သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက် ၁၀၀ အစိုးရသစ် အပေါ် အမြင်


အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ။ (သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန)
အစိုးရသစ်၏ ပထမရက် ၁၀၀ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ။ (သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန)

NLD အစိုးရသစ်ရဲ့ ပထမရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ NLD အစိုးရသစ်ရဲ့ ဆောင်ရွက် ချက်တွေ ထဲမှာ အားသာမှုတွေရှိသလို မူဝါဒရေးရာပိုင်းမှာ ပြတ်သား ရှင်းလင်းမှု မရှိသေးဘူးလို့ ဝေဖန်သုံးသပ်ချက်တွေလည်းရှိနေပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

အစိုးရ ရက်၁၀၀ သတင်းစာရှင်းလင်းပွဲ
အစိုးရ ရက်၁၀၀ သတင်းစာရှင်းလင်းပွဲ

အစိုးရသစ်လက်ထက်မှာ သိသာထင်ရှားတဲ့အပြောင်းအလဲတခုကတော့ အမည်မည်း စာရင်း၊ စောင့်ကြည့်စာရင်းမှာပါနေတဲ့သူတွေထဲ တိုင်းပြည် အကျိုးအတွက် တဖက်တလမ်းကဆောင်ရွက်နိုင်မယ့်သူတွေ ပြည်ဝင်ခွင့်ရရှိရေးကို အရင်အစိုးရတွေ လက်ထက်ကထက် အများကြီးဆောင်ရွက်နိုင် ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက အခုလိုပြောသွားပါတယ်။

" အရင် ဘယ်လောက်တင်းကျပ်သလဲဆိုတော့ တော်တော်လေး တင်းကျပ်ပါတယ်။ အဲ့တော့ ဘယ်လောက်လျော့ပေး သလဲဆိုရင် တော်တော်လေး လျော့ပေး ထားပါတယ်။ အဓိက ကဆိုရင် အထူးသဖြင့်တော့ ပြည်ပမှာ ရောက်နေတဲ့ ဆရာဝန်ကြီးတွေ သူတို့ဟာ ပြန်လုပ်မယ်။ အဲ့ဒီ့မှာ ကျနော်တို့က သူတို့ ဘယ်လောက် ပံ့ပိုးနိုင်မလဲဆိုတာ အဓိက အဆင်ပြေအောင် စီမံရပါတယ် စီစဉ်ပေးပါတယ်။ တချို့ဆိုလို့ရှိရင် လေဆိပ်ရောက်လာတယ်။ တချို့ဆိုရင် ပြန်လှည့်သွားရတာ ရှိခဲ့တယ်။ တချို့ကတော့ ဝင်လာလို့ရတယ်။ ကျနော်တို့ကတော့ ဒီလူဟာ ဘယ်လောက် ကိုယ့်နိုင်ငံရဲ့တိုင်းပြည်ကို ဘယ်လောက် ပံ့ပိုးနိုင်မလဲဆိုတဲ့ အဓိက သူ့ရဲ့ တန်ဖိုးကိုကြည့်ပြီး အတတ်နိုင်ဆုံး စီစဉ်ပေးပါတယ်။"

ဒီလိုဆောင်ရွက်နိုင်ဖို့အတွက်လဲ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်ထဲရေး၊ စီးပွားရေး၊ နယ်စပ်ရေးရာ စတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိုနှိုင်း၊ ပူးပေါင်းဆောင်ရွက်ခဲ့ရတယ်လို့လည်း ဦးကျော်ဇေယျက ဆိုပါတယ်။

လူထုအစိုးရတက်လာပြီးနောက် ရခိုင်၊ ကချင်နဲ့ ကရင် စတဲ့ပြည်နယ်တွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ကိစ္စ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရဲနိုင် ကပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင်အလုံအလောက်ရရှိရေး ဘတ်ဂျက် ဘဏ္ဍာငွေအပါအဝင် အကန့်အသတ် အခက်အခဲတွေ ရှိနေတာနဲ့ ပတ်သက် လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

"ရေအားကလည်း အများသိတဲ့အတိုင်းပဲ ပတ်ဝန်းကျင်ထိခိုက်မှုကို အကြောင်းပြပြီးတော့ ကျျနော်တို့ စီမံကိန်းတွေဟာ နှောင့်နှေးနေတာတွေရှိပါတယ်။ ကျနော်တို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဆိုတာက သံယံဇာတကို ထုတ်သုံးရတဲ့ ဝန်ကြီးဌာနဖြစ်တယ်။ သယံဇာတကို ထုတ်သုံးပြီးတော့မှ ပြည်သူလူထုကို ဝန်ဆောင်မှု ပေးရတဲ့ဌာနဖြစ်တယ်။ သဘာဝသယံဇာတကို ထုတ်သုံးပြီဆိုတာနဲ့ သူ့ရဲ့ side effects သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာ ဖြစ်စမြဲပဲထုံးစံပါပဲ။ ဆိုတဲ့အခါကျတော့ ကျနော်တို့ ဒီဟာကိုတော့ ရှောင်လွှဲလို့မရဘူး။ ကျနော်တို့ ဒီအရင်းအမြစ်မှ မသုံးရင်လည်းပဲ ကျနော်တို့တိုင်းပြည်ကို ကျနော်တို့ ဘယ်လိုလုပ် မီးပေးမလဲ။ ဟုတ်တယ်မဟုတ်လား။ သဘာဝဓာတ်ငွေ့မရှိဘူး။ ရေကိုလည်း ကန့်သတ်ထားတယ်။ ဘယ်လိုလုပ်မီးပေးမလဲ၊ ကျနော်တို့ မီးမရရင်တော့ စဉ်းစားကြည့်လေ။...။"

အခုလို နှစ်ပေါင်း (၆၀)အတွင်း ပထမဆုံးအကြိမ် အရပ်သားအစိုးရဖြစ်လာတဲ့ NLD အစိုးရအနေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေရှိနေပေမယ့်၊ အစိုးရ တရပ်အနေနဲ့ မူဝါဒရေးရာအပိုင်းမှာတော့ အားနည်းချက်တွေရှိနေကြောင်း ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာ တာဝန်ခံ ကိုမြအေးက ပြောပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်တဲ့ တိကျတဲ့ပေါ်လစီတွေ၊ ဖက်ဒရယ်ပြည်ထောင်စု ကို တည်ဆောက်ဖို့အတွက် ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ အခြေအနေတွေ နောက် တခါ တိုင်းပြည်နဲ့ပတ်သက်တဲ့ စီးပွားရေး စီးပွားရေးနဲ့ပတ်သက်ပြီးတော့ FDI စီးပွားရေး ရင်းနှီးမြှုုပ်နှံမှုတွေ ဘယ်လိုဝင်လာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အခြေအနေ ပေါ်လစီမျိုး ချမှတ်တာမျိုး ဥပဒေပြဌာန်းတာမျိုး ပေါ်လစီကိုတော့ ရက်တရာအတွင်းမှာ ထင်ထင်ရှားရှား မြင်သာတဲ့အခြေအနေမျိုး မမြင်ပါဘူး။ ဒါကြောင့်မို့ ရှေ့လျောက်သွားမယ့်ကိစ္စတွေမှာ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပေါ်လစီတွေ ချမှတ်တာကို ထင်သာမြင်သာရှိတဲ့ အခြေအနေမျိုးဖြစ်စေချင်ပါတယ်လို့ ပြောချင်ပါတယ်။"

အလားတူ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေဘက်က မူဝါဒရေးရာတွေ ကို ရှင်းရှင်းလင်းလင်းပြောဆိုနိုင်ခြင်း မရှိခဲ့ဘူးလို့ မြန်မာသတင်းပညာသိပ္ပံရဲ့ သင်တန်း ညွန်ကြားရေးမှူး ကိုစိန်ဝင်းကပြောပါတယ်။

"သတင်းတိုက်တွေဘက်က အများကြီးမျှော်လင့်ထားပေမဲ့ တကယ့်တကယ်ကျတော့ အများကြီး မရသွားဘူး။ သတင်းက ဘာဖြစ်လို့လဲဆိုတော့ အစိုးရဘက်က ဖြေတဲ့ သူတွေက အကြောင်းအရာ နားလည်တယ် နောက် ဖြေပုံဖြေနည်း က ဝေ့ဝိုက်တာပေါ့နော်။ အများအားဖြင့်တော့ Dry ဖြစ်တာများတယ်။ တချို့တော့ Facts တွေကတော့ရပါတယ်။ ဒါပေမဲ့ သတင်းဘက်က ကြည့်ရင် အားကောင်းတဲ့အကြောင်းအရာ ရတာနည်းသွားတယ်။ အထူးသဖြင့် ဒီလိုမျိုး သတင်းစာရှင်းလင်းပွဲက ပေါ်လစီကို အဓိက ထားပြီး ပြောကြရတာပေါ့နော်။ အဲ့တာမျိုးလုပ်နိုင်ရင်ကောင်းမယ်။"

NLD အစိုးရရဲ့ ပထမ ရက် (၁၀၀)စီမံကိန်းဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ကျန်တဲ့ဝန်ကြီးဌာနတွေအနေနဲ့ သြဂုတ်လ (၁၆)ရက်နေ့ကနေ (၃၀) ရက်နေ့အထိ သတင်းစာရှင်းလင်းပွဲတွေ ကျင်းပဖို့ရှိပါတယ်။

ရက်တရာ အစိုးရသစ် အပေါ် အမြင်
please wait

No media source currently available

0:00 0:04:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG