သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖတ်ခွင့်မရတဲ့စာတမ်းရှင်တို့ ရဲ့ချေပချက်


 ဒေါက်တာရန်မျိုးသိမ်း နဲ့ စာရေးဆရာ နောင်ကျော်
ဒေါက်တာရန်မျိုးသိမ်း နဲ့ စာရေးဆရာ နောင်ကျော်

NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး ဒီဇင်ဘာလအတွင်း ကျင်းပမယ့် သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲအတွက် တင်သွင်းထားတဲ့ နိုင်ငံရေးသုံးသပ်သူ နှစ်ဦးရဲ့ စာတမ်းတွေကို သက်ဆိုင်ရာက ပိတ်ပင်လိုက်ပါတယ်။

ဒီလို ပိတ်ပင်တာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကြိုးပမ်းနေတဲ့ အစိုးရရဲ့ ပုံရပ်ကို ထိခိုက်စေကြောင်းနဲ့ အပြောင်းအလဲကို အထောက်အကူဖြစ်စေတဲ့ အကျိုးရှိပြီး လွတ်လပ်တဲ့ စာတမ်းဖတ်ပွဲမျိုးတွေရှိဖို့ လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေက တုန့်ပြန် ပြောကြားလိုက်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

လက်ရှိပိတ်ပင်ခံရတဲ့ စာတမ်းနှစ်စောင်ကတော့ ဒေါက်တာရန်မျိုးသိမ်းရေးသားတဲ့ “၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းစာတမ်း” နဲ့ စာရေးဆရာ နောင်ကျော်ရေးသားတဲ့ “ငြိမ်းချမ်းရေးခရီးနှင့် ကွေးကောက်မတ်စောက်သောလမ်းများ” ဖြစ်ပါတယ်။

နိုဝင်ဘာလ (၁၅)ရက်နေ့ ရက်စွဲနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက သက်ဆိုင်သူတွေကို ပေးပို့ခဲ့တဲ့ စာတွေ မှာတော့ ဒီစာတမ်းတွေဟာ လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိနိုင်သည်ဟု ယူဆ သောကြောင့် ဆိုင်းငံ့ထားရန် ကော်မတီဝင်များနှင့် သဘာပတိအဖွဲ့ဝင်များ က ဝမ်းနည်းစွာ ဆုံးဖြတ် ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ဒေါက်တာရန်မျိုးသိမ်းကတော့ ပြန်ကြားရေးက ပိတ်ပင်ခဲ့တဲ့ သူတို့စာတမ်းတွေဟာ စာတမ်းဖတ်ပွဲ ခေါင်းစဉ်နဲ့ ကိုက်ညီတဲ့အပြင် တိုင်းပြည် အပြောင်းအလဲအတွက် အထောက်အကူဖြစ်စေကြောင်း အခုလို ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့တိုင်းပြည်မှာရှိခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကလည်း တကယ်တော့ ကျနော်တို့ နိုင်ငံရဲ့ ခေတ်ပြိုင်သမိုင်းနဲ့ ဆက်စပ်နေတဲ့ စာပေပဲလို့ ကျနော်ကတော့ နားလည်တယ်။ နောက်ပြီးတော့ ဒီလိုပဲ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အသိအမြင်တွေကလည်း ဒီခေတ်ပြိုင်သမိုင်းနဲ့ ဆက်စက်နေတဲ့ စာပေတွေပဲလို့ ယူဆမယ်ဆိုရင် ယူဆလို့ရတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော့်အမြင်အားဖြင့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးရေးတာ နောက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးရေးတာဟာ စာတမ်းဖက်ပွဲရဲ့ ခေါင်းစဉ်နဲ့တော့ ကိုက်ညီတယ်လို့ ကျနော်ကတော့မြင်တယ် ။ လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကာလမှာ ကျနော်တို့ မျှော်လင့်တဲ့ စာတမ်းဖက်ပွဲ ပုံစံမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ယူဆတဲ့အတွက် ကျနော်တို့က ဒီစာတမ်းကို ကျနော်က ရေးသားပြီးတော့ ပေးပို့ခဲ့တာဖြစ်တယ်။

မေး။ ။ ဒေါက်တာရန်မျိုးသိမ်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းစာတမ်းနဲ့ပတ်သက်လို့ မေးရမယ်ဆိုရင် တပ်မတော်ရဲ့ ယုံကြည်မှုကို ရရှိနိုင်မှ ဖွဲ့စည်းပုံကို ပြင်လို့ရမယ်ဆိုတာသိလို့ NLD အစိုးရက အပြန်အလှန်ပူးပေါင်း လုပ်ဆောင်နေတယ်လို့ နားလည်ပေးသင့်တယ် မထင်ဘူးလား။

ဖြေ။ ။ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းရော ငြိမ်းချမ်းရေး အကျပ်အတည်းရော ဖြေရှင်းနိုင်ဖို့မှာ ကျနော်တို့ အားလုံးပါဝင်ပြီးဆောင်ရွက်ဖို့လိုတယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အားလုံးပါဝင်ပြီးဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော အခြားနိုင်ငံရေးပါတီတွေရော၊ တိုင်းရင်းသားပါတီတွေရော ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ အရပ်ဖက်အဖွဲ့အစည်းတွေရော အားလုံးပါဝင်ပြီးတော့ ခေါင်းချင်းရိုက် စဉ်းစားပြီးတော့ အဖြေရှာဖို့လိုအပ်တယ်လို့ ကျနော်မြင်တယ်။ ဥပမာ - အစိုးရနဲ့ တပ်မတော်ကပဲ ညှိနှိုင်းသဘောတူညီမှုယူပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲအတွက်ကို ထိထိရောက်ရောက်အထောက်အကူပြုနိုင်ဖို့ အလားအလာနည်းတယ်လို့ ကျနော်ကမြင်တယ်။ နောက်ပြီး အဲဒီလို ကျနော်တို့ စဉ်းစားချက်မှာ တပ်မတော်ဟာ အထူးအခွင့်အရေးရထားတဲ့ အဖွဲ့အစည်း ပုံစံမျိုးဖြစ်ဖို့မသင့်ဘူးလို့ ကျနော်ကမြင်တယ်။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကိုဖြေရှင်းတဲ့နေရာမှာ တပ်မတော်က သဘောတူမှ ဖြေရှင်းနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် အစိုးရကော၊ အားလုံးကရော တပ်မတော်ကို အလိုလိုက်ပြီးတော့ အကြိုက်ဆောင်နေရတယ် ၊ ကြည့်ပေါင်းနေရတဲ့ ပုံစံမျိုးဖြစ်မယ်ဆိုရင် ကျနော်တို့ နိုင်ငံသမိုင်းမှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍဟာလည်း ပြည်သူနဲ့ ပိုပြီးတော့ ကင်းကွာသလိုဖြစ်သွားမယ်လို့ ကျနော်ကမြင်တယ်။

မေး။ ။အခုအချိန်မှာ NLD ရော တိုင်းရင်းသားတွေပါ ဖွဲ့စည်းပုံပြင်ရေးကိုသာ တောင်းဆိုနေမယ်ဆိုရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ရှေ့ကို ရွေ့နိုင်မယ်ထင်ပါသလား။

ဖြေ။ ။ လက်ရှိကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရှေ့တိုးနိုင်ဖို့ဆိုရင် ကျနော်တို့ဟာ မဖြစ်မနေ ဖွဲ့စည်းပုံအခြေခံ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကိုလည်း တပြိုင်နက် ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေး ကိုအရင်လုပ်မယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအကျပ်အတည်းကို နောက်မှလုပ်မယ်ဆိုတဲ့ စဉ်းစားချက်ဟာ လက်တွေ့မကျပဲနဲ့ စိတ်ကူးယဉ်ဆန်တဲ့ စဉ်းစားချက်လို ကျနော်ကတော့ သုံးသပ်ပါတယ်။”

ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်း ဖတ်ပွဲအတွက် အခြားတင်သွင်းထားတဲ့ စာတမ်းတွေ ထဲမှာ အလားတူ အပိတ်ခံရတာများရှိသလားဆိုတာတော့ ပြန်ကြားဝန်ကြီးဌာနက မထုတ်ပြန်သေးပါဘူး။

စာတမ်းအပိတ်ခံရတဲ့ စာရေးဆရာ နောင်ကျော်ကတော့ အခုလို ပြန်ကြားရေးဌာနရဲ့ လုပ်ရပ်ဟာ ပထမဆုံးအကြိမ်တက်လာတဲ့ အရပ်သား NLD အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်း Facebook မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG