သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ဦးအောင်ရွှေ ကို ပြည်ထောင်စုသန္နိဋ္ဌာန်နဲ့ ဂုဏ်ပြုဖို့ ဒေါ်စုတိုက်တွန်း


စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာရေးအတွက် မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေကို ဂုဏ်ပြုရာမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ဂုဏ်ပြုကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားလိုက်ပါတယ်။ အပြည့်အစုံကို ဒီကနေ့ ရေဝေးသုသာန်မှာ ကျင်းပတဲ့ ဦးအောင်ရွှေရဲ့ဈာပနအခမ်းအနားကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ကိုစည်သူက ပြောပြပေးမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရပ်တည်ရေး အတွက်တင်မဟုတ်ပဲ ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေကို ပါတီခေါင်းဆောင်ဟောင်းတစ်ဦးအနေနဲ့သာမက တပ်မတော်သားဟောင်းတစ်ဦးအဖြစ်ရော၊ သံအမတ်ကြီးဟောင်းတစ်ဦးအနေနဲ့ပါ လေးစားဂုဏ်ပြုကြောင်း ဦးအောင်ရွှေရဲ့ ဈာပနမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။

" ဒီနှစ် ၃၀ နီးပါးမှာ ဘဘဦးအောင်ရွှေက ရှေ့ကနေပြီးတော့အတူ ကျမတို့နဲ့လျှောက်ခဲ့တာလည်းပါတယ်။ ဘေးကနေပြီးတော့ ကျမတို့ကို ထောက်ခံခဲ့တာ၊ အားပေးခဲ့တာလည်းပါတယ်။ ဒီတချိန်လုံးမှာ ဘဘဦးအောင်ရွှေရဲ့ စိတ်ဓါတ်ဟာ ဒီမိုကရေစီ ရရှိရေး ဒီနိုင်ငံ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ အဖြစ်နဲ့ ရပ်တည်ရေး အတွက်ကို အမြဲပဲ မားမားမတ်မတ် ရှိခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဘဘဦးအောင်ရွှေကို ဂုဏ်ပြုတဲ့ အခါပုဂ္ဂိုလ်တစ်ဦးအနေနဲ့ဂုဏ်ပြုတာဖြစ်ပါတယ်။ တပ်မတော်အရာရှိဟောင်းအနေနဲ့ ဂုဏ်ပြုတာဖြစ်ပါတယ်။ သံအမတ်ကြီးဟောင်းတစ်ဦးအနေနဲ့ဂုဏ်ပြုတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲကချုပ်ရဲ့ဥက္ကဋ္ဌဟောင်း ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်တစ်ဦးအနေနဲ့ ကျွန်မဂုဏ်ပြုတာဖြစ်ပါတယ်။ အဲဒီလိုဂုဏ်ပြုတဲ့အခါမှာ တကယ့်ကိုဂုဏ်ပြုတဲ့နည်းကတော့ ရိုးရိုးလေးပါပဲ။ ကျွန်မတို့အားလုံး စစ်မှန်တဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန် နဲ့ဂုဏ်ပြုတာဟာ အကောင်းဆုံး ဂုဏ်ပြုတာဖြစ်ပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။"

ဦးအောင်ရွှေဟာ ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ် ကျခံနေရချိန်နောက်ပိုင်း ပါတီဥက္ကဋ္ဌ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေဟာ ကိုယ်ကျိုးအတွက် နာမည်ရဖို့အတွက်တွေမဟုတ်ပဲ တာဝန်သိစိတ်နဲ့ အများအကျိုးဆောင်ရွက်ခဲ့သူအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

"ဘဘဟာ ကိုယ်ကျိုးအတွက်လည်းမဟုတ်ဘူး။ နာမည်ရဖို့လည်းမဟုတ်ဘူး။ တာဝန်အသိစိတ်နဲ့ အသက်ကိုးဆယ်ကျော်တဲ့အထိ ကျွန်မတို့အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းကျွန်မတို့အဖွဲ့ချုပ်မှာ ဒီကနေ့အထိ ဒီမိုကရေစီလမ်းပေါ်လျှောက်ခဲ့တဲ့အခါမှာ ဘဘကနေပြီးတော့ ၉၀ ကျော်မှ ဘေးမှာထိုင်တာဖြစ်ပါတယ်။ ဘေးမှာထိုင်တယ်ဆိုပေမယ့် ကျွန်မသတိပြုမိတာက ဘဘရဲ့စိတ်ဓာတ်ရော ဘဘရဲ့ဦးနှောက်ပါ လုံးဝကျဆင်းသွားတယ်ဆိုတာမရှိပါဘူး။ နောက်ဆုံးအကြိမ် ကျွန်မဘဘနဲ့တွေ့တဲ့အခါကျတော့လည်း ဘဘအနေနဲ့ လူကလည်းကျန်းမာတယ်၊ စိတ်ကလည်း ထက်ထက်မြက်မြက် ရှိပါတယ်။ ရှေ့နေတွေကိစ္စ အကြောင်းမေးတာမြန်းတာများ ကျွန်မ အံ့အားသင့်တယ်။ ဘာဖြစ်လို့ဆိုတော့ အားလုံးသိတယ်။ နောက်ပြီး သုံးသပ်တဲ့နေရာမှာလည်း အင်မတန်မှ နိုင်ငံရေးအမြင် မမှေးမမှိန်ရှိတယ်ဆိုတာ ကျွန်မ သတိပြုမိပါတယ်။ ဒီတော့ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီလိုခေါင်းဆောင်ကောင်းတစ်ယောက်ရခဲ့တာ အင်မတန်မှ ကံကောင်းပါတယ်။"

ဒီကနေ့ကျင်းပတဲ့ ဦးအောင်ရွှေရဲ့ ဈာပနအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးဝင်းထိန်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တွေအပြင် NLD တာဝန်ရှိသူတွေနဲ့ ပါတီဝင်အတော်များများ လာရောက်ဂါရဝပြုခဲ့ကြပါတယ်။

ဦးအောင်ရွှေကို ၁၉၁၈ ခုနှစ်မှာ ပဲခူးတိုင်း၊ သဲကုန်းမြို့မှာမွေးဖွားခဲ့ပြီး ၁၉၄၀ မှာ ရန်ကုန်တက္ကသိုလ်ကနေ အင်္ဂလိပ်စာနဲ့ဘွဲ့ရခဲ့ပါတယ်။ ဦးအောင်ရွှေဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်နဲ့ ဗမာ့မျိုးချစ်တပ်မတော်တွေမှာ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၅ ထိ အမှုထမ်းခဲ့သူဖြစ်ပြီး လွတ်လပ်ရေး မော်ကွန်းဝင် ပဌမဆင့်၊ စည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ မော်ကွန်းဝင် ပထမဆင့် ရရှိခဲ့သူဖြစ်ပါတယ်။

၁၉၅၈ အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်မှူးချုပ်တာဝန်ထမ်းရွက်ခဲ့ပြီးတဲ့နောက် ၁၉၆၁ ခုနှစ်မှာ တပ်မတော်ကအငြိမ်းစားပေးခြင်းခံခဲ့ရပြီး ၁၉၆၁ ကနေ ၁၉၇၅ ခုနှစ်ထိ သြစတြေးလျ၊ နယူးဇီလန်၊ အီဂျစ် နဲ့ ပြင်သစ်နိုင်ငံတွေမှာ မြန်မာနိုင်ငံသံအမတ်ကြီးတာဝန်အပြင် စပိန်ယူနက်စကိုအဖွဲ့တွင်ပါ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် တပ်မှူးဟောင်းများအဖွဲ့တွင် ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ရာတွင်ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ကနေဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရပါတယ်။ ဦးအောင်ရွှေဟာ ၂၀၀၈ ခုနှစ်ကျမှ ကျန်းမာရေးအရ ပါတီတာဝန်တွေကနေ အနားယူခဲ့ပြီးတော့ ကွယ်လွန်ချိန်မှာ အသက် (၁၀၁) နှစ်ရှိပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG