သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက် ပါတီညီလာခံ နောက်ဆုံးနေ့


ဒီမိုကရက် ပါတီညီလာခံ နောက်ဆုံးနေ့ (ဇူလိုင် ၂၈၊ ၂၀၁၆)
ဒီမိုကရက် ပါတီညီလာခံ နောက်ဆုံးနေ့ (ဇူလိုင် ၂၈၊ ၂၀၁၆)

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းတဦးကို တရားဝင်ရွေးချယ်ကြတဲ့ ၄ ရက်ကြာ ညီလာခံ အဆုံးသတ်မယ့် ဒီကနေ့မှာ တော့ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင် လက်ခံရင်း ဟီလာရီ-ကလင်တန် ကိုယ်တိုင် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ မကြာခင် နာရီပိုင်းကပဲ စတင်ကျင်းပနေတဲ့ ဒီမိုကရက်တစ်ပါတီ ညီလာခံ နောက်ဆုံးနေ့ အခြေအနေကိုတော့ Pennsylvania ပြည်နယ် Philadelphia မြို့မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးကို ဆက်သွယ်မေးမြန်းကြည့်မှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီညီလာခံကိုရောက်ရှိနေတဲ့ ကိုအောင်လွင်ဦး။
ဒီမိုကရက်တစ်ပါတီညီလာခံကိုရောက်ရှိနေတဲ့ ကိုအောင်လွင်ဦး။

ကိုဉာဏ်ဝင်းအောင်။ ။ ကိုအောင်လွင်ဦးရေ ညီလာခံနောက်ဆုံးနေ့မှာ ဟီလာရီကလင်တန် ကိုယ်တိုင် စကားပြောမယ်၊ သမီးဖြစ်တဲ့ ချယ်လ်ဆီး-ကလင်တန်လည်း စကားပြောမယ်ဆိုတော့ ဘာတွေ အဓိက ပြောမယ်လို့ သိထားရသလဲ။

ကိုအောင်လွင်ဦး။ ။ ဟုတ်ကဲ့။ ဒီမိုကရက်တစ်ပါတီရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလောင်းအဖြစ် တရားဝင်လက်ခံရင်းနဲ့ပြောကြားမယ့် ဟီလာရီကလင်တန်ရဲ့သမိုင်းဝင်မိန့်ခွန်းထဲမှာ ညီလာခံနောက်ဆုံးနေ့ ခေါင်းစဉ်ဖြစ် တဲ့ " Stronger Together" ဆိုတဲ့အတိုင်းပဲ သူ့အနေနဲ့ တိုင်းပြည်ကို စုစည်းညီညွတ်အောင် ခိုင်မာအောင် ဘယ်လိုဦးဆောင်မယ် လုပ်နိုင်စွမ်းရှိတယ် ဆိုတာကို သူ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ အခြေခံပြီး ပြောပါလိမ့်မယ်။ ပထမဆုံးကလင်တန်အနေနဲ့ သူ့ရဲ့ပြိုင်ဖက် ရီပတ်ပလင်ကန်က သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေလိုမဟုတ်ပဲနဲ့ အမေရိကန်ကို ဦးဆောင်သွားမယ့် သူ့ရဲ့ မျှော်မှန်းချက်တွေကိုလည်းပဲ အာရုံစိုက်ပြီး ပြောပါလိမ့်မယ်။

ဟီလာရီကလင်တန်သာ သမ္မတဖြစ်လာရင် သမ္မတ ဘရက်အိုဘားမား တတိယ သက်တမ်းဆက်ခံသလိုဖြစ်မယ်။ နောက် ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာမှာ မဟုတ်ဘူးဆိုပြီး ဝေဖန်တာတွေကိုလည်း သူ့အနေနဲ့ ချေဖျက်ဖို့လည်း ကြိုးစားနိုင်ပါတယ်။ ဒါကြောင့်လည်းပဲ ဒီမိုကရက်တစ်ပါတီရဲ့ အခြေခံမူတွေအတိုင်း ရပ်တည်မှာဖြစ်ပေမဲ့ သူ့မှာ ထူးခြားတဲ့မျှော်မှန်းချက်တွေ ရှိတယ်ဆိုတာမျိုးကိုလည်း အလေးထားပြောကောင်းပြောနိုင်ပါတယ်။ သူနဲ့ နောက်ဆုံးအချိန်အထိ ပါတီထဲမှာ ယှဉ်ခဲ့ရတဲ့ အထက်လွှတ်တော်အမတ် ဘားနီးဆန်းဒါးကိုလည်း ထောက်ခံပြီးတော့ သူ့ကို မဲမပေးချင်ပဲ ဖြစ်နေသူတွေ လက်ခံအောင်လည်း တတ်နိုင်သလောက် စည်းရုံးပြောလိုက်မယ်လို့ မျှော်လင့်ရပါတယ်။ သမ္မတဟောင်းကလင်တန်ရဲ့သမီး ချာ်လ်ဆီးကလင်တန်ကတော့ သူ့မိခင်ကလင်တန်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေ စွမ်းဆောင်နိုင်စွမ်းတွေကို မိသားစုဝင်တဦးရဲ့ အတွေ့အကြုံတွေကို မိတ်ဆက်ပေးရင်းနဲ့ သူကတော့ ပြောမှာဖြစ်ပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ဟုတ်ကဲ့ အဲဒီတော့ ဟီလာရီ ကလင်တန်တို့ သားအမိအပြင် ညီလာခံ နောက်ဆုံးနေ့ စကားပြောကြမယ့်အထဲမှာ ထူးထူးခြားခြား ပြောကြ ဆိုကြမယ့် နိုင်ငံရေးခေါင်းဆောင်တွေ - တခြား ဘယ်သူတွေ ပါသေးလဲခင်ဗျ။

ကိုအောင်လွင်ဦး။ ။ ဟုတ်ကဲ့။ ညီလာခံနောက်ဆုံးနေ့ ပြောကြမယ့်သူတွေအထဲမှာ နာမည်ကြီးတွေထဲမှာတော့ ဒီမိုကရက်တစ်အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် နန်စီပလိုစီ၊ နောက်တခါ အထက်လွှတ်တော်အမတ်၊ နယူးယောက်က အုပ်ချုပ်ရေးမှူးတို့လို ထင်ရှားတဲ့သူတွေပါပါတယ်။ နောက်ပြီးတော့ အမေရိကန်ပြည်ထောင်စု ပြည်တွင်း၊ ပြည်ပ လုံခြုံရေးမှာ အဓိက ကျတဲ့ရဲ၊ စစ်တပ်တို့ အခန်းကဏ္ဍ တွေ နောက် လုံခြုံရေးတပ်ဖွဲ့တွေကို ဦးဆောင်နိုင်စွမ်းရှိသူ၊ ပံ့ပိုးနိုင်စွမ်းရှိသူက သမ္မတလောင်း ကလင်တန်ဖြစ်တယ်ဆိုတာကို ထိပ်တန်းလုံခြုံရေးအရာရှိဟောင်းတွေက ပြောကြပါလိမ့်မယ်။ ဒီအထဲမှာ အာဖဂန်မှာ အခြေစိုက်တဲ့ အမေရိကန်တပ်ဖွဲ့တွေရော နိုင်ငံတကာတပ်ဖွဲ့တွေရဲ့ ထိပ်တန်းတပ်မှူးဟောင်းတဦး ဖြစ်ခဲ့ဖူးတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီးဟောင်း ပါမယ်။ နောက်ပြီးတော့ အာဖဂန်စစ်ပွဲမှာ ထူးချွန်ပြီးတော့ သမ္မတ အိုဘားမား ထိပ်တန်းဂုဏ်ထူးဆောင်ဆု ချီးမြှင့်တာခံရဖူးတဲ့ အငြိမ်းစားဗိုလ်ကြီးလည်း ပါကြပါလိမ့်မယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ ကိုအောင်လွင်ဦးက Republican ညီလာခံရော ၊ အခု Democrat ပါတီညီလာခံကိုရော တက်ရောက် သတင်းယူတာဆိုတော့ - သာမန် အမေရိကန် လူထုအတွက်ပေါ့လေ။ ဘယ် ပါတီညီလာခံက ပိုပြီး ဆွဲဆောင်မှုရှိတယ် ထင်ပါသလဲ ။

ကိုအောင်လွင်ဦး။ ။ ဟုတ်ကဲ့။ ယေဘူယျသုံးသပ်မယ်ဆိုရင် အဓိက ရီပတ်ပလင်ကန်ဘက်ပိုင်းမှာ အမေရိကန်နိုင်ငံရေးလောက မှာ နိုင်ငံရေးအယူအဆ ကွဲပြားနေတာတွေ၊ သမ္မတ အိုဘားမား သက်တမ်း ၈နှစ်ကို ငြီးငွေ့နေ တာတွေ နောက်ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေး ၊ စီးပွားရေးကို အားမရတဲ့သူတွေကတော့ ထရမ့်ကို ကြိုက်နေကြဆဲပါ။ ဒါကိုလည်းပဲ ရီပတ်ပလင်ကန်ပါတီညီလာခံအပြီးမှာ ကောက်ယူတဲ့လူထုစစ်တမ်းတွေမှာလည်း ထရမ့်အပေါ်မှာ လူထုထောက်ခံမှုက တစုံတရာ တက်လာတယ်ဆိုတာကို သိနိုင်ပါတယ်။

ဒါပေမဲ့ ဒီမိုကရက်တစ်ညီလာခံမှာတော့ စကားပြောတဲ့သူတွေက လက်ရှိသမ္မတ၊ သမ္မတဟောင်းလို အရှိန်အဝါကောင်းတဲ့ ပုဂ္ဂိုလ်တွေလည်းပါတယ်။ နောက်ပြီးတော့ လူတွေ သဘောကျကြကြတဲ့လူတွေ ဥပမာ အရင်တုန်းက နယူးယောက်က အုပ်ချုပ်ရေးမှူးဟောင်းလုပ်သွားတဲ့ ဒီမိုကရက်လည်းမဟုတ်ဘူး။ ရီပတ်ပလင်ကန် လည်း မဟုတ်ဘူး ပုဂ္ဂိုလ်တွေမျိုးပေါ့လေ။ ပညာတတ်ပြီး လွတ်လပ်တဲ့ ပုဂ္ဂိုလ်မျိုးတွေကအစ ဒေါနယ်ထရမ့်ကို ထောက်ခံလို့မဖြစ်ဘူး။ ကလင်တန်ကိုပဲ ထောက်ခံမှဖြစ်မယ်ဆိုတဲ့ ဒီလိုလူမျိုးတွေက အစ ပြောလာတယ် ဆိုတော့ ဒီမိုကရက်တစ်ပါတီညီလာခံအပြီးမှာတော့ လူတွေရဲ့လက်ခံမှုကလည်း ဟီလာရီကလင်တန်အပေါ်မှာ တစုံတရာ တက်လာနိုင်ပါတယ်။ နောက်တခု ကလည်းပဲ အရင်တုန်းက ကလင်တန်ကို ထောက်ခံမှုအပိုင်းက တစုံတရာ လျော့ပါးနေတယ် ဆိုတာကလည်းပဲ သူ့ပြိုင်ဖက် ဘားနီးဆန်းဒါးကိုပဲ ပုံပြီး အောနေတော့ ကလင်တန်အနေနဲ့ ထောက်ခံမှုက တစုံတရာ လျော့နေတာပါ။ အခုကျတော့ ဘားနီးဆန်းဒါးကို ပေးနေတဲ့သူတွေကလည်းပဲ သေချာတာကတော့ ဒီလူတွေ အကုန်လုံးက ထရမ့်ကို မကြိုက်ကြတော့ ကလင်တန် ဒီမိုကရက်ကို ပံ့ပိုးဖို့ အပိုင်းကတော့ များလာမှာတော့ သေချာပါတယ်။

ဒီမိုကရက်တစ်ပါတီ ညီလာခံ နောက်ဆုံးနေ့ အခြေအနေကိုတော့ Pennsylvania ပြည်နယ် Philadelphia မြို့မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦးကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG