သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်ဆုံးဖြတ်ချက် အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီးအမြင်


အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း

ရိုဟင်ဂျာမူဆလင်တွေအပေါ် မြန်မာအစိုးရစစ်တပ်ရဲ့ နှိမ်နှင်းခဲ့မှုကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် သတ်မှတ်ခေါ်ဆိုဖို့ အမေရိကန်အောက်လွှတ်တော်က တခဲနက်မဲခွဲအတည်ပြုလိုက်ပါတယ်။ အမေရိကန် အောက်လွှတ်တော်ရဲ့ ဒီဆုံးဖြတ်ချက်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို မသိကျိုးကျွံ ပြုလိုက်တာ ဖြစ်တယ်လို့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက တုံ့ပြန်လိုက်ပါတယ်။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးကြရသူတွေ အရေးကို မြန်မာဘက်က ကိုင်တွယ် ဆောင်ရွက်မှုမှာ ဖုံးကွယ်ထားတာ မရှိသလို ဘင်္ဂလားဒေရှ့်၊ ကုလသမဂ္ဂတို့နဲ့ သဘောတူချက်တွေ အတိုင်း ဆက်ပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့လည်း သံအမတ်ကြီး ဦးအောင်လင်းက တုံ့ပြန်ပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

သံအမတ်ကြီး ဦးအောင်လင်း။ ။ အမေရိကန်ဆိုင်ရာ မြန်မာသံရုံးအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူတွေက နေပြီးတော့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေတဲ့အချိန်မှာ အမေရိကန်အောက်လွှတ်တော်ကနေ အခုလို မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ် မှုတွေကို မသိကျိုးကျွံလုပ်ပြီးတော့ အခုလို ဆုံးဖြတ်ချက် ချလိုက်တဲ့ဟာကို မြန်မာပြည်သူတွေအနေနဲ့ အများကြီး ဝမ်းနည်းလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ ဒီအောက်လွှတ်တော်က သူတို့ဆုံးဖြတ်ချက်ထဲမှာ ရခိုင်ပြည်နယ်အတွင်းက နယ်မြေရှင်းလင်း လုပ်ဆောင်ချက်တွေဟာ ဟို လူမျိုးတုံးသွားစေတဲ့ လုပ်ရပ်တွေပေ့ါနော် အဲဒီလိုပြောပါတယ်။ နောက်တခုက ရိုက်တာသတင်းထောက် ၂ယောက်ကို ပြန်လွှတ်ပေးဖို့လည်း သူတို့ တောင်းဆိုတဲ့အထဲမှာ ပါပါတယ်။ ဆိုတော့ ဒီအပေါ်မှာ သံအမတ်ကြီးရဲ့သဘောထား ဘယ်လိုရှိပါသလဲရှင့်။

သံအမတ်ကြီး ဦးအောင်လင်း။ ။ ဒေါ်သိင်္ဂ ီထိုက် ခင်ဗျား၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအစိုးရက နေပြီးတော့ ခင်ဗျားပြောသွားတဲ့ အချက် ၂ချက်နဲ့ ပတ်သက်ပြီးတော့ ယ္ခင်ကလည်း ရပ်တည်ချက်ကို ပြောထားတာ ရှိပါတယ်။ ဒီရပ်တည်ချက်တွေကလည်း မပြောင်းပါဘူး။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိမယ်ဆိုလို့ရှိရင် ပြောကြပါ .. တိုင်ကြပါ၊ ဒီ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်လည်း ဖွဲ့ထားပြီးဖြစ်ပါတယ်။ တကယ်ပဲ တာဝန်ရှိတဲ့လူတွေကို အရေးယူပါ့မယ်ဆိုတဲ့ဟာကို အတိအလင်း ပြောထားပြီး ဖြစ်ပါတယ်။ သတင်းထောက် ၂ယောက်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပြောရမယ်ဆိုလို့ရှိရင်တော့ သတင်းထောက် ၂ယောက်ကိစ္စဟာ သူတို့ရဲ့ဒီ Investigative Journalism နဲ့ပတ်သက်ပြီးတော့ သူတို့က အရေးယူခံရတာ မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်ဥပဒေကြောင့် အရေးယူခံရတာ ဖြစ်ပါတယ် ဆိုတဲ့ဟာကို အကြိမ်ဖန်များစွာ ပြောပြီးပြီ ဖြစ်ပါတယ်ခင်ဗျား။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ အခုဒီ အမေရိကန်အောက်လွှတ်တော်ရဲ့ အခုဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ်မှာ သက်ရောက်မှုပေါ့နော်၊ သံအမတ်ကြီး ဘယ်လိုသုံးသပ်ပါသလဲ ရှင့်။

သံအမတ်ကြီး ဦးအောင်လင်း။ ။ ဒါက အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အဓိက ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ တိုက်ရိုက် ဆက်ဆံနေရတာက အမေရိကန်နိုင်ငံ အစိုးရ ဖြစ်ပါတယ်။ ဒီအမေရိကန်နိုင်ငံ အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒကိုလည်း အစိုးရကနေပြီး ချမှတ်တာ ဖြစ်ပါတယ်။ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကိုတော့ အစိုးရကနေပြီးတော့ သူတို့က မှတ်သားထားမယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ အစိုးရက ဘယ်လိုဆောင်ရွက်တယ် .. ဆောင်ရွက်လိမ့်မယ်၊ ဘယ်လိုဆက်လက်ပြီးတော့ အရေးယူပါ့မယ် ဆိုတာကတော့ အမေရိကန်နိုင်ငံ အစိုးရရဲ့အပိုင်း ဖြစ်ပါတယ်လို့ ကျနော်ထင်ပါတယ်။

သိင်္ဂ ီထိုက်။ ။ မြန်မာအစိုးရအနေနဲ့ ဒီ ရခိုင်အရေးအခင်းပေါ့နော်၊ ဒီကိစ္စနဲ့ ကိုင်တွယ်ပြီးတော့ နိုင်ငံတကာဘက်က ပြင်းပြင်းထန်ထန် ဝေဖန်နေပါတယ်။ ဆိုတော့အခု အောက်လွှတ်တော်ကပါ ဒီလိုမျိုး ဆုံးဖြတ်လိုက်တော့ နိုင်ငံတကာရဲ့ဝေဖန်မှု တုံ့ပြန်မှု ပိုများပြင်းထန်လာမလားရှင့်။

သံအမတ်ကြီး ဦးအောင်လင်း။ ။ ဒါကတော့ အမေရိကန် အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန် ပြည်သူတွေက တွေ့ရှိမှာ ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေကတော့ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သိရှိထားတာ ဖြစ်ပါတယ်။ မြန်မာ ပြည်သူတွေကတော့ အစိုးရရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေက နေပြီးတော့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ နိုင်ငံ ကောင်းကျိုး အတွက် လုပ်နေတဲ့ အတွက်ကြောင့် လုပ်စရာ ရှိတာကိုတော့ ဆက်လက် လုပ်နိုင်မယ်လို့တော့ ကျနော် ယုံကြည်ပါတယ်။

သိင်္ဂ ီထိုက်။ ။ မြန်မာ အစိုးရ အနေနဲ့ ဒီလူတွေကို ပြန်ပြီး လက်ခံဖို့ အပါအဝင် ဒီကိစ္စ ပြေလည်ရေး အတွက် ကြိုးပမ်းနေတယ် ဆိုပြီးတော့ မြန်မာဘက်က တစိုက်မတ်မတ် ပြောပါတယ်။ နိုင်ငံတကာဘက်ကတော့ ဒါကို အရေးတယူ မလုပ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော် မပြောဘူး ပေါ့နော် ဒီလို စွပ်စွဲပါတယ်။ အဲဒီတော့ နိုင်ငံတကာနဲ့ မြန်မာ အစိုးရဘက် နှစ်ဘက်ကြားမှာ တဖက်နဲ့ တဖက် ဒီလိုတော့ ပြောနေတာပေါ့နော်။ ဆိုတော့ မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာဘက်က ပိုပြီးတော့ နားလည်လာအောင် လက်ခံလာအောင် လုပ်ဖို့ လိုနေတဲ့ သဘောလားရှင့်။ သံအမတ်ကြီး အဲဒီကိစ္စမှာ ဘယ်လိုများ ယူဆပါလဲ။

သံအမတ်ကြီး ဦးအောင်လင်း။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီမှာ ဘာမှ ကွယ်ဝှက်ထားတာ မရှိပါဘူး။ ကျနော်တို့က အမြဲတမ်း စိတ်ကောင်း စေတနာနဲ့ လုပ်တာ ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား သဘောတူထားတဲ့ ကိစ္စတွေကိုလည်း ကျနော်တို့ အပြည့်အ၀ တာဝန်ယူပြီးတော့ ဆောင်ရွက်သွားဖို့ အဆင်သင့် ရှိတယ်ဆိုတဲ့ဟာကိုလည်း အမြဲတမ်း ပြောနေပါတယ်။ ဒါကတော့ တဖက်နိုင်ငံကို ရောက်နေတဲ့သူတွေကို ပြန်ပြီးတော့ လက်ခံမယ့် ကိစ္စပေါ့လေ။

နောက်ပြီးတော့ ပြန်လည်နေရာချထားတာတို့ ၊ ပြန်လည်ထူထောင်ရေးတို့၊ ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့လည်း ကုလသမဂ္ဂ အေဂျင်စီ ၂ ခုဖြစ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အေဂျင်စီနဲ့ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံးတို့နဲ့ ကျနော်တို့က နှစ်ဘက် နားလည်မှု စာချွန်လွှာတွေ လက်မှတ်ထိုးပြီး ဖြစ်ပါတယ်။ အဲဒီ စာချွန်လွှာပါ အချက်အလက်တွေကိုတော့ အပြည့်အ၀ လိုက်နာဖို့ အမြဲတမ်း အဆင်သင့် ရှိပါတယ်ဆိုတဲ့ ဟာကိုလည်း အသိပေးပြီး ဖြစ်ပါတယ်။

နိုင်ငံတကာက နေပြီးတော့ ကျနော်တို့ အပေါ် မြင်တဲ့ အပိုင်းကိုတော့ ကျနော့် အနေနဲ့ မပြောလိုပါဘူး။ ကျနော်တို့ဘက်ကတော့ လုပ်စရာ ရှိတဲ့ဟာကို စေတနာ သန့်သန့်နဲ့ တကယ်ဘဲ ကတိတည်ထားတဲ့ အတိုင်းဘဲ ဆက်လက်ပြီးတော့ လုပ်ပါမယ်လို့ ကျနော် ယုံကြည်ပါတယ်။

သိင်္ဂ ီထိုက်။ ။ အခု အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ပေါ့နော် ဒီ Genocide ဖြစ်တယ်ဆိုပြီး ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာရော သံအမတ်ကြီးတို့ အနေနဲ့ ကြေညာချက်ထုတ် ကန့်ကွက်ဖို့ ရှိပါသေးသလား။ ဒီဟာ အပေါ် တုံ့ပြန်မှုပေါ့နော်။ ရှိပါလားရှင့်။

သံအမတ်ကြီး ဦးအောင်လင်း။ ။ ကျနော့် အနေနဲ့ကတော့ အောက်လွှတ်တော်က လူတွေကိုတော့ အခွင့်အရေးလေး ရမယ်ဆိုရင် ကျနော် ရှင်းပြဖို့ ရှိပါမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာ ရှိတဲ့ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်ရော၊ မြန်မာ ကိုယ်စားလှယ်တွေ အနေနဲ့ အဆက်ဆက်ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ပြောထားပြီးသား ဖြစ်တဲ့ အတွက်ကြောင့် အဲဒီ ရပ်တည်ချက်ကို ကျနော်တို့ အနေနဲ့ ဆက်လက်ပြီးတော့ ဆွဲကိုင်ထားမှာ ဖြစ်ပါတယ်။ အဲဒီ အတိုင်း ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဒါကတော့ အစိုးရရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ အောက်လွှတ်တော် အနေနဲ့ ထိတွေ့ဖို့ ရှိတယ်။ သူတို့ အနေနဲ့ ကျနော်တို့ကို ကမ်းလှမ်း ဖိတ်ကြားလာမယ်ဆိုလို့ ရှိရင် ကျနော်တို့ ရှင်းပြဖို့ အဆင်သင့် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG