သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဌာနပြောခွင့်ရများ ရှိလာပေမဲ့ သတင်းရယူခွင့် ခက်ခဲဆဲ


၀န်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများ ဆွေးနွေးပွဲမြင်ကွင်းတခု။ ဇွန် ၉၊ ၂၀၁၆။(MOI)
၀န်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများ ဆွေးနွေးပွဲမြင်ကွင်းတခု။ ဇွန် ၉၊ ၂၀၁၆။(MOI)

NLD အစိုးရသစ်လက်ထက် ဝန်ကြီးဌာနတိုင်းမှာ ပြောခွင့်ရပုဂ္ဂိုလ် Spokesperson တွေခန့်ထားပြီး ပြည်သူတွေသိခွင့်ရှိတဲ့ သတင်း အချက်အလက်တိုင်းကို သတင်းဌာနတွေကတဆင့် အသိပေးသွားဖို့ အစိုးရကတော့ ကြိုးစား နေပါတယ်။ ဒါပေမယ့် ဒီ ပြောခွင့်ရပုဂ္ဂိုလ်တွေဟာ အရင်အစိုးရလက်ထက် ကတည်းကရှိနေတဲ့ တာဝန်ရှိသူတွေ ဖြစ်နေတာကြောင့် လွတ်လပ်စွာ သတင်းရယူဖို့အတွက် အခက်အခဲတွေ ဆက်ရှိနေဦးမယ်လို့ သတင်းသမားတွေက မြင်ကြပါတယ်။ လွတ်လပ်စွာ သတင်းရယူခွင့်ကို ၂၀၁၄ ခုနှစ်ကတည်းက ဥပဒေပြဌာန်းထားပေမယ့် ဝန်ကြီးဌာနတွေက ပြောခွင့်ရပုဂ္ဂိုလ်တွေနဲ့ သတင်းသမားတွေကြား နားလည်မှု လွဲတာကြောင့် သတင်းစီးဆင်းမှု ပုံမှန် မဖြစ်သေးဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူကပြော ပါတယ်။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အစိုးရဝန်ကြီးဌာနတိုင်းမှာ ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ် ၃ ဦးကနေ ၅ ဦးအထိခန့်ထားပြီး သတင်းမီဒီယာတွေက မေးမြန်းလာခဲ့ရင် ပြည်သူတွေကို အသိပေးရမယ့် သတင်းအချက်အလက်တွေ ရှင်းပြပေးဖို့ NLD အစိုးရသစ်က ညွှန်ကြားထားပါတယ်။ NLD အစိုးရ ဟာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တာကြောင့် ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ သတင်းဌာနတွေကို မိတ်ဖက်အဖြစ် ဆက်ဆံကြဖို့ကိုလည်း ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောဆိုခဲ့တာကို အစိုးရသတင်းစာတွေမှာဖေါ်ပြထားပါတယ်။ အခုဆိုရင် ဝန်ကြီးဌာနတိုင်းက ပြောခွင့်ရပုဂ္ဂိုလ် Spokesperson တွေကို သတင်းဌာနနဲ့ ဘယ်လိုဖြေကြား ဆက်ဆံရမယ်၊ ဘယ်အချက်တွေ အသိပေးသင့်တယ် ဆိုတာကိုပါ ဆွေးနွေးပွဲတွေ သင်တန်းတွေလုပ်ပြီး လေ့ကျင့်ပေးနေပါတယ်။

ဒါပေမယ့် လက်တွေ့မှာ ဝန်ကြီးဌာနတွေရဲ့ပြောခွင့်ရသူတွေဟာ အရင်စစ်အစိုးရလက်ထက် ကတည်းက ရာထူးတာဝန်ကြီးတွေ ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတာကြောင့် သူတို့ရဲ့ အရင်အတွေ့အကြုံပေါ် အခြေခံပြီး သတင်းဌာနတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံ လာဖို့ မမြင်မိသေးကြောင်း ရန်ကုန်သတင်းစာပညာကျောင်း ဒါရိုက်တာ ဦးရဲနိုင်မိုးက ပြောပါတယ်။

“ ပြဿနာတခုက ဘာရှိနေသလဲဆိုတော့ အစိုးရအဖွဲ့ပြောင်းသွားတယ်ဆိုပေမယ့် ဝန်ကြီးဌာနမှာလုပ်နေတဲ့ ထိပ်တန်းအစိုးရအရာရှိကြီးတွေက အရင်လူတွေ ပဲဖြစ်နေပါတယ်။ ဆိုတော့ သူတို့မှာရှိနေတဲ့ ပြဿနာတွေကတော့ ၁ အချက်က သတင်းမီဒီယာက ပြဿနာရှာသူတွေလို့မြင်နေတဲ့အယူအဆက အရင်အစိုးရတွေဆီမှာလည်း ပြဿနာရှိပါတယ်။ နောက်တခုက သူတို့မှာ ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ခန့်အပ်ထားပေမယ့်လည်း သူတို့ပြောဆိုလိုက်တဲ့အရာမှာ အထက်က ဝန်ကြီးတွေ၊ ပြန်ကြားရေးအရာရှိကြီးတွေက အပြစ်ပြောတာ၊ နောက်ပြီးတော့သူတို့အပေါ်မှာ အပြစ်ပေးတာမျိုးတွေ ရှိတဲ့အတွက် သတင်းမီဒီယာတွေကို တကယ်တော့ ပြောဆိုခွင့်ကတော့ မရှိသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။”

အရင် ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်း ဝန်ကြီးဌာနတွေမှာ ပြောခွင့်ရပုဂ္ဂိုလ်တွေ ခန့်ထားပေမယ့် သတင်းဖြန့်ဝေမှု အပိုင်းမှာ အောင်မြင်မှု မရှိခဲ့ဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးတင့်ဆွေက VOA ကိုပြောပါတယ်။

“အဓိကတော့ ဥပဒေလည်းဖြစ်ပါတယ်ခင်ဗျ။ News media law ဆိုတာ ၂၀၁၄ မှာ ကျနော်တို့က နည်းဥပဒေရော အပြည့်အစုံထွက်လာတယ်။ အဲဒါကြောင့် ကျနော်တို့ ဥပဒေမှာတော့ ပုဒ်မ ၆၇၈ မှာတော့ Access to Information နဲ့ ပတ်သက်လို့ ကျနော်တို့ Journalist တွေက သက်ဆိုင်ရာဌာနမှာ တောင်းခံနိုင်တယ်ဆိုတာကို သေချာပြဌာန်းထားပါတယ်။ ပြဌာန်းထားပေမယ့်လည်း ၂၀၁၃-၁၄ အဲဒီအထိကတော့ ဥပဒေက သေချာပြီပြီပြင်ပြင် မထွက်တဲ့အတွက်ကြောင့် ကျနော်တို့Spokesperson တွေဖွဲ့သော်လည်း အဲဒါကျနော်တို့ မပြီပြင်ခဲ့တာလည်း ပါပါတယ်။

ပြောခွင့်ရပုဂ္ဂိုလ်တွေနဲ့ ပတ်သက်လို့ အရင်အစိုးရလက်ထက်တုန်းက သတင်းသမား တွေကြုံခဲ့ရတာတွေကို ဦးရဲနိုင်မိုးက ရှင်းပြ ပါတယ်။

“အစိုးရဝန်ကြီးဌာနတွေမှာ သတင်းယူတဲ့အခါမှာ သတင်းသမားတွေပြဿနာကတော့ ဖြေကြားမှုမရှိတာပဲ။ ဝန်ကြီးဌာန အားလုံးကတော့မဟုတ်ပါဘူး။ ဖြေကြားမှုရှိနေတဲ့ ဝန်ကြီးဌာန တချို့နဲ့ Spokesperson တချို့လည်းရှိပါတယ်။ ဒါပေမယ့် အများအနေနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ဖြေကြားမှုမရှိသေးဘူး။ အဲဒါ အဓိက ပြဿနာပဲ ၊ ဥပမာအားဖြင့် ဖုန်းဆက်ရင် ဖုန်းမကိုင်တာတွေရှိမယ်၊ email ပို့ရင် မပြန်တာတွေရှိမယ်၊ ဒါမှမဟုတ်ရင်လည်း အထက်ကိုတင်ပြပါမယ်ဆိုပြီးတော့ ပြန်မပြောတာတွေရှိမယ်။ အဲဒါတွေက အစိုးရသစ်ပြောင်းလဲလာတယ် ၊ ပွင်းလင်းမြင်သာမှုရှိလာတယ်ဆိုပေမယ့်လည်း ဒီအစိုးရအရာရှိကြီးတွေက နှစ်ပေါင်းများစွာ သတင်းမီဒီယာတွေနဲ့ စိမ်းစိမ်းကားကားနေခဲ့တာဖြစ်တဲ့အတွက် ချက်ချင်း တော့ဖြစ်လာမှာတော့ မဟုတ်ပါဘူး။”

ဝန်ကြီးဌာနနဲ့ သတင်းသမားတွေကြား အပြန်အလှန် နားလည်မှုရပြီး ၊ လွတ်လပ်တဲ့ သတင်းစီးဆင်းမှုရှိလာအောင် လုပ်ဆောင် သွားဖို့ အစီစဉ်တွေရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဦးတင့်ဆွေက ပြောပါတယ်။

“အခုတော့ကျနော်တို့ပြင်ဆင်နေပါတယ်။ Spokesperson တွေမှာလည်း ကိုယ်ပြောနိုင်တဲ့ အချက်အလက်မျိုးတွေရှိတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့်လည်း တချို့ဌာနဆိုင်ရာတွေမှာအားနည်းချက်က ဘာလဲဆိုတော့ ကျနော်တို့ပြောလိုတာကိုပဲ၊ ပြောချင်နေတယ်ပေါ့လေ။ ဒါက ကျနော်တို့ဘက်က ရှိနေတဲ့အနေအထား။ ဒါပေမယ့် ကျနော်တို့ ပြောတဲ့အခါမှာ သက်ဆိုင်ရာ မီဒီယာတွေက သတင်းကိုပဲ ပြန်ဖော်ပြတဲ့အခါ တချို့မှားနေတာတို့ ၊ တချို့ကျတော့လည်း ကိုယ်က ပါအောင်ပေးတဲ့အခါမှာ သက်ဆိုင်ရာမီဒီယာတွေက သူ့ရဲ့ art of Journalism အရ သူရေးတဲ့အခါမျိုးမှာလည်း ကျနော်တို့ပါစေချင်တာနဲ့က လွဲမှားသွားတဲ့အခါမျိုးတွေအပေါ်မှာ ကျနော်တို့ နားမလည်မှုမျိုးလေးတွေရှိပါတယ်။ အဲဒီအတွင်းမှာတော့ ကျနော်တို့ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမယ်လို့မျှော်မှန်းပါတယ်ခင်ဗျ။”

အစိုးရပြောခွင့်ရပုဂ္ဂိုလ်တွေကို ဒီဇွန်လနဲ့ နောက်လတွေအထိ လိုအပ်တဲ့ သင်တန်းနဲ့ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG