သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ နှင့် မီဒီယာအလားအလာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာမကြာခင် ဖွဲ့စည်းလာတော့မယ့် NLD အစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ လုံခြုံစိတ်ချစွာ ရေးသားဖော်ထုတ်နိုင်ခွင့်တွေ ဘယ်လောက်ထိ ရရှိလာနိုင်ပါသလဲ။ မီဒီယာတွေဟာ ဒီမိုကရေစီ ဘောင်အတွင်းမှာ ထိုက်တန်သောနေရာကို ရရှိလာနိုင်ပါသလား ဆိုတာ ဝါရင့်မီဒီယာသမားတွေ ဖြစ်ကြတဲ့ ဦးကျော်ရင်မြင့်၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ပြည်သူလူထုက ဒီမိုကရေစီ ထွန်းကားရေးအတွက် အားလုံးမျှော်လင့်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အနိုင်ရခဲ့ပါပြီ။ အစိုးရဖွဲ့ဖို့ ပြင်ဆင်နေပါပြီ။ ဆိုတော့ မီဒီယာသမားတွေလဲ ပိုမိုပွင့်လင်းမှု၊ လွတ်လပ်မှု၊ လွတ်လွတ်လပ်လပ် ရေးခွင့်ရှိမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ အခုအချိန်မှာ အဲဒီ မျှော်လင့်ချက်အလားအလာကို သိချင်ပါတယ်။ ဆရာဦးကျော်ရင်မြင့် ဘယ်လို မြင်ပါလဲ။ ကျနော်တို့ မီဒီယာသမားတွေ၊ ပြည်သူတွေ မျှော်လင့်ခဲ့ကြတဲ့ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားခွင့်၊ ထုတ်ဖော်ခွင့် ပိုရလာလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ မျှော်လင့်ချက် အလားအလာ ကောင်းပါလား။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD က ဒီမိုကရေစီကို တန်းဖိုးထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့် NLD အစိုးရခေတ်မှာ သူက မီဒီယာကို ဥပဒေနဲ့အညီ ရှင်သန်ခွင့်၊ လွတ်လပ်ခွင့် ပေးလိမ့်မယ်လို့ သူတို့ကို ကျနော် ယုံကြည်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကိုအောင်ဇော် ဘယ်လို သဘောရပါလဲ။

ဦးအောင်ဇော် ။ ။ ရှိရင်တော့ ကောင်းတာပေါ့။ တကယ် လွတ်လပ်ပြီးတော့ တင်းပြည့်ကျပ်ပြည့် လွတ်လပ်တဲ့ Independence Media လို့ခေါ်တဲ့ အဲဒီလို မီဒီယာတွေကို ဒီမိုကရေစီတို့၊ Press Freedom တို့ကို အစိုးရက ဘယ်လောက် အကာအကွယ် ပေးမလဲဆိုတာ အရေးကြီးတယ်။ ကျနော်ကတော့ စောင့်ကြည့်ချင်တယ်။ အခုအချိန်မှာ အမှတ်မပေးချင်သေးပါဘူး။ ဦးသိန်းစိန်လက်ထက်မှာ ပွင့်လင်းလွတ်လပ်မှုတွေ ရှိတယ်။ ရေးချင်တာလဲ တော်တော်များများ ရေးခွင့်ရတယ်။ ဒါပေမဲ့ မီဒီယာသမားတွေလည်း selectively ချိုးနှိမ် နှိပ်ကွပ်ထောင်ချခံရတာတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရ တက်လာရင်ကော ဒီလိုမျိုးတွေ ဖြစ်လာမှာပဲ ဆိုတာကတော့ စောင့်ကြည်ရအုံးမယ်လို့ ကျနော်ထင်တယ်။ အခုအချိန်မှာ။

ဦးကျော်ဇံသာ ။ ။ နောက်တခု ဒီနေရာမှာ မေးချင်တာက မီဒီယာသမားတွေအတွက် Access Information သတင်းအချက်အလက် ရယူတဲ့နေရာမှာ ဘယ်လောက် လွယ်ကူချောမွေ့မှု ရှိလာမယ်လို့ ထင်ပါလဲ။ NLD အစိုးရလက်ထက်မှာ ဆရာဦးကျော်ရင်မြင့် အခုလောလောဆယ်မှာ သတင်းသမားတွေရဲ့ ညည်းတွားသံကို မကြာခဏ ကြားနေရပါတယ်။ ဆရာတို့တိုက်က ဆရာတို့သတင်းထောက်တွေသွားရင် ဒီလိုမျိုး မကျေနပ်တဲ့ အသံတွေ ကြားရလိမ့်မယ် ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာဦးကျော်ရင်မြင့် ဘယ်လို သဘောရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ အဲဒါကတော့ အခု ကျနော်တို့ တော်တော်မကြိုက်တဲ့ သတင်းမီဒီယာ ဥပဒေထဲမှာပဲ လွတ်လပ်စွာ သတင်းယူခွင့် ပါတဲ့အတွက်ကြောင့်မို့ NLD က ဥပဒေကို လေးစားမယ် ဆိုလို့ရှိရင် လွယ်ကူလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ စိုးရိမ်စရာတခုပဲ ရှိတယ်။ NLD အစိုးရက ဥပဒေနဲ့အညီ လုပ်တဲ့အခါမှာ ဥပဒေထဲမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတာတွေ အများကြီး ရှိနေတော့ ဥပဒေကို ဒီမိုကရေစီနဲ့ ညီအောင်လို့ NLD က လုပ်ပေးဖို့လိုလိမ့်မယ် ထင်တယ်။ အဲဒီအတိုင်းဆိုရင် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိ အခြေအနေမှာ ကျနော်တို့ သတင်းရယူရတာ ခက်ခဲတာကို ကျနော်ကတော့ နားလည်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်းကိုယ်ပဲ သူ့ရဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် တော်တော်ကို ကြိုးစားပမ်းစား ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတဲ့ အခြေအနေမျိုးမို့ လျှို့ဝှက်သင့်တာလျှို့ဝှက်၊ ထိမ်ချန်သင့်တာထိမ်ချန် လုပ်နေရတာလို့ ကျနော်တို့ မြင်ပါတယ်။ သူတို့လက်ထဲကို အာဏာလုံးလုံး ရောက်သွားပြီလို့ဆိုရင်တော့ ဒီပုံစံက ပြောင်းသွားကောင်း ပြောင်းသွားမယ်လို့ ကျနော်ကတော့ အကောင်းမြင်ထားပါသေးတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဲဒီကိစ္စကိုတော့ မေးချင်ပါသေးတယ်။ မြန်မာနိုင်ငံမှာ ၈၈ နောက်ပိုင်း မီဒီယာလောက ကို ရောက်လာတဲ့လူတွေရဲ့ အခက်အခဲ တခုက Activists တွေ မြန်မာ့အရေး လှုပ်ရှားသူတွေကို မေးလိုက်ရင် ဒီမိုကရေစီရမှ ဝေဖန်ပါ။ အခု မပြောပါနဲ့အုံးလို့ အမြဲတမ်း သူတို့ကို ကျနော် သက်သက်ညှာညှာ၊ ဖေးဖေးမမ ပြောနေခဲ့ရတဲ့ အစဉ်အလာ ရှိပါတယ်။ အခုထက်ထိ အဲဒီလို ပြောနေရတုန်းပဲ ရှိတယ်။ ဒီကိစ္စကိုတော့ ကျနော် သီးခြား၊ ပြီးတဲ့အခါ မေးချင်ပါတယ်။ အခုလောလောဆယ်မှာတော့ သတင်း လွတ်လပ်စွာ ရယူခွင့်က ဘယ်လို အခြေအနေ ရှိနေသလဲ။ ဘယ်လို ရှိလာနိုင်သလဲဆိုတာကို ကိုအောင်ဇော်ရဲ့ သဘောထားကို သိချင်ပါတယ်။

ဦးအောင်ဇော် ။ ။ Access Information မှာတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာလဲ အခက်အခဲတွေ အများကြီး ရှိပါတယ်။ တကယ် sensitive ဖြစ်တဲ့ အရေးကြီးတဲ့ Information တွေ၊ စီးပွားရေးနဲ့ ပတ်သက်တာတွေ၊ မြေသိမ်းယာသိမ်းကိစ္စတွေ၊ တပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ တိုင်းရင်းသားနဲ့ဖြစ်တဲ့ ပြဿနာကိစ္စတွေမှာဆိုရင် ကျနော်တို့ အခက်အခဲတွေ အများကြီးရှိတယ်။ တည်ဆဲဥပဒေနဲ့ ဖမ်းဆီးတာတွေ ရှိတယ်။ အဲဒီဥပဒေတွေက တကယ်တမ်းတော့ အရာမဝင်တော့ပါဘူး။ အဲဒါတွေနဲ့ ပတ်သက်ပြီး Review လုပ်ရမယ်လို့တော့ ကျနော်က ထင်တယ်။ Access Information က ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာလဲ အစိုးရဖြစ်တဲ့အတွက်ကြောင့် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ Independence Media တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရတို့ ထိပ်တိုက်တွေ့အုံးမယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့ နှစ်ဦးကြားမှာရှိတဲ့ Honeymoon Period က ကျနော်ထင်တယ် သိပ်ကြာမယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မီဒီယာက သူ့ ရပ်တည်ချက်အတိုင်း ရပ်တည်ပြောဆိုမှာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရရဲ့ ဘယ်အစိုးရပဲဖြစ်ဖြစ် အဲဒီ အစိုးရရဲ့ Mouthpiece ပါးစပ်ပေါက်အဖြစ်နဲ့ ပြောဆိုမှာ မဟုတ်ပါဘူး။ ဒါမှလဲ ဒီမိုကရေစီလို့ ပြောနေတဲ့ဟာတွေ ရှင်သန်မှာဖြစ်တယ်။ တိုင်းပြည်ကောင်းကျိုးအတွက် မျက်နှာစာတခုအဖြစ်နဲ့ မီဒီယာ ရပ်တည်ပြီး ပြောဖို့ ဖြစ်ပါတယ်။ ကျနော် မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်တို့က Media Freedom ကို တကယ်ပဲ လေးစားလိုက်နာတယ်ဆိုရင် Ministry Information ကို ပထမဦးဆုံးအနေနဲ့ ဖျက်သိမ်းပေးလိမ့်မယ်လို့ ကျနော် မြင်တယ်။ ပြီးတော့ Media Laws တွေ၊ မတရားဖိနှိပ်ဖို့ ချုပ်ချယ်ထားတဲ့ ဥပဒေတွေ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ Laws တွေ၊ အဖြုတ်အကပ် Media Laws တွေ အကုန်လုံးကို ပြန်လည်စီစစ်ပြီးတော့ ပြည်သူတွေ အကျိုးရှိမယ့် Laws တွေကို ပြန်ပြီးတော့ ရေးသွင်းတင်ပြသင့်တယ်လို့ ကျနော် ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ စောစောက ကျနော် ပြောချင်တဲ့ မေးခွန်းကို ပြန်ကောက်ရရင် ဆရာဦးကျော်ရင်မြင့် ဘယ်လို သဘောရပါလဲ။ အဲဒီကိစ္စကို ဒီမိုကရေစီ မရခင်က ဒီမိုကရေစီရမှ ရေးပါ။ မပြောပါနဲ့ဆိုပြီး ပြောခဲ့တယ်။ အခုအချိန်အထိလဲ အဲဒီလိုမျိုး စောင့်နေရတယ်။ ဒီမိုကရေစီ ရလာရင်ကော အမြဲတမ်း ဖေးဖေးမမ၊ ညှာညှာတာတာ လုပ်နေရအုံးမလား။ လွတ်လွတ်လပ်လပ် ဘယ်သူ့ မျက်နှာမှ မကြည့်ဘဲရေးတဲ့ မီဒီယာ ဖြစ်လာမယ့် အလားအလာ ဘယ်လို ရှိပါလဲ။

ဦးကျော်ရင်မြင့် ။ ။ ဒီမိုကရေစီ ရပြီဆိုရင်တော့ ကျနော်ကတော့ ဘယ်သူ့မျက်နှာမှ ကြည့်စရာ မလိုဘဲနဲ့ ရေးလို့ ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုန ကိုအောင်ဇော် ပြောသွားသလိုပဲ အစိုးရကတော့ ဥပဒေအတိုင်း လုပ်ပါလို့ ပြောပါလိမ့်မယ်။ အဲဒီ မတရားတဲ့ ဥပဒေတွေ မှန်သမျှတော့ NLD ကတော့ ပြန်ပြင်ပြီးတော့ ပယ်ဖျက်သင့်တာ ပယ်ဖျက်သင့်ဖို့ လိုလိမ့်မယ်။ မဟုတ်လို့ရှိရင် အဲဒီ စစ်အစိုးရ ရေးသွားတဲ့ ဥပဒေဟောင်းကြီးတွေနဲ့ ဥပဒေအတိုင်း လုပ်ပါတယ်ဆိုရင်တော့ မီဒီယာသမားတွေက အရင် စစ်အစိုးရလက်ထက်တုန်းကလိုပဲ ခံနေရအုံးမှာပါ။ မီဒီယာ လွတ်လပ်ခွင့်ဆိုတာလဲ မရှိပါဘူး။ ဒီမိုကရေစီအစိုးရလို့ အဲဒီ အစိုးရမျိုးကိုတော့ မခေါ်ချင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် ပြောပါအုံး။ ကိုအောင်ဇော်ဆိုရင် ပိုကြုံခဲ့ရပါလိမ့်မယ်။ ဧရာဝတီ က အတိုက်အခံ မြန်မာ့အရေး လှုပ်ရှားသူဆိုတဲ့ကြောင့် အခုအချိန်အထိလဲ ခင်များတို့က ရေးပြန်ပြီ။ ဒီမိုကရေစီရမှ ရေးပါလားဆိုတာမျိုး မကြာခဏ ကြုံခဲ့ရတယ်။

ဦးအောင်ဇော် ။ ။ ကျနော်တို့ ကြုံဖူးပါတယ်။ အတွေ့အကြုံတချို့ကို ပြောချင်ပါတယ်။ အချိန်အကန့်အသတ်ကြောင့်ပါ။ ကျေးဇူးပါ။ အဲဒီလိုမျိုး မေးတဲ့အတွက်ကြောင့်။ NCGUB လို့ ခေါ်တဲ့ ပြည်ပရောက် အစိုးရကိစ္စတွေ၊ ABSDF ကိစ္စတွေ၊ နယ်စပ်မှာ ဖြစ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လူသတ်မှုကိစ္စတွေ၊ Corruption ကိစ္စတွေကို ကျနော်တို့ အယ်ဒီတာအာဘော်အဖြစ်နဲ့ ရေးခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ခြိမ်းခြောက်မှုတွေ ခံခဲ့ရတာ ရှိပါတယ်။ အဓိက သူတို့ပြောတဲ့ဟာကတော့ ဆင်ခြေဆက်လက်ကတော့ ဒီမိုကရေစီရမှ ရေးပါလား ဆိုတာမျိုး ဖြစ်ပါတယ်။ ကျနော်တို့ကတော့ မစောင့်နိုင်ဘူး။ ကျနော်တို့ရဲ့ တာဝန်ကို Exercise လုပ်ရမှာ ဖြစ်တယ့် ခံယူချက်နဲ့ ကျနော်တို့ ရေးခဲ့တာ ဖြစ်ပါတယ်။ တွန်းတိုက်ရေးခဲ့တာ။ ကျနော်တို့ ရေးခဲ့တာတွေကို ပြန်ကြည့်ရင် မှန်တာတွေ ရှိခဲ့တာတွေ တွေ့ရပါတယ်။ ကျနော်တို့ ဝမ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ အချိန်အခါမှာလဲ ပြဿနာတွေ အများကြီး ရှိမှာပါ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ရေငုံနှုတ်ပိတ်နေမှာ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ စာချုပ်ချုပ်ထားတာ ဒေါ်အောင်ဆန်းစုကြည် အစိုးရ မဟုတ်ပါဘူး။ ဦးသိန်းစိန် အစိုးရလည်း မဟုတ်ပါဘူး။ အာဏာရှင် စစ်အစိုးရလည်း မဟုတ်ပါဘူး။ ကျနော်တို့နဲ့ စာချုပ်ချုပ်ထားတာက ကျနော်တို့စာတွေဖတ်တဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ အဲဒီ စာချုပ်ကို ကျနော်တို့ မဖောက်မဖျက်ဘဲနဲ့ ဒီစာချုပ်ကို လိုက်နာပြီးတော့ ပြည်သူတွေ သိသင့်တဲ့ Information တွေကို ကျနော်တို့က ဆက်ပြီးတော့ ဝေဖန်၊ ထောက်ပြပေးရမှာ ဖြစ်ပါတယ်။ အဲဒါကိုလဲ အစိုးရကနေ လေးလေးစားစား လိုက်နာဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကိုကျော်ရင်မြင့် … မြန်မာနိုင်ငံမှာ မီဒီယာသမား တော်တော်များများကလဲ တက်ကြွလှုပ်ရှားသူတွေနဲ့ လိုင်းမကွဲဘူးလို့ ထင်ပါတယ်။ ဆရာ ဘယ်လို သဘောရလဲ။ ဒီအတိုင်း ဆက်သွားသင့်လား။ ဘယ်အချိန်မှာ လိုင်းကွဲလာနိုင်သလဲ။ မကွဲသင့်ဘူးလား။ တက်ကြွလှုပ်ရှားသူတွေနဲ့ မီဒီယာသမား။

ဦးကျော်ရင်မြင့် ။ ။ လိုင်းကွဲသင့်ပါတယ်။ ကျနော် အဲဒီစကားကို သင်တန်းတွေမှာ ပြောတဲ့အတွက်ကြောင့်မို့ တချို့ မကျေမနပ် ခံရတာလဲ ရှိပါတယ်။ Activists တွေ နဲ့ Journalists တွေလည်း ရောထွေနေပါတယ်။ Activists ကလဲ အလွယ်တကူ Journalists ဝင်လုပ်လို့ ရတယ်လို့ ထင်နေတယ်။ Journalists တွေကလဲ တခါတလေ Activists သွားလုပ်လိုက်နဲ့ အရောရောအနှောနှော ဖြစ်နေတာ ကျနော်တို့က လိုင်းတွေကွဲပြီးတော့ ကိုယ့်လိုင်းကိုယ့်အလုပ်ကို ဖြောင့်ဖြောင့်မှန်မှန် လုပ်သင့်လုပ်ထိုက်တာ ဘာလဲဆိုတာကို သိပြီးတော့ လုပ်လာမယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော် ကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ဘယ်တော့ ကျနော်တို့ လိုင်းကွဲပြီး ပြတ်ပြတ်သားသား ဖြစ်လာနိုင်မယ် ထင်ပါလဲ။ မြန်မာနိုင်ငံ မီဒီယာလောကရဲ့ အလားအလာ။

ဦးအောင်ဇော် ။ ။ .. အနောက်နိုင်ငံတွေမှာဆိုရင် အစိုးရတွေက မီဒီယာတွေကို ဒီလိုမျိုး ဖြစ်လာအောင် အများကြီးကူပြီး ထောက်ပံ့ကြတာ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အခုအချိန်အထိ အစိုးရတွေက ဖိနှိပ်ဖို့၊ သူတို့ရဲ့ mouthpiece အဖြစ်နဲ့ပဲ ပါးစပ်ပေါက်အဖြစ်နဲ့ အသုံးချဖို့၊ ဝါဒဖြန့်ချီရေး ယန္တရားအဖြစ်နဲ့ အသုံးချဖို့ ကြိုးစားတာကို တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ဒါကို ပြင်ရဖို့ လိုမယ်လို့ ထင်ပါတယ်။ တချိန်တည်းမှာပဲ မီဒီယာမှာ ပြင်ရမှာကတော့ Professionalism ခေါ်တယ်။ ကြေးစားမဟုတ်ပါဘူး။ Professional ဖြစ်ဖို့လိုတယ်။ အဲဒါအတွက် သွားဖို့အတွက်ကို ကျနော်တို့ အများကြီး သွားရလိမ့်မယ်။ တချိန်တည်းမှာ မီဒီယာဆိုတာ အသုံးချပြီးတော့ Social Media ဆိုတာကို အသုံးချပြီး အားလုံးကို ခွဲထုတ်မယ့် လက်မည်းကြီးတွေ။ အာဏာကို စွန့်လွှတ်ရဖို့ ကြောက်လန့်နေတဲ့ အခုကတည်းက ပြင်နေတာတွေ အများကြီး ရှိပါတယ်။ ဒါတွေကိုလဲ ကျနော်တို့ဘက်က သတိထားဖို့ လိုပါတယ်။ အဲဒါကြောင့် ကျနော် မြင်တာကတော့ မြန်မာပြည်မှာ ဒီမိုကရေစီ ရမယ်ဆိုတာ ကျနော် မယုံကြည်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ခွင့် အတိုင်းအတာတခု ပိုရှိလာမယ်။ မီဒီယာသမားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တက်လာမယ့် အစိုးရလက်ထက်မှာ ပိုပြီးတော့ လွတ်လွတ်လပ်လပ်၊ လုံခြုံစွာနဲ့ သတင်းတွေကို ပြည့်ပြည့်ဝဝ စီမံခွင့်ရဖို့တော့ လိုမယ်လို့ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံး တိုတိုလေး တခုှဆီ မေးချင်ပါတယ်။ အဲဒါကတော့ မကြာခင် အာဏာလွှဲပြောင်းပြီးနောက်မှာ အပြောင်းအလဲ လုပ်ကြမယ့် လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ Legacy သူတို့က ဘာများ ကောင်းကျိုးပြုခဲ့ပြီးတော့ ဘာများ တိုင်းပြည်အတွက် ဘယ်လို။ မီဒီယာလမ်းကြောင်းအတွက် သူတို့ ထားရစ်ခဲ့တဲ့ အမွေအနစ် မြန်မာနိုင်ငံ မီဒီယာလောကအတွက် ဘာရှိမယ်လို့ ထင်ပါလဲ။

ဦးကျော်ရင်မြင့် ။ ။ တိုတိုလေး ပြောရရင်တော့ ဘာမှ မရှိပါဘူး။ အများအားဖြင့်တော့ ဥပဒေတွေ သူတို့ထဲက ဖတ်ရတာကလွှဲလို့ ကျန်တာကတော့ စိတ်ညစ်ရတာပဲ ရှိပါတယ်။ ဘာမှ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လွှင့်တဲ့ တီဗီ၊ ရေဒီယို၊ သတင်းစာ ဘယ်ဟာမှ ပြည်သူလူထုက လက်ခံသဘောကျတာမျိုး မရှိခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကိုအောင်ဇော်ရဲ့ မှတ်ချက်ပေးပါ။

ဦးအောင်ဇော် ။ ။ သိပ်ပြီးတော့ မရှိပါဘူး။ ဒါပေမဲ့ မြန်မာ့အလင်း၊ ကြေးမုံတို့ကို Privatization လုပ်လိုက်တယ်။ ပြီးတော့ အရင်တုန်းက လူတွေ ပိုင်ခဲ့တဲ့ သတင်းစာတွေအဖြစ်နဲ့ ပြန်ထုတ်ဖို့ကိုတော့ NLD အစိုးရ လုပ်သင့်တယ်။ စာမူပိုင်ဆိုတဲ့ .. တကယ့်တကယ်ကြတော့ အရင်စစ်အစိုးရ၊ အခုလက်ရှိ အစိုးရရဲ့ mouthpiece အဖြစ်နဲ့ လုပ်ခဲ့တာပဲ ရှိတယ်။ ဒါပေမဲ့ ပွင့်လင်းလွတ်လပ်မှာတော့ မီဒီယာကို ကောင်းကောင်းအသုံးချထားတယ် ဆိုတာတော့ ပြောချင်ပါတယ်။ ဒီလောက်ပါပဲ။

XS
SM
MD
LG