သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်း ၂ဦး ပွဲဦးထွက် စကားစစ်ထိုးပွဲ စောင့်ကြည့်သူစံချိန်ကျိုး


ကန်သမ္မတလောင်း ၂ဦး ပွဲဦးထွက် စကားစစ်ထိုးပွဲ
ကန်သမ္မတလောင်း ၂ဦး ပွဲဦးထွက် စကားစစ်ထိုးပွဲ

အမေရိကန် သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်ကြတဲ့ ဒီမိုကရက်ပါတီက Hillary Clinton နဲ့ ရီပတ်ဘလီကန်ပါတီက Donald Trump တို့ရဲ့ ပထမအကြိမ် စကား စစ်ထိုးပွဲကို ဝါရှင်တန် ဒီစီမြို့တော် ဒေသစံတော်ချိန် ည ၉ နာရီမှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီ အရေးပါတဲ့ ရွေးကောက်ပွဲအပေါ် လူအများက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြမှာ ဖြစ်သလို မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေကလည်း စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဒေသစံတော်ချိန် စက်တင်ဘာလ ၂၆ ရက်နေ့ည ၉ နာရီ၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲ၊ ကျနော်တို့ အခုအသံလွှင့်ပြီး နာရီဝက်အကြာ စတင်မယ့် ဒီ စကားစစ်ထိုးပွဲဟာ သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦး ဖြစ်ကြတဲ့ Hillary Clinton နဲ့ Donald Trump တို့ရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ ဖြစ်ပြီး ပရိတ်သတ်ပေါင်း ၁၀ သန်းကျော်က ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်တာကို စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

ဒီ စကားစစ်ထိုးပွဲအတွက် ကိုယ်စားလှယ်လောင်းတွေဟာ လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက မဲဆွယ် စည်းရုံးမှုတွေကို ရပ်ဆိုင်းပြီး ကြိုတင် ပြင်ဆင်နေခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း လူထုထောက်ခံမှု ပိုမို ရရှိလာနေတဲ့ Donald Trump ကတော့

"ကျနော်တို့အတွက်အားရစရာ နောက်ဆုံးစစ်တမ်းကောက်ခံချက်မှာ ကျနေ်ာတို့ဘက်က နိုင်ငံတဝှမ်းမှာ ၅ မှတ်နဲ့ အသာရနေပါတယ်။"

Hillary Clinton ကတော့ စကားစစ်ထိုးပွဲတွေမှာ အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး မူဝါဒရေးရာကိစ္စတွေကို စံနစ်တကျ ထိထိမိမိ ပြောဆိုနိုင်သူတဦး ဖြစ်ပါတယ်။

"ကျမနဲ့ Donald Trump တို့ကြားမှာ ကွာခြားမှုတခုကတော့ ကျမအနေနဲ့ ကျမဘာတွေလုပ်ဆောင်ပေးမလဲဆိုတာကို ကျမလူထုကို ချပြတယ်။ ကျမ ချပြတဲ့အတိုင်းလည်း ကျမလက်တွေ့လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရလဒ်တွေ ထွက်ပေါ်အောင်လုပ်ဖို့လည်း ကျမတာဝန်ခံပါတယ်။"

ဒီ စကားစစ်ထိုးပွဲကို စောင့်ကြည့်ကြမယ့်သူတွေထဲ မယ်ရီလန်းပြည်နယ်က ဦးထွန်းအောင်လည်း ပါပါတယ်။

"ကြည့်ကိုကြည့်ဖြစ်ပါမယ်၊ ကျနော့်မိတ်ဆွေတော်တော်များများလည်း သူတို့ကြည့်ကြမယ်လို့ပြောတယ်၊ နောက်ပြီးတော့ ဒီစကားစစ်ထိုးပွဲက အတော်လေးအရေးကြီးပါတယ်။ ဒီနှစ်အတွက်ကတော့ ပိုတောင်အရေးကြီးသေးတယ် ။ Hillary Clinton နဲ့ Donald Trump က တယောက်နဲ့ တယောက် ခြားနားမှုက သိပ်များတယ်။ အဲဒီတော့ လူတွေက စိတ်ဝင်စားမှုရှိတယ်။ Hillary Clinton က အတွေ့အကြုံရှိခဲ့တဲ့ဟာနဲ့ နိုင်ငံခြားရေးမူဝါဒမှာ သူသာလိမ့်မယ်လို့ထင်တယ်။ Donald Trump ကတော့ သူက ခပ်ကြမ်းကြမ်းပြောတော့ ကြိုက်တဲ့လူတွေကလည်းရှိတယ်။"

ဒီ စကားစစ်ထိုးပွဲအတွင်း မေးခွန်းတွေကို ဖြေတဲ့အပေါ်မူတည်ပြီး ရွေးကောက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်ပေးတာမျိုး ဖြစ်သွားနိုင်တယ်လို့လည်း Pennsylvania ပြည်နယ်က အမေရိကန်ရွေးကောက်ပွဲ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဒေါ်ဖြူဖြူက ပြောပါတယ်။

"Debate က မမျှော်လင့်တဲ့မေးခွန်းတွေ မေးတဲ့လူကလည်း ဘက်မလိုက်ဘူး၊ သူက ကြားလူ၊ ကြားလူကနေသူမေးတဲ့အခါ အဖြေပေါ်မှာ အရမ်းမူတည်တယ်။ ဒီနေရာမှာ ကိုယ်ဖြေနိုင်ရင်ဖြေနိုင်သလို အမှတ်က တက်သွားနိုင်တယ် ၊ မဖြေတတ်ရင် အမှတ်က ဗြုန်းကနဲ ကျသွားနိုင်တယ် ဆိုလိုချင်တာက Hillary Clinton က Donald Trump ထက် သာနေတယ်ဆိုပေမယ့် သူကမဖြေတတ်ဘူးဆိုရင် ၊ နောက်ပြီးသူတို့ပြောတာ Presidential ဖြစ်ရမယ် ပုံစံကိုက စကားပြောတာ၊ လေယူလေသိမ်း ကိုက သမ္မတပုံစံပေါက်ရမယ်။ သမ္မတပုံစံမပေါက်ပဲနဲ့ ဟို တမျိုးလေ Donald Trump ပုံစံသိတယ်မလား ၊ သူစကားပြောတဲ့ပုံစံ ။ အဲဒါကလည်း လူတွေရဲ့ First impression လူတွေရဲ့ ပထမဆုံးအမြင်မှာ သူ့ကြည့်ရတာ သမ္မတရုပ်လည်းမပေါက်ဘူး ဆိုတာမျိုး၊ အဲဒါကလည်း အရေးကြီးတယ်။ နောက် Point ကလည်းအရေးကြီးတယ် ။ ဘယ်လိုပြန်ချေပမလဲ ၊ ချေပတာလည်းအရေးကြီးတယ်။ ပိုပြီးအရေးကြီးတာက ကိုယ့် issue ကိုပြောပြနိုင်ရမယ်။ ကိုယ့် stand point ပေါ့နော် Hillary Clinton က သူရပ်တည်နေတဲ့ဟာတွေ ဒါတွေ၊ ဒါတွေ ဆိုပြီးပြောနိုင်တဲ့အခါမှာ လူတွေက အဲဒီအခါကျမှ compare နဲ့ contrast မြင်ပြီးတော့ Hillary Clinton ရဲ့အစီအစဉ်ကတော့ ဒီလိုတွေဖြစ်ပါလား ၊ Donald Trump က ဘယ်လိုဆိုတာတွေ။"

စကား စစ်ထိုးပွဲကိုတော့ နယူးယောက်ပြည်နယ်၊ Hempstead မြို့မှာရှိတဲ့ Hofstra တက္ကသိုလ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီ စကားစစ်ထိုးပွဲကို NBC ရုပ်သံဌာနက ထုတ်လွှင့်သွားမှာဖြစ်ပြီး မေးခွန်းတွေကို မေးတဲ့သူကတော့ NBC သတင်းဌာနက Lester Holt ဖြစ်ပါတယ်။ ဒီစကားစစ်ထိုးပွဲအတွင်း ကိုယ်စားလှယ်လောင်း ၂ ဦးက မဲဆွယ် စည်းရုံးပွဲတွေမှာ ပြောဆိုနေတဲ့ အကြောင်းအရာတွေ အပါအဝင် မူဝါဒရေးရာကိစ္စတွေမှာ သူတို့ရဲ့ ရပ်တည်ချက် အသေးစိတ် အချက်အလက်တွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။

စုစုပေါင်း ၁ နာရီခွဲကြာမယ့် ဒီ စကားစစ်ထိုးပွဲကို ၁၅ မိနစ်စီ ကဏ္ဍ ၆ ခုခွဲပြီး ပြုလုပ်သွားမှာ ဖြစ်ပြီး မေးခွန်းတွေထဲမှာ အမေရိကန်နိုင်ငံ ဦးတည်ချက်၊ တိုင်းပြည် သာယာဝပြောအောင် ဘယ်လုပ်ဆောင်ကြမလဲ၊ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေ စတာတွေလည်း ပါဝင်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton ကို ပထမဆုံး မေးခွန်း စမေးမှာဖြစ်ပြီး မေးခွန်း တခုစီအတွက် ကိုယ်စားလှယ်လောင်း တဦးစီက ၂ မိနစ်စီ ဖြေဆိုခွင့်ရှိမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အဖြေတခုချင်းစီအတွက် ပြိုင်ဖက် ကိုယ်စားလှယ်လောင်းဖြစ်သူက ၂ မိနစ် ပြန်လည် ချေပခွင့် ရှိမှာ ဖြစ်ပါတယ်။

Hillary Clinton ရဲ့ မဲဆွယ် စည်းရုံးရေးအဖွဲ့က လူပေါင်း ၁,၂၀၀ ပါဝင်တဲ့ စကားစစ်ထိုးပွဲ စောင့်ကြည့်တဲ့ ပါတီတွေ ပြည်နယ်ပေါင်း ၅၀ စလုံးမှာ ပြုလုပ်သွားမှာဖြစ်ပြီး Clinton ရဲ့ ဒုသမ္မတလောင်း Tim Kaine လည်း ဖလော်ရီဒါပြည်နယ်၊ Orlando မြို့မှာ ပြုလုပ်မယ့် စကားစစ်ထိုးပွဲ စောင့်ကြည့်ပါတီကို တက်မှာ ဖြစ်ပါတယ်။

သမ္မတလောင်းတွေအနေနဲ့ စကားစစ်ထိုးပွဲ ၃ ကြိမ် ပြုလုပ်သွားဖို့ရှိပြီး ဒုသမ္မတလောင်းတွေကတော့ စကားစစ်ထိုးပွဲ ၁ ကြိမ်သာ ပြုလုပ်မှာ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ သမ္မတလောင်းတွေ ဖြစ်ကြတဲ့ Richard Nixon နဲ့ John F. Kennedy တို့ ၂ ဦးကြား ပြုလုပ်တဲ့ စကားစစ်ထိုးပွဲကစပြီး ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွင့် ပြသတဲ့ အစဉ်အလာ ဖြစ်လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG