သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုစီးပွားဖွံဖြိုးရေးနဲ့ အမျိုးသမီးထုရဲ့ အရေးပါမှု ဒေါ်စုထောက်ပြ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့လူမှုရေးတိုးတက်ပြောင်းလဲမှုတွေအတွက် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတာကြောင့်၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ မြင့်တက်လာဖို့ အားပေးလုပ်ဆောင်ရလိမ့်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ အာဆီယံ စီးပွားရေးနဲ့ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီးညီလာခံ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားတာပါ။ ဒီအကြောင်း သတင်းကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ စတင်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးတွေကို တတ်ရောက်ဖို့ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး၊ ဒီကနေ့မှာ ပြုလုပ်တဲ့ အာဆီယံ စီးပွားရေးနဲ့ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ထိပ်သီးညီလာခံအတွင်း မိန့်ခွန်းတရပ်ပြောဆိုသွားပါတယ်။ စီးပွားရေးမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု မြင့်တင်ပေးဖို့ အလေးပေးပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းလာပြီဖြစ်ပေမယ့်၊ နှစ်ပေါင်းများစွာကြာအောင် အထီးကျန်ဖြစ်ခဲ့တဲ့အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ အခက်အခဲများစွာရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောဆိုပါတယ်။ ဒါပေမယ့်လည်း ပြည်သူအားလုံးပါဝင်နိုင်ပြီး ခိုင်မာတောင့်တိုင်းတဲ့ စီးပွားရေးဖြစ်လာစေရေး ဆောင်ရွက်ဖို့ သူ့အစိုးရအနေနဲ့ ပိုင်းဖြတ်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ မြန်မာ့စီးပွားရေးဖွံဖြိုးမှုနဲ့ပတ်သက်လို့ ပြောရာမှာတော့ မြန်မာအမျိုးသမီးတွေရဲ့ ကဏ္ဍကို အထူးအလေးပေးပြောခဲ့ပါတယ်။

“ကျမတို့ မြန်မာမိသားစုတွေရဲ့ စီးပွားရေးဖူလုံနိုင်အောင် အမျိုးသမီးတွေအပေါ် မှီနေရပါတယ်။ ဒါကြောင့်လည်း လူငယ်လုပ်ငန်းရှင်တွေရဲ့ ၄၉ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်နေတယ်ဆိုတာ သိပ်အံသြစရာမရှိပါဘူး။ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အမျိုးသမီးတွေ တတ်တတ်ကြွကြွ ပါဝင်ဆောင်ရွက်နေတာကို တွေ့ရတာ အင်မတန်ဝမ်းမြောက်စရာပါ။ ဒါ့အပြင် ကလေးငယ်တွေရဲ့ အနာဂတ်ကောင်းမွန်ဖို့အတွက် စွန့်လွတ်အနစ်နာခံပြီးတော့ အခက်အခဲမျိုးစုံကို အံတုရင်ဆိုင်နေရတဲ့ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေကိုတွေ့ရတာ အင်မတန်ကို အားတတ်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် ဒီ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တက်လာဖို့ သူတို့ကိုယ်တိုင်ကရော သူတို့မိသားစုကပါ အားပေးဆောင်ရွက်ရမှာပါ။”

မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးပြောင်းလဲဖွံဖြိုးမှုတွေမှာ မြန်မာအမျိုးသမီးတွေ တတ်တတ်ကြွကြွ ဦးဆောင်ပါဝင်နေကြပေမယ့်လို့ အခြား အမျိုးသားတွေနည်းတူ စိန်ခေါ်ချက်တွေ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။ တဖက်မှာ မြန်မာလူမှု အစဉ်အလာအရ အတားအဆီးတွေလည်း ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။

“မြန်မာအမျိုးသမီးတွေ ဦးဆောင်တဲ့ လုပ်ငန်းအများစုဟာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့မှာ စိန်ခေါ်အကဲစမ်းချက်တွေက နေရာတိုင်းမှာရှိပါတယ်။ ငွေကြေးအရင်းအနှီးရရှိဖို့၊ ဈေးကွက်ရဖို့၊ မြေနေရာ ရရှိဖို့၊ သတင်းအချက်အလက်ရရှိဖို့၊ နည်းပညာရရှိဖို့ အခက်အခဲတွေ မျိုးစုံရှိနေပါတယ်။ ဒီလို စိန်ခေါ်ချက်တွေတင်မကပါဘူး။ အမျိုးသမီးအပေါ် ခွဲခြားဆက်ဆံမှုတွေလည်း ရင်ဆိုင်ကြရပါတယ်။ ကျမတို့နိုင်ငံမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုမရှိဘူးလို့ ပြောကြပါတယ်။ ဒါ မှားပါတယ်။ အစဉ်အလာအရဆိုရင် အမျိုးသားတွေဟာ ပိုပြီးမြင့်မြတ်တယ်လို့ ရှုမြင်ကြပါတယ်။ သားကိုသခင် လင်ကိုဘုရား ဆိုတဲ့ မြန်မာစကားပုံရှိပါတယ်။ ကျမကတော့ ဒါကို သိပ်မဘောမတူပါဘူး။”

စီးပွားဖွံဖြိုးတိုးတက်ရေးမှာ လူသားအရင်းအမြစ်က အရေးပါတာမို့။ ဒီနေရာမှာ ဦးဆောင်နေကြတဲ့ အမျိုးသမီးတွေရဲ့ စွမ်းရည်မြင့်တင်ဖို့ကိစ္စကလည်း တပြိုင်တည်း အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ အမျိုးသမီးတွေ ရင်ဆိုင်ရေတဲ့ ဒီလို အတားအဆီးအခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ရာ နိုင်ငံအနေနဲ့ အစီအမံတွေကို စနစ်တကျ ပြင်ဆင်ဆောင်ရွက်ပေးရမယ်လို့ ဒေါ်အာင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီလို လူမှုအတားအဆီးတွေကို ကျော်ဖြတ်ရင်ဆိုင်ဖို့၊ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်ကို မြင့်တင်ဖို့နဲ့ ကျမတို့နိုင်ငံံဖွံဖြိုးရေးမှာ စီးပွားအင်အားတိုးတက်လာဖို့ အမျိုးသမီးတွေကို အားပေးမြင့်တင်နိုင်မယ့် အစီအမံတွေ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။”

အမျိုးသမီးတွေကို စွမ်းရည်မြင့်တင်ပေးတာနဲ့အတူပဲ အမျိုးသမီးတွေရဲ့ အခွင့်အရေး အထူးသဖြင့်တော့ မိခင်လောင်းကျန်းမာရေးနဲ့ အမျိုးသမီးတွေအတွက် လူမှုအကာအကွယ်ပေးရေးအစီအမံတွေကိုပါ ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။ ၁၉၉၅ Beijing ကြေညာချက်ပါ အမျိုးသမီးအခွင့်အရေးတွေနဲ့အညီ၊ အမျိုးသမီးတွေ ဘ၀ တိုးတက်ကောင်းမွန်လာစေဖို့ ၁၀နှစ်တာ မဟာဗျူဟာစီမံကိန်းတရပ်ကို မြန်မာနိုင်ငံအနေနဲ့ ချမှတ်ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အခြား အာဆီယံနိုင်ငံတွေအနေနဲ့လည်း အမျိုးသမီးတွေအတွက် အလားတူ စီမံဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG