သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူမိန့်ခွန်း မြန်မာအပေါ် ဖိအားပေးမှုလျော့ဖို့မေ ျှာ်လင့်


 စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး သူ့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ညစာတည်ခင်းအပြီး (credit- စင်္ကာပူ FM- Dr. Vivian Balakrishnan)
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး သူ့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ညစာတည်ခင်းအပြီး (credit- စင်္ကာပူ FM- Dr. Vivian Balakrishnan)

“မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စိန်ခေါ်ချက်များနဲ့ ရှေ့ခရီးလမ်း” ဆိုတဲ့ခေါင်းစဉ်နဲ့ စင်္ကာပူနိုင်ငံမှာ ဒီကနေ့ နေ့လည်ပိုင်းပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေကြောင့် မြန်မာအစိုးရ လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာဖိအားတွေ အတိုင်းအတာတခုထိ လျော့ကျသွား နိုင်တယ်လို့ စင်္ကာပူရောက် မြန်မာမိသားစုတွေက သုံးသပ်ကြပါတယ်။ Singapore Lecture ဆိုတဲ့ မူဝါဒရေးရာ မိန့်ခွန်းပြောကြားဖို့ စင်္ကာပူနိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အကျိုးစီးပွားအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး ရလာနိုင်တယ်လို့ မျှော်လင့်နေကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong လီရှမ်လွန်းရဲ့ဖိတ်ကြားချက်အရ သြဂုတ်လ ၂၁ရက် ဒီကနေ့ စင်္ကာပူစံတော်ချိန် နေ့လည် ၃ နာရီ ၁၅ မိနစ်ကနေ ၄ နာရီ ၁၅ မိနစ်အထိ (မြန်မာစံတော်ချိန် အင်္ဂါနေ့လည် ၁ နာရီ ၄၅ မိနစ်ကနေ ၂ နာရီ ၄၅ မိနစ်အထိ) ၁ နာရီကြာ Grand Hyatt ဟိုတယ်မှာ “မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ စိန်ခေါ်ချက်များနဲ့ ရှေ့ခရီးလမ်း” (Myanmar’s Democratic Transition: Challenges and Way Forward) ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမှာဖြစ်ပါတယ်။

ဒေါ်စုရဲ့ Singapore Lecture ဟောပြောချက်ထဲမှာ နိုင်ငံတကာက ဖိအားပေးနေကြတဲ့ ရခိုင်ဒေသက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေလို ကိစ္စမျိုး၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်ငြိမ်းချမ်းရေး မအောင်မြင်နိုင်သေးတဲ့ စိန်ခေါ်ချက်တွေကို ထည့်သွင်း ရှင်းပြလိမ့်မယ်လို့ မျှော်လင့်နေကြ တာပါ။

Singapore Lecture ကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အစိုးရပိုင်းဆိုင်ရာ မူဝါဒချမှတ်သူတွေ နားထောင်လေ့ရှိတာကြောင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ဟောပြောချက်တွေအပြီးမှာ နိုင်ငံတကာဖိအားတွေ အတိုင်းအတာတခုထိ လျော့သွားနိုင်တယ်လို့ စင်္ကာပူနိုင်ငံက မြန်မာ့အရေးလှုပ်ရှားနေသူ ဦးတင်မောင်ဝင်းက ပြောပါတယ်။

"ရခိုင်ကိစ္စကိုလည်း ထပ်ပြီးတော့ သူရှင်းပြလိမ့်မယ်လို့ ကျနော်ယူဆတယ်။ ငြိမ်းချမ်းရေးကိစ္စပေါ့ ဒါကိုလည်းသူ အခက်အခဲတွေရော ကြုံတွေ့နေရတာတွေရော ရှင်းပြလိမ့်မယ်လို့ထင်တယ်လေ။ သူရှင်းပြတာကို နိုင်ငံတကာကသိပြီးတော့ ဖိအားပေ့ါလေ Pressure လေးနည်းနည်းလျော့မယ်လို့ ကျနော်တို့ မျော်လင့်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ စင်္ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးလာနိုင်တယ်လို့ မျှော်လင့်သူကတော့ စင်္ကာပူ အခြေစိုက် မအေးသန္တာဖြစ်ပါတယ်။

"စင်္ကာပူအစိုးရနဲ့ မြန်မာအစိုးရ ကြားမှာ ကျမထင်တာကတော့ Investment treaty သဘောမျိုး၊ ရင်းနှီးမြုပ်နှံဖို့အတွက် သဘောတူညီမှု စာချုပ်ချုပ်မယ်လို့လဲ ကျမကြားထားတယ် အဲဒီအခါကျတော့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ စင်္ကာပူက စီးပွားရေးသမားတွေ သူတို့အနေနဲ့ကလည်း ဒါကို သူတို့အတွက်ဘယ်လောက် benefit ရမယ်ဆိုတာတွေကို သိချင်မှာပေါ့နော်။ မြန်မာနိုင်ငံအတွက် စင်္ကာပူက investor တွေရောက်လာဖို့က အများကြီး အခွင့်အရေး ရှိပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူကို ရောက်ရှိအပြီး သြဂုတ်(၂၀) တနင်္လာညက စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ Vivian Balakrishnan မိသားစုက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမြင်တွေကို ဖလှယ်ခဲ့ကြတယ်လို့ ဒေါက်တာ Balakrishnan ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

Singapore Lecture မှာ ဒေါ်အောင်ဆန်းစုကြည်ကို ၄၃ ကြိမ်မြောက် ဟောပြောသူအဖြစ် ဖိတ်ကြားခဲ့တာဖြစ်ပြီး ၄၂ ကြိမ်မြောက်တုန်းကတော့ တောင်ကိုရီးယားသမ္မတ Moon Jae-in ဖြစ်ပါတယ်။ မူဝါဒရေးရာ မိန့်ခွန်းတွေပြောရတဲ့ အဲဒီအစီအစဉ်မှာ အရင်တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟင်နရီကစ်ဆင်ဂျား၊ အမေရိကန်သမ္မတ ဂျော့ဘုရှ်၊ တောင်အာဖရိက သမ္မတ နယ်ဆင်မန်ဒဲလ်လားနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဟောပြောခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG