သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်ရေး အကဲစမ်းမယ့် ဒေါ်စု တရုတ်ခရီးစဉ်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခချန်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခချန်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ မြန်မာနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ဆက်ဆံရေးမှာ အလွန်အရေးပါတဲ့အပြင် ဒီခရီးစဉ်ဟာ ဘက်တဖက်ကိုပဲ အလေးပေးဆက်ဆံ တာမျိုးမဟုတ်ဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေပြဖို့ လိုအပ်ကြောင်း မြန်မာအရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင်က သုံးသပ်ပါတယ်။

ဒါအပြင် အိမ်နီးချင်းတရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်ဖို့ အပြုသဘော ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာဘက်က မျှော်လင့်ထားကြောင်း ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စက်တင်ဘာလမှာ သွားရောက်မယ့် အမေရိကန်ပြည်ထောင်စုခရီးစဉ် မတိုင်ခင်မှာ တရုတ်ဝန်ကြီးချုပ် Li Keqiang ရဲ့ဖိတ်ကြားချက်နဲ့ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ငါးရက်ကြာရောက်ရှိနေတာပါ။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့ဒီမိုကရေစီရေးမှာ အစဉ်တစိုက်အားပေးထောက်ခံခဲ့တဲ့ အဓိကနိုင်ငံကြီးဖြစ်သလို တရုတ်နိုင်ငံဟာလည်း အနောက်နိုင်ငံတွေရဲ့ မြန်မာအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ ကာလတလျှောက်လုံး မြန်မာ့စီးပွားရေးမှာ အဓိကအရေးပါခဲ့တဲ့ တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ်ရှိခဲ့တာပါ။ လက်ရှိမှာလည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၅ဘီလီယံကျော် ထိရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲ ထိပ်ဆုံးကရှိနေပါတယ်။

အခုလိုအင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်ဟာ အလွန်အရေးပါသလို သူရဲ့ သံတမန်ဆက်ဆံရေးစွမ်းရည်ကိုလည်း အကဲဖြတ်မယ့်ခရီးစဉ်ဖြစ်ကြောင်း အမေရိကန်အခြေစိုက် New America ပညာရှင်အဖွဲ့က မြန်မာ့အရေးကျွမ်းကျင်သူ သုတေသီ Suzanne DiMaggio က အခုလိုသုံးသပ်ပါတယ်။

"ဒီခရီးစဉ်ကနေ ရှေ့ဆက်လျှောက်လှမ်းရမယ့် သံတမန်ဆက်ဆံရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းရည်ကို စမ်းသပ်မှာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နဲ့ အမေရိကန် အင်အားကြီး နှစ်နိုင်ငံလုံးကို ဘယ်လို ထိန်းညှိုဆက်ဆံမလဲဆိုတဲ့အချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုဖြစ်ပါတယ်။"

ဒီအင်အားကြီး နှစ်နိုင်ငံလုံးမှာလည်း သံသယတွေရှိနေမှာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိက အာရုံစိုက်ဖို့ လိုအပ်တာဟာ ဒီခရီးစဉ်ဟာ တဖက်ကိုပဲ အလေးပေးဆက်ဆံတာမျိုး မဟုတ်ဘူးဆိုတာ သူတို့ယုံကြည်အောင် လုပ်ပြနိုင်ဖို့ပါ။ ဒါမှသာ NLD အစိုးရလက်ထက်မှာ ခိုင်မာပြီး အကျိုးဖြစ်ထွန်းစေတဲ့ ဆက်ဆံရေးမျိုးရှိနေတာဆိုတာ တရုတ်နဲ့ အမေရိကန် နှစ်ဖက်စလုံးက လက်ခံမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တရုတ်အစိုးရဘက်က ဦးစားပေးဆွေးနွေးမယ့် အကြောင်းအရာ တွေထဲ မြစ်ဆုံဆည်စီမံကိန်းအပြင် မြန်မာနိုင်ငံမှာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံထားတဲ့ အခြားစီမံကိန်းကြီးတွေကိစ္စလည်း ရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့ Suzanne DiMaggio ရဲ့ အမြင်ကတော့

"ဒါနဲ့ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က သိပ်ပြီးပါးနပ်တယ်လို့ ကျမမြင်ပါတယ်။ မြစ်ဆုံဆည်ကိစ္စတခုတည်းမဟုတ်ပဲ အခြားရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းကြီးတွေနဲ့ပတ်သက်လို့ တရုတ်ဘက်ကမေးလာမယ့် မေးခွန်းအတွက် ပြင်ဆင်ဖို့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းလိုက်တာပါ။ ဒီအဖွဲ့အနေနဲ့လည်း ဆုံးဖြတ်ချက်တွေချဖို့ အချိန် တလလောက်ယူရမှာဖြစ်ပါတယ်။ ဒီအချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဓိကပါဝင်နေတဲ့ လူတွေနဲ့တွေ့ဆုံပြီးတော့ လူတိုင်းမဟုတ်ပေမဲ့ အများစု ကျေနပ်စေတဲ့ အဖြေထွက်လာဖို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဘက်က ဦးစားပေးဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ခြမ်း တရုတ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဒေသတွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအောင်မြင်ဖို့ တရုတ်ရဲ့ ပံပိုးကူညီမှု အသေအချာရအောင် ဆွေးနွေးမှာဖြစ်တယ်လို့ Suzanne DiMaggio ကသုံးသပ်ပါတယ်။

"မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အောင်မြင်ဖို့ တရုတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က ကောင်းကောင်းသိနေပါတယ်။ ကောင်းတဲ့သတင်းကတော့ တရုတ်ရဲ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအခြေအနေဆိုးရွားစေတဲ့ နယ်စပ်တလျောက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အခြေအနေတင်းမာမှုဟာ တည်ငြိမ်စပြုလာနေပြီးဆိုတာကို တရုတ်အစိုးရက မကြာခင်နှစ်တွေအတွင်းက အသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအပိုင်းမှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှုအတိုင်းအတာဟာ ဝင်ရောက်စွက်ဖက်တဲ့အဆင့်မျိုးရောက်မရောက် စောင့်ကြည့်ဖို့လိုပြီး အပြုသဘောဆောင်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ငြိမ်းချမ်းရေးကိစ္စအောင်မြင်ဖို့ တရုတ်ရဲ့ပူးပေါင်းဆောင်ရွက်မှုသေချာအောင် အဓိကဆွေးနွေးချက်တွေထဲမှာ ထည့်သွင်းဆွေးနွေးပါလိမ့်မယ်။"

တရုတ်နိုင်ငံကို ငါးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ မနေ့က တွေ့ဆုံရာမှာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်စီးပွားရေး နဲ့ လမ်းပမ်းဆက်သွယ်ရေးအတွက် မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာအရှေ့မြောက်နယ်စပ်နဲ့ မိုင် (၂၀)အကွာ ကွမ်းလုံမြို့မှာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်တဲ့ တံတားတည်ဆောက်ရေး သဘောတူစာချုပ်ကိုလည်း ချုပ်ဆိုနိုင်ခဲ့တာပါ။

ဒီကနေ့ သောကြာနေ့မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေဆုံဖို့ရှိပါတယ်။ ဒါအပြင် ခရီးစဉ်အတွင်း တရုတ်ရဲ့ရင်းနှီးမြှုပ်မှုစီမံကိန်းကြီးတွေထဲမှာ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ လက်ပံတောင်း ကြေးနီစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် အခြားစွမ်းအင်ဆိုင်ရာနည်းပညာအကူအညီတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အစိုးရကြား ဆွေးနွေးဖို့ရှိပါတယ်။ သူနဲ့အတူ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းနဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG