ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရသစ်တက်လာတာ ရက်ပေါင်း (၁၀၀) ရှိလာချိန်မှာပဲ၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် အားရသူ၊ အားမရသူတွေနဲ့ အမြင်အမျိုးမျိုး ရှိနေကြပါတယ်။ အစိုးရအနေနဲ့ အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခဲ့တာတွေအပေါ် အားရကျေနပ်သူတွေ ရှိသလို၊ ကတိပေးထားသလောက် အကောင်အထည် မဖော်နိုင်ဘူး လို့ မြင်သူတွေ၊ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ရမယ့် ပြဿနာတွေ ကျန်သေးတယ်လို့ ပြောသူတွေလည်း ရှိပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရခဲ့ပြီးနောက် ဆယ်စုနှစ်တွေအတွင်း အရပ်သားစစ်စစ် အစိုးရဖြစ်လာတဲ့ NLD အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲရေး ကတိတွေနဲ့အတူ ရက်ပေါင်း ၁၀၀ အတွင်း အကောင်အထည်ဖော်မယ့် အစီအစဉ်တွေ ကိုလည်း ချပြထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အစိုးရရဲ့ ဆောင်ရွက် ချက်တွေဟာ ရက်ပေါင်း ၁၀၀ အတွင်း မျှော်လင့် ထား သလောက် ဖြစ်မလာဘူးလို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက မြင်ပါတယ်။
" ကျနော် အားမရဆုံး ကိစ္စတခုကို ပြောပါဆိုရင်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စပဲဗျ။ ဥပမာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကနေပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ ကြေညာချက် ထုတ်ရုံလောက်နဲ့ မလုံလောက်ဘူးလို့ ကျနော်ကတော့ မြင်ပါတယ်။ အဲ့ဒီ့တော့ ရက်တရာ ကာလ အတွင်းမှာ အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ပတ်သက်ပြီးတော့ အခြေခံကောင်းတွေ မချမှတ်နိုင်ခဲ့ဘူးလို့ ကျနော်ကတော့မြင်ပါတယ်။ လူထုထဲမှာ ဒီ အဂတိလိုက်စားမှုကို အမျိုးသားလှုပ်ရှားမှုအသွင်နဲ့ စတင်နိုင်ဖို့ ဒီရက်(၁၀၀) သက်တမ်းအတွင်းမှာ ဆောင်ရွက်ခဲ့ဖို့ ကောင်းပါတယ်။"
ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ဦးစားပေးဆောင်ရွက်ဖို့ ကတိပြုထားတဲ့ NLD အစိုးရသစ်ကတော့ မကြာသေးခင် လတွေအတွင်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အချိန်တို ကာလအတွင်း NLD အစိုးရရဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ချက်တွေမှာတော့ အကောင်းမြင် မျှော်လင့် ထားတဲ့အကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဒုဥက္ကဋ္ဌ စိုင်းစောအောင် ကပြောပါတယ်။
" တိုင်းရင်းသားငြိမ်းချမ်းရေးကတော့ အခုဟာက အတိုင်ပင်ခံပုဂ္ဂိုလ်က လုပ်နေတာ လှုပ်ရှားမှုကတော့ တွေ့နေရတယ်။ အခုဟာက လက်မှတ်ထိုးတဲ့ အဖွဲ့တွေ နဲ့တွေ့ပြီးပြီ။ မထိုးရသေးတဲ့ အဖွဲ့တွေနဲ့တွေ့ဖို့က လှုပ်ရှားနေတယ်။ အတွေးသစ် အမြင်သစ်နဲ့ မထိုးရသေးတဲ့ အဖွဲ့တွေလည်း တက်ကြွတဲ့ပုံစံတွေ့တယ်။ ထိုးပြီးတဲ့ အဖွဲ့တွေလည်း နောက်ထပ် ဆက်သွားဖို့ ရှိတဲ့ဆိုတဲ့ဟာ ဒီဟာ အစိုးရသစ်မှာ ကောင်းလာမယ်လို့တော့ လောလောဆယ် တော့ လမ်းကြောင်းတော့ မြင်နေရတာပေါ့။ ဒါပေမဲ့ ဘာဖြစ်လာမလဲ ဆိုတာကတော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ဦးတည်ချက်ကတော့ နည်းနည်းကောင်းမယ်လို့ ဒီလိုတော့ ယူဆလို့ရတယ်။"
ဧပြီလဆန်းကစပြီး တာဝန်ယူလာတဲ့ NLD အစိုးရရဲ့အုပ်ချုပ်မှု ရက် ၁၀၀ အတွင်းလူငယ်တွေနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေမှာ အားရမှု ရှိပေမယ့်၊ ခရစ်ယာန်သာသနာ့မြေမှာ ဗုဒ္ဓဘာသာဝင်တချို့က စေတီတည်ဖို့ကြိုးပမ်းတာ၊ တိုင်းနဲ့ပြည်နယ်တချို့မှာ မူဆလင်ဗလီ ကျောင်းတွေ အကြမ်းဖက်အဖျက်ခံရတာ စတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်မှုမှာတော့ အားနည်းနေသေးကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ် ကွန်ဂရက်အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
" အားမလို အားမရဖြစ်တာကတော့ ဒီ ဥပမာပြောရမယ်ဆိုရင် ဘာသာရေး ပဋိပက္ခတွေပေါ့။ ဒီလိုမျိုးကိစ္စတွေက အမှန်အတိုင်းပြောရရင် ရက်တရာ အတောအတွင်းမှာ ပေါ်လာခဲ့တာတွေရှိတယ်။ ဒီ့အတွက် အစိုးရဘက်နေ အရေးယူတာတွေ ထိန်းသိမ်းဖို့အတွက် မူဝါဒတွေ ချမှတ်တာတွေ ဒါတွေကို မမြင်ရဘူး။ ဒီ့အတွက် တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်ပေါ့နော်။"
အစိုးရသစ်လက်ထက်မှာ စီးပွားရေးအရ အပြောင်းအလဲတွေ လုပ်လာတဲ့ အတွက်လည်း အရင်ထက်စာရင် အခွင့်အလမ်းကောင်းတွေ ထွက်ပေါ်လာမယ် လို့ မျှော်လင့်တဲ့အကြောင်း ရန်ကုန်မြို့က လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးကျော်ဝင်းက ပြောပါတယ်။
" အခု ကျနော်တို့ သွင်းကုန်နဲ့ ပတ်သက်လို့ ဖြေလျော့တာတွေ အများကြီး ရှိတယ်ပေါ့နော်။ အရှေ့မှာလည်း အလားအလာကောင်းတွေ မြင်ရတယ်ပေါ့။ ကုန်သွယ်ရေးမှာလည်း ပိုပြီးတော့ ကောင်းလာတယ်ပေါ့။ အဲ့တာတချက်။ နောက်တခု က လှိုင်သာယာတို့ ဘာတို့မှာ ညဘက်မှာ တရားဥပဒေ စိုးမိုးမှုတွေ ရှိလာတယ်ပေါ့။ မီးနဲ့ပတ်သက်လို့တော့ အားမရစရာလေးတွေတော့ ရှိတာပေါ့နော်။ ခန ခနပျက်တာ ဒါပေမဲ့လည်း ယုံကြည်ပါတယ်။ မီးလည်း မကြာခင် ပြေလည်သွားလိမ့်မယ်လို့ ထင်တယ်။ "
NLD အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကိုရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်စေရေး နဲ့ ပြည်သူတွေရဲ့လူနေမှု အဆင့်အတန်းမြင့်မား လာစေရေး ကို အကောင်ထည်ဖော်သွားမယ်လို့ မတ်လ(၃၀) ရက်မိန့်ခွန်းမှာ သမ္မတ ဦးထင်ကျော်က ပြောဆိုခဲ့ပါတယ်။ ဒီလိုပဲ အစိုးရဝန်ကြီးဌာနတွေကလည်း ရက်(၁၀၀)စီမံချက်တွေချပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။