သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Davos ညီလာခံ တက်ရောက်ခွင့်ရ လူထုအကျိုးပြု လူငယ်ခါင်းဆောင် (၉)ဦး အနက် မြန်မာပါဝင်


Debbie Aung Din Taylor, Myanmar (Photo- Proximity Designs)
Debbie Aung Din Taylor, Myanmar (Photo- Proximity Designs)

ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာပြုလုပ်နေတဲ့ ၂၀၁၉ခုနှစ် ကမ္ဘာ့စီးပွားရေးညီလာခံမှာ နိုင်ငံတကာ လူထုအကျိုးပြုဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေထဲက ခေါင်းဆောင် (၉)ဦး ရွေးချယ် ဖိတ်ကြားခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံက ကျေးလက်နေ မိသားစုဘဝတွေ ကူညီပံ့ပိုးပေးနေတဲ့ Proximity Designs အဖွဲ့ကို တွဲဖက်တည်ထောင်သူ Debbie Aung Din ပါဝင်ပါတယ်။ သူ ဦးဆောင်တဲ့ Proximity Designs အဖွဲ့ဟာ လယ်သမားတွေအတွက် ထုတ်ကုန်တိုးတက်လာဖို့ နဲ့ ဝင်ငွေမြင့်မားလာဖို့ နည်းပညာအရရော၊ ငွေကြေးအရပါ အောင်မြင်စွာ ကူညီပံ့ပိုးပေးနိုင်ခဲ့တာတွေ့ရတယ်လို့ ကမ္ဘာ့စီးပွားရေးညီလာခံ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ Davos မြို့မှာ လေးရက်ကြာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံမှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကဏ္ဍအသီးသီးက ခေါင်းဆောင် စုစုပေါင်း ၃,၀၀၀ ကျော်ထက် မနည်းတက်ရောက်နေပါတယ်။

အဲဒီထဲမှာ အောက်ခြေလူထုကနေစပြီး ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ လူငယ်ခေါင်းဆောင်တွေလည်း ပါပါတယ်။ သူတို့တွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ နည်းပညာကဏ္ဍတွေမှာ နည်းလမ်းအသစ်တွေနဲ့ ကမ္ဘာကြီးပိုပြီးတိုးတက်စေဖို့ ခေတ်ရှေ့ပြေး ပြုပြင်ပြောင်းလဲရေး ရွံရွံချွံချွံ လုပ်ဆောင်လိုသူတွေ လည်းဖြစ်ပါတယ်။ အဲဒီသူတွေထဲက ၂၀၁၉ခုနှစ် ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ရောက်ဖို့ ရွေးချယ်ဖိတ်ကြားခံရတဲ့ နိုင်ငံတကာက လူငယ်လူလတ်ပိုင်းအရွယ် ခေါင်းဆောင် (၉) ဦးကတော့ မြန်မာ၊ အင်ဒိုနီးရှား၊ တောင်အာဖရိက၊ ကင်ညာ၊ ဗင်နီဇွဲလား၊ ဗြိတိန်၊ အမေရိကား စတဲ့ နိုင်ငံတွေကဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ Debbie Aung Din ကတော့ ကျေးလက်နေ လယ်သမားတွေရဲ့ ဘ၀ တိုးတက်အောင် ကူညီထောက်ပံ့ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၄ခုနှစ်မှာ Proximity Designs အဖွဲ့ကို တွဲဖက် တည်ထောင်ခဲ့သူဖြစ်ပါတယ်။ သူတို့ အဖွဲ့ဆောင်ရွက်ပေးနေတာတွေကို ယူကျူဗွီဒီယိုကနေ Debbie Aung Din ရှင်းပြထားတာကတော့-

" လယ်သမားတွေဟာ သူတို့စိုက်ခင်းတွေမှာ ရေရရှိရေးအတွက် လေးလံတဲ့ ရေဗုံးတွေနဲ့ ထမ်းပြီးသယ်ရတဲ့ အချိန်ပေါင်းက တနေ့ကို ၆ နာရီကနေ ၈ နာရီထိ ရှိပါတယ်။ ဒီထက်ကောင်းတဲ့ နည်းလမ်းရှိဖို့ သူတို့မှာ လိုအပ်နေတာပါ။ ဒါနဲ့ ကျမတို့လည်း ခြေထောက်နဲ့ နင်းရုံနဲ့ ရေကို တွင်းထဲကနေထွက်အောင် လုပ်တဲ့နည်းကို တပ်ဆင်ပေးပြီး ပိုက်အဆင့်ဆင့်သွယ်ပြီးတော့ သူတို့ လယ်စိုက်ခင်းတွေအတွက်လည်း ရေတွေ အလွယ်တကူရရှိစေပါတယ်။ နောက် မိသားစု သောက်ရေ၊ သုံးရေအတွက်လည်း ဒီနည်းပညာနဲ့ပဲ ကူညီပံ့ပိုးပေးနိုင်ခဲ့တဲ့အတွက် သူတို့ရဲ့ နေ့စဉ်ဘဝမှာ ပိုပြီး အဆင်ပြေစေခဲ့တာပါ။"

နောက်ပြီး Proximity Designs အဖွဲ့အနေနဲ့ လယ်သမားတွေအတွက် ငွေကြေးထောက်ပံ့မှုအစီအစဉ်အောက်မှာလည်း ငွေချေးကြောင်းနဲ့ စရိတ်သက်သာတဲ့ စိုက်ပျိုးရေး နည်းပညာတွေကိုလည်း အကြံပေးနိုင်ခဲ့တယ်လို့ Debbie Aung Din ကဆိုပါတယ်။

" တကယ်တမ်း ကျမတို့နည်းပညာပုံစံတွေကို ဆွေးနွေးတဲ့အခါမှာ တကယ်လုပ်နေတဲ့ လယ်သမားတွေကလည်း အားတက်သရော ကူညီပြောပြကြပါတယ်။ သူတို့လိုချင်တာက စရိတ်နည်း၊ ရိုးရှင်းပြီး ထွက်နှုန်းကောင်းတဲ့ နည်းပညာပဲဖြစ်တယ်လို့ ကျမတို့ကို ပြောပါတယ်။"

Proximity Designs အဖွဲဟာ အဓိကဆန်စိုက်ပျိုးတဲ့ မြို့နယ်တွေမှာ ကူညီပေးနေတာဖြစ်ပြီး နောက်ထပ် မြို့နယ်ပေါင်း ၃၀ နီးပါးကို ထပ်မံတိုးချဲ့ ကူညီပေးလိုကြောင်းလည်း Debbie Aung Din ကပြောပါတယ်။

" ကျမတို့အနေနဲ့ ဆန်အဓိကစိုက်တဲ့ မြို့နယ်ပေါင်း ၂၈ ခု ဒါမှမဟုတ် ၃၀ လောက်အထိ ထပ်ပြီး ကူညီပေးချင်ပါတယ်။ အဲဒီမှာ လယ်သမားဦးရေ သန်းနဲ့ချီ ရှိနေတာပါ။"

Proximity က တီထွင်ထုတ်လုပ်တဲ့ လယ်ယာသုံးပစ္စည်းတွေဟာ လယ်သမားတွေအတွက် တန်ဖိုးချိုသာတဲ့ နှုန်းနဲ့ သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းကစပြီး ကျေးလက်နေ မိသားစု ၁၀၀,၀၀၀ ကျော်ကို ကူညီပေးနိုင်ခဲ့သလို သူတို့ရဲ့မိသားစု ဝင်ငွေတိုးခဲ့တဲ့ ပမာဏဟာအမေရိကန် ဒေါ်လာ ၂၇၆ သန်းအထိရှိခဲ့ကြောင်း Proximity Designs ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG