ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံက တိုင်းရင်းသားတချို့ရဲ့ အသံတွေကို ကမ္ဘာက မပြောနဲ့ မြန်မာနိုင်ငံထဲမှာတောင် လူတွေ မကြားနိုင်ကြသေးဘူလို့ တိုင်းရင်းသားလူမျိုးစုများ ဒီမိုကရေစီအဖွဲ့ က ပအို့ဝ်လူငယ် ခွန်ခမ်းကောင် က ပြောဆိုပါတယ်၊ တိုင်းရင်းသားလူမျိုးတွေရဲ့ နောက်ကျကျန်နေတဲ့ အခွင့်အရေးတွေအတွက် ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတချို့ ရှိနေဆဲပဲလို့လဲ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ ခွန်ခမ်းကောင်က ဆိုပါတယ်၊ ပအို့ဝ်လူမျိုးတွေရဲ့ အခွင့်အရေးနဲ့ ယဉ်ကျေးမှုတွေကို မြှင့်တင်နိုင်ဖို့တင်မက တိုင်းရင်းသားအားလုံးအခွင့်အရေး တန်းတူရရှိရေးအတွက်ကိုလည်း တတ်နိုင်တဲ့ဖက်က ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်၊ နယူးရော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျုးိစုများဆိုင်ရာ ညီလာခံကို တက်ရောက်ခဲ့တဲ့ ခွန်ခမ်းကောင်ကို ကိုသားညွန့်ဦးက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုသားညွှန့်ဦး ။ ။ အခုလို ဗွီအိုအေကို လာပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော် အရင်ဆုံး မေးချင်တာက ခွန်ခမ်းကောင်တို့ တောင်ကြီးအခြေစိုက်လူငယ်အဖွဲ့ ဒီမို (DEMO) ဆိုပြီး ပေးပြီးတော့ ဆောင်ရွက်နေတယ်ဆိုတော့ ဒီအဖွဲ့အစည်းက အဓိက လူငယ်တွေနဲ့ ပတ်သက်လို့ ဘယ်လို ရည်ရွယ်ချက်ထားပြီးတော လုပ်ကိုင်နေတာလဲ။
ခွန်ခမ်းကောင် ။ ။ ကျနော်တို့ ဒီမိုအဖွဲ့ကို ပအို့ဝ်လူငယ်အဖွဲ့ကို ၂၀၁၂ မှာ စပြီးဖွဲ့ခဲ့တာပါ။ အဲဒီလို ဖွဲ့ပြီးမှ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတော့ ကျနော်တို့ တိုင်းရင်းသားလူငယ်တွေရဲ့ အသံတွေကို ပြောမယ်ဆိုရင် ကမ္ဘာမှာမပြောနဲ့ မြန်မာနိုင်ငံအတွင်းမှာတောင် ကျနော်တို့က သိပ်ပြီးတော့ လူတွေက မသိကြဘူးဖြစ်နေတယ်။ နောက်တခုက ရည်ရွယ်ချက်က တိုင်းရင်းသားတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ရှိတယ်။ ဥပမာ နိုင်ငံရေးအရ နောက်ကျကျန်နေတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ အခွင့်အရေးတွေ ဒါတွေကို ကျနော်တို့က လူ့အခွင့်အရေးတွေကို မြှင့်တင်ချင်တာလည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်ပြောင်းစနစ်ပြောင်း ကာလမှာ တိုင်းရင်းသားလူငယ်တွေအနေနဲ့ တိုင်းရင်းသားလူမျိုးများအနေနဲ့ ပြန်ပြီးတော့ ကိုယ့်ရဲ့ အခွင့်အရေးတွေကို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပြန်ပြီးဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်တွေပါတယ်။ အဲဒါကြောင့် ဒီမိုဆိုတဲ့ ပအို့ဝ်လူငယ်အဖွဲ့ကို ဖွဲ့ရခြင်းဖြစ်တယ်။
ကိုသားညွှန့်ဦး ။ ။ အခု အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ပြောမယ်ဆိုရင် အပြောင်းအလဲကာလမှာ ရန်ကုန်၊ မန္တလေးတွေမှာ တော်တော်များများ တွေ့ရတယ်။ လှုပ်ရှားနိုင်ခွင့်ရှိတယ်။ အခု တောင်ကြီးလို တိုင်းရင်းသားဒေသတွေမှာ လှုပ်ရှားတဲ့အခါမှာ အခက်အခဲ ရှိလား။ အဟန့်အတား ရှိလား။ ဘာတွေ စိန်ခေါ်ချက်တွေ ရှိလဲ။
ခွန်ခမ်းကောင် ။ ။ ရန်ကုန်တွေထက်စာရင်တော့ ကျနော်တို့ ရှမ်းပြည်ဖက်မှာ၊ နယ်ဒေသတွေမှာ လှုပ်ရှားမှု နည်းနည်းလေး ခက်တာပေါ့။ နည်းနည်းလေး ခက်တယ်ဆိုတာ နယ်တွေမှာရှိတဲ့ ဒေသခံတွေကိုယ်တိုင်က အပြောင်းအလဲကို လိုက်မမီသေးဘူး။ လိုက်မမီသေးတော့ အကြောက်တရားတွေက ရင်ထဲမှာ ရှိနေသေးတယ်။ သူတို့ ပါလာအောင် လက်တွဲတဲ့အခါမှာ လက်တွဲဖို့ခက်တယ်။ တချို့ ဒေသန္တရအာဏာပိုင်တွေက အထက်က အပြောင်းအလဲတွေ လုပ်နေတယ်။ ဒါပေမဲ့ အဲဒါကို သိပ်ပြီးတော့ နားမလည်သေးတော့ စနစ်ဟောင်းတွေကို နည်းနည်းလေး ခင်တွယ်နေသေးတဲ့ အာဏာပိုင်တချို့ကို တွေ့နေရတယ်။ အဲဒီအတွက် လှုပ်ရှားမှုတွေမှာ အခက်အခဲတတွေ အများကြီးရှိတာပေါ့။ ဘယ်လိုဖြစ်ဖြစ် သူတို့နဲ့ ညှိနှိုင်းရင်တော့ ရနိုင်တဲ့ အနေအထားမျိုးတွေလည်း တချို့တွေမှာ တွေ့ရပါတယ်။
ကိုသားညွှန့်ဦး ။ ။ လုပ်ခွင့်ကတော့ ရနေတယ်။ ဒါပေမဲ့ တဖက်က လုပ်တဲ့အထဲမှာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ဆောင်ရွက်နေတယ်ဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဒေသအတွင်းမှာ ဘယ်လောက်အထိ လုပ်ခွင့်ရလဲ။
ခွန်ခမ်းကောင် ။ ။ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်လာရင်တော့ ကျနော်တို့ ဒေသမှာ တစ်အချက်အနေနဲ့ ဘာလုပ်လဲဆိုတော့ လူ့အခွင့်အရေးအမြင် သင်တန်းတွေ ပေးတယ်။ အဲဒီလို နားလည်လာပြီဆိုမှ ဒေသအတွင်းမှာ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာရပ်တွေကို အဲဒါကို ဘယ်လိုလုပ်လဲဆိုတော့ ရွာသားတွေနဲ့ စုပေါင်းပြီးတော့ သူတို့ ဖြစ်ချင်တဲ့ဆန္ဒ၊ သူတို့ လိုချင်တဲ့ပုံစံမျိုးလေးတွေကို ကျနော်တို့က ကြားကနေတဆင့် သက်ဆိုင်ရာတွေဆီကို ပြန်ပြီးတော့ တင်ပြပေးတယ်။ ဥပမာ လယ်မြေအသိမ်းခံရတဲ့ကိစ္စတွေဆိုရင် ကျနော်တို့က သမ္မတဆီ၊ သက်ဆိုင်ရာ လယ်ယာမြေကော်မရှင်တွေဆီ စာနဲ့တဆင့် တင်ပေးတာမျိုးတွေ လုပ်ပေးလေ့ရှိတယ်။
ကိုသားညွှန့်ဦး ။ ။ အဲဒီနေရာမှာ ဘယ်လောက်အထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်တယ်လို့ ယူဆလို့ရလဲ။
ခွန်ခမ်းကောင် ။ ။ အခု ကူးပြောင်းကာလမှာ ကျနော်တို့ ပြောမယ်ဆိုရင် ထိုက်သင့်သလောက် ဖြေရှင်းခဲ့ရတာတွေ မြင်သွားတာတွေ ရှိပါတယ်။ ကျနော်တို့ တောင်ကြီးဖက်မှာ လယ်မြေသိမ်းခံနေရတဲ့ တောင်ကြီးမြို့အတွင်းမှာပဲ စစ်တပ်က သိမ်းလိုက်တဲ့ နယ်မြေတွေ၊ ရဲက သိမ်းလိုက်တဲ့ မြေတွေကို ကျနော်တို့ ကူညီပေးပြီး ရတာတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့နေရာတွေက ပြည်သူတွေရဲ့ ပါဝင်မှု အားနည်းတာတွေ၊ ပြည်သူတွေရဲ့ အကြောက်တရားတွေကြောင့် လုပ်ရတဲ့နေရာမှာ၊ လှုပ်ရှားရတဲ့နေရာမှာ ခက်တာတွေ ရှိတယ်။ ပြီးတော့ အဓိကအားဖြင့် ဒေသခံ အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းနေတာမျိုးကိုလည်း တွေ့ရတယ်။ အောင်မြင်သင့်သလောက်ကတော့ သိပ်ပြီးတော့ မအောင်မြင်သေးဘူး။
ကိုသားညွှန့်ဦး ။ ။ တဆက်တည်း တိုင်းရင်းသား အခွင့်အရေးကိစ္စကို မေးချင်ပါတယ်။ ဒီမိုအဖွဲ့က တိုင်းရင်းသား ပအို့ဝ်ရိုးရာ ယဉ်ကျေးမှု၊ စာပေစကားုတွေနဲ့ ပတ်သက်လို့ လုပ်နေတော့ အဲဒါ အခုလက်တလောက ရိုးရာယဉ်ကျေးမှု၊ စာပေယဉ်ကျေးမှုနဲ့ လုပ်ဆောင်နေတာ တောင်ကြီးအခြေစိုက် ဘယ်လိုဟာမျိုးတွေ လုပ်နေပါလဲ။
ခွန်ခမ်းကောင် ။ ။ ကျနော်တို့ ဒီမိုအဖွဲ့အစည်းအနေနဲ့က အဓိကတော့ ကိုယ့်စာပေ တိုးတက်အောင် အခုဆိုရင် ဘာတွေလုပ်နေသလဲဆိုတော့ တစ်လတစ်ခါ ဂျာနယ်တွေ။ ဗမာလို့ ပြောမယ်ဆိုရင်တော့ ပြည်သူ့အသံ ဂျာနယ်လေးကို ထုတ်နေတယ်။ ပအို့ဝ်လို ထုတ်နေတယ်။ ကျနော်တို့ ပအို့ဝ်မှာက တိုင်းရင်းသားတွေက စာဖတ်မှုအား အရမ်းနည်းတယ်။ စာဖတ်မှု များလာအောင် ကိုယ့်ရဲ့စာပေကို ဂျာနယ်လေးကို ထုတ်ပြီးမှ မြှင့်တင်လာတယ်။ ဂျာနယ်ထုတ်ရုံတင်နဲ့ မကဘူး ကျနော်တို့ ဒီမိုအနေနဲ့ ပအို့ဝ်စာပေကိုလည် ကိုယ်တတ်နိုင်သလောက် သင်ကြားပေးတာမျိုးတွေ ရှိတယ်။ ပြီးတော့မှ ကျနော်တို့အဖွဲ့အစည်းရဲ့ မူထဲမှာ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ စာအုပ်တွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ စသဖြင့် အဲဒီလိုမျိုးတွေကို ထုတ်ဝေနေတာတွေလည်း ရှိပါတယ်။
ကိုသားညွှန့်ဦး ။ ။ စာပေ သင်ကြားတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ကျောင်းအနေနဲ့ လုပ်နေတာလား။ ဘယ်လို ပုံစံမျိုးနဲ့ လုပ်နေတာလဲ။
ခွန်ခမ်းကောင် ။ ။ ကျနော်တို့ စာပေ သင်ကြားတာကတော့ ထုံတမ်းအစဉ်အလာအရ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ (၃) လတာ ကာလတွေမှာ ပအို့ဝ်စာတွေကို ကျနော်တို့က ဘုန်းကြီးကျောင်းမှာ သင်ပေးပါတယ်။ ဆရာတွေ ခေါ်ပြီးတော့ ကျောင်းသားတွေကို ဖိတ်တယ်။ အဲဒီမှာ (၁၀) ရက်တန်သည်ဖြစ်စေ၊ (၁) လတန်သည်ဖြစ်စေ သင်ကြားပေးပြီးတော့ Certificate တွေ ထုတ်ပေးတာမျိုးတွေရှိတယ်။ ကျနော်တို့ သက်ဆိုင်ရာ ပအို့ဝ်အဖွဲ့အစည်းတွေ။ ဥပမာ ပအို့ဝ်စာပေအဖွဲ့နဲ့လည်း ချိတ်ဆက်ထားတာတွေ ရှိပါတယ်။ နောက်တခုက ကိုယ့်ရဲ့စာပေနဲ့ ယဉ်ကျေးမှု ပတ်သက်ပြီးတော့ ကျနော်တို့ ပအို့ဝ်တွေမှာရှိတဲ့ ဗမာလို ပြောမယ်ဆိုရင် တရားဟောဆရာလို့ ပြောရမှာပေါ့။ အဲဒီမှာ ကျနော်တို့က ဌာနကထိုင်တွေနဲ့ ရွက်ရတဲ့ဟာလေး။ နည်းနည်းလေးတော့ လေးတယ်။ ဒီခေတ် လူငယ်တွေကတော့ သိပ်တော့ ကြိုက်မှာ မဟုတ်ဘူး။
ကိုသားညွှန့်ဦး ။ ။ ဘာအတွက်လဲ တရားဟောဖို့က
ခွန်ခမ်းကောင် ။ ။ အဓိကတော့ ပညာရေးအတွက်။ အဲဒီမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် လူ့အခွင့်အရေးနဲ့ ပတ်သက်တာကို တရားဟော ပုံစံမျိုးလေး အခွေလေးတွေ ထုတ်ပြီးတော့ ရောင်းတာမျိုးတွေ ရှိတယ်။ ပအို့ဝ်လို ပြောမယ်ဆိုရင်တော့ “…” လို့ ခေါ်တယ်။
ကိုသားညွှန့်ဦး ။ ။ ပအို့ဝ် ယဉ်ကျေးမှုတမျိုးပေါ့။ နောက်တခုက ဘာသာစကားနဲ့ ပတ်သက်လို့ အရင်ခေတ်ကာလတုန်းကတော့ အခြားတိုင်းရင်းသားစာပေနဲ့ ပတ်သက်လို့ ကန့်သတ်မှုတွေ ကြုံရတယ်လို့ ကြားတယ်။ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ မွန်ဆိုရင် မွန်စာပေ သင်ကြားမှုနဲ့ ပတ်သက်လို့ တချို့ကျောင်းတွေ ပိတ်ခံရတာတွေ ရှိခဲ့တယ်။ အခု ပအို့ဝ်ဒေသမှာ အဲဒီလို စာပေသင်ကြားမှုနဲ့ ပတ်သက်မှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက ဟန့်တားတာ၊ နှောက်ယှက်တာ၊ တခြားအခက်အခဲ ဘာတွေရှိလဲ။
ခွန်ခမ်းကောင် ။ ။ အခုကြတော့ အကူးအပြောင်းကာလ ဖြစ်နေလို့လား မပြောတတ်ဘူး။ စာပေ သင်ကြားမှုနဲ့ ပတ်သက်ပြီး အခက်အခဲတွေ မရှိပါဘူး။ အခုဆိုရင် နိုင်ငံတော်အစိုးရက တရားဝင် ကျောင်းအချိန်မှာ ကိုယ့်ရဲ့ စာပေကို သင်ကြားပေးဖို့ ခွင့်ပြုထားတယ်။ အခုဆိုရင် ကျနော်တို့ မွန်ပြည်နယ်မှာနဲ့တူတယ် တိုင်းရင်းသားကဏ္ဍဆိုပြီး တိုင်းရင်းသားရေးရာတွေကို ဖော်ထုတ်ခွင့် ပေးတဲ့ စာမျက်နာလေးတွေ ရထားတာတွေရှိတယ်။
ကိုသားညွှန့်ဦး ။ ။ အစိုးရကျောင်းတွေမှာလား။
ခွန်ခမ်းကောင် ။ ။ ဟုတ်ကဲ့ .. အစိုးရကျောင်းတွေမှာ ကိုယ့်ရဲ့ စာပေတွေကို သင်ကြားနိုင်တဲ့ အခွင့်အရေးတွေ။
ကိုသားညွှန့်ဦး ။ ။ အခုလဲ ကျနော်တို့ ကြားပါတယ်။ ပညာရေး ပေါ်လစီ ဆွေးနွေးတော့ တိုင်းရင်းသား ဘာသာစကားတခုကို သင်ရေးကို လုပ်ကြတော့ အလားအလာကော ပအို့ဝ် ဘာသာစကားကို အခုနပြောသလို ပအို့ဝ်ရှိတဲ့ ဒေသတွေမှာ အစိုးရကျောင်းတွေ၊ နိုင်ငံက ဖွင့်တဲ့ကျောင်းတွေမှာ သင်ကြားနိုင်ရေး အလားအလာက ဘယ်လိုရှိလဲ။
ခွန်ခမ်းကောင် ။ ။ ဒါကိုတော့ ကျနော်တို့ တိုင်းရင်းသားငယ် အထူးသဖြင့် ပအို့ဝ်ကြတော့ အများကြီး လိုပါသေးတယ်။ ဥပမာ ကျောင်းသင်ရိုးတွေကို အများကြီး ပြန်ပြီးတော့ ရေးဆွဲဖို့ လိုသေးတယ်။ အခုလောလောဆယ် သင်ရိုးတွေက ဘာလဲဆိုတော့ မြန်မာဖတ်စာကနေ ဘာသာပြန်ပြီးတော့ သင်ရိုးလုပ်နေရတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ ရှေ့ဆက်ပြီးတော့မှ ကျနော်တို့ရဲ့ ကိုယ်ပိုင် သင်ရိုးတွေကို ပြဌာန်းနိုင်အောင်၊ သင်ကြားနိုင်အောင် ဆက်ပြီးတော့ ကြိုးစားဖို့ အများကြီးလိုပါသေးတယ်။
ကိုသားညွှန့်ဦး ။ ။ ဒီမိုအဖွဲ့အစည်း တခုအနေနဲ့ လုပ်နေလား။ တခြား လူကြီးပိုင်း အဖွဲ့အစည်းတွေနဲ့ စာပေ ယဉ်ကျေးမှုနဲ့ ဆက်စပ်ပြီး လုပ်ဆောင်တာ ရှိပါသလား။
ခွန်ခမ်းကောင် ။ ။ ကျနော်တို့ ဒီမိုအဖွဲ့အနေနဲ့ကတော့ တပိုင်းတနိုင်လောက်ပဲ စာပေနဲ့ ယဉ်ကျေးမှုကို ကြိုးစားပြီးတော့ မြှင့်တင်နေတာပေါ့။ ဒါပေမဲ့ အဓိက ပအို့ဝ်စာပေနဲ့ ယဉ်ကျေးမှုကို လုပ်ဆောင်နေတဲ့အဖွဲ့အစည်းကြီးတခု ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ရဟန်းသံဃာတွေထဲမှာ ပအို့ဝ် စာပေနဲ့ ယဉ်ကျေးမှုဆိုပြီး သီးသန့်ဖွဲ့ထားတာ ရှိတယ်။ အဲဒီ ပအို့ဝ် စာပေ နဲ့ ယဉ်ကျေးမှုက ရဟန်းသံဃာတွေနဲ့ ပူးပေါင်းပြီး စာပေတွေကို မြှင့်တင်ဖို့ လုပ်ဆောင်နေခဲ့တယ်။ တော်တော်လေးကို ကြာနေပါပြီ။
ကိုသားညွှန့်ဦး ။ ။ ခွန်ခမ်းကောင် ပြောသွားတဲ့အထဲမှာ ဘာသာစကား စာပေ မြှင့်တင်ဖို့အတွက် ဂျာနယ်လေး ထုတ်တယ်။ အဲဒါ မီဒီယာ ဖွံ့ဖြိုးမှု အစိတ်အပိုင်းတခုပေါ့။ တခြား ဘာတွေများ စီစဉ်လုပ်ထားတာရှိလဲ။
ခွန်ခမ်းကောင် ။ ။ မီဒီယာနဲ့ ပတ်သက်လို့ အခုလောလောဆယ် ကျနော်တို့က ပအို့ဝ် ဘာသာနဲ့ပဲ ထုတ်နိုင်သေးတယ်။ အကန့်အသတ်တွေ ရှိတယ်။ ပြီးတော့ တစ်လတစ်ခေါက်ပဲ ထုတ်နိုင်သေးတယ်။ ဖြစ်နိုင်ရင် တစ်ပတ်တစ်ခေါက် ထုတ်ချင်တယ်။ ပြီးတော့မှ ပအို့ဝ် ဘာသာတင်မကဘဲ ဥပမာ မြန်မာဘာသာနဲ့ ဆက်ပြီးတော့ ထုတ်ဖို့လည်း အစီအစဉ် ရှိသလို၊ ကျနော်တို့ ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကမ္ဘာလုံးက သိအောင်လည်း အင်္ဂလိပ်လို ထုတ်ဖို့ ကြိုးစားနေပါတယ်။ နောင်လာမယ့် လေးငါးနှစ် စီမံကိန်းပုံစံနဲ့ လုပ်ထားတာရှိပါတယ်။
ကိုသားညွှန့်ဦး ။ ။ အခုကလဲ မီဒီယာ လွတ်လပ်ခွင့် တစုံတရာ ရလာတယ်ဆိုတော့ ဂျာနယ်နဲ့ပဲ လုပ်မလား။ တခြား ကွန်မြူနီတီ ရေဒီယိုတွေ ပေါ်လာရင် အဲဒီအတွက် ပြင်ဆင်ထားတာတွေ ရှိပါသလား။
ခွန်ခမ်းကောင် ။ ။ အခု လတ်တလော အခြေအနေမှာ ကိုယ်လုပ်နိုင်တဲ့ အနေအထားနဲ့ ကြည့်နေတာတော့ ဂျာနယ်အဆင့်မှာပဲ ရှိနေသေးတယ်။ ဒါပေမဲ့ ဒီ ဂျာနယ်အဆင့်ကနေ နောက်တဆင့် ထပ်ပြီးတက်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကွန်မြူနီတီ ရေဒီယို။ ကျနော်တို့က ရေဒီယို ကွန်မြူနီတီကို ပအို့ဝ်ဒေသအတွင်းမှာ ဆက်ပြီးတော့ ကိုယ့်ရဲ့ ရိုးရာဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ အပါအဝင် ခေတ်ပြောင်းစနစ်ပြောင်းတွေနဲ့ ပတ်သက်တဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးနိုင်ဖို့ ရေဒီယို ကွန်မြူနီတီလေးကို ဆက်ပြီးထားဖို့ အစီအစဉ်ရှိပါတယ်။
ကိုသားညွှန့်ဦး ။ ။ နောက်ဆုံးတခု မေးချင်ပါတယ်။ ဒီမိုအဖွဲ့ကတော့ လက်ရှိ အရပ်ဖက်လူငယ်အဖွဲ့အစည်း အနေနဲ့ နေတာပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဖယ်ဒရယ် အယူအဆတွေ၊ election ရွေးကောက်ပွဲတွေ လုပ်လာပြီဆိုတော့ နိုင်ငံရေးမှာ တစုံတရာအနေနဲ့ ကိုယ့်ဒေသအတွင်းမှာ ကိုယ့်လူမျိုး အကျိုးအခွင့်နဲ့ ပတ်သက်လို့ စဉ်းစားဆောင်ရွက်မှု ရှိပါသလား။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဘယ်လို စဉ်းစားချက် ရှိပါသလဲ။
ခွန်ခမ်းကောင် ။ ။ ကျနော်တို့က နိုင်ငံရေးကို နိုင်ငံရေးပါတီတွေ ဖွဲ့ပြီးတော့ ဝင်ပြီးပတ်သက်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ဟာ လူသားဖြစ်ပြီဆိုကတည်းက နိုင်ငံရေးနဲ့ ကင်းကွာနေလို့ မရဘူး။ ဒါကြောင့်မို့ နိုင်ငံရေးကို ကိုယ်တတ်နိုင်တဲ့ဖက်က ကူညီဖို့ အစီအစဉ် ရှိပါတယ်။ ဥပမာ ပအို့ဝ်ပြည်နယ် ရရှိရေးပဲဖြစ်ဖြစ်။ ဒါမှမဟုတ် တိုင်းရင်းသားတွေ အားလုံး ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုင်းရင်းသားအားလုံး စုပေါင်းပြီးတော့ ဖယ်ဒရယ်ရေးမှာ ဖယ်ဒရယ်ဆိုတဲ့ စနစ်တခုအနေနဲ့ သွားနိုင်ဖို့အတွက် ဘယ်ဖက်ကနေ တတ်နိုင်သလဲ။ သေချာသုံးသပ်ပြီးတော့ ကိုယ့်ရဲ့အပိုင်းကနေ ကိုယ်တတ်နိုင်သလောက် အားဖြည့်ပေးဖို့ သံဓိဌာန်တွေ ချထားတာရှိပါတယ်။
ကိုသားညွှန့်ဦး ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။