပြည်နယ်ကို မုန်တိုင်း အဆင့် ၄ ပြင်းအားနဲ့ လေပြင်း တိုက်ခတ်နှုန်းက တနာရီမိုင် ၁၃၀ နှုန်းလောက် ရှိနိုင်တယ်လို့ ပူးတွဲ Typhoon နှိုးဆော်ရေး ဌာနက သတိပေး ထားပါတယ်။

ဒီမုန်တိုင်းဟာ အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကိုလည်း ဆက်လက် ဝင်ရောက်နိုင်ချေ ရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် စိုးရိမ်ကြောင်း ဂျနီဗာက အင်္ဂါနေ့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ WMO ခေါ် ကမ္ဘာ့ မိုးလေဝဿ အဖွဲ့ကြီးရဲ့ ပြောခွင့်ရ Clare Nullis က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ကို ဝင်လာချိန်မှာ ဆိုင်ကလုံး Fani ဟာ ဘယ်လောက်ပြင်းထန်မလဲဆိုတာ မပြောနိုင်သေးပေမယ့် ဒုက္ခသည်အရေအတွက်များတာရယ်၊ ကျပ်ကျပ်တည်းတည်းနဲ့ မခိုင်ခန့်တဲ့ တဲတွေမှာ နေထိုင်ရတာကြောင့် ဆိုင်ကလုံး အပျက်အစီးဒဏ် ကကြီးမားနိုင်ပါတယ်။ ဒုက္ခသည်စခန်းတွေဟာ မြေနိမ့်တဲ့နေရာမှာ ဖြစ်တဲ့အတွက်ကြောင့် လေပြင်းရော၊ မိုးရော ရေလျှံမှုပါ ခံရမှာပါ ဒါကြောင့် ဒုက္ခသည်တွေ သိန်းနဲ့ချီရှိတဲ့ ဒီနေရာဟာ ဆိုင်ကလုံး ဒဏ်ကို အဆိုးဝါးဆုံး ခံရဖွယ်ရှိနေပါတယ်။”

WMO အနေနဲ့ မုန်တိုင်းအခြေအနေကို အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်ပြီး နှိုးဆော်ချက်တွေကို ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ မုန်တိုင်း Fani ဟာ ဘင်္ဂလားဒေ့ရှ် ဝေါဟာရဖြစ်ပြီး မြွေရဲ့ ပါးပြင်းလို့ အဓိပ္ပါယ် ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG