သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် ၂ဦး အမှု အစိုးရသက်သေထွက်ဆိုချက်အပေါ် ဝေဖန်မှုတိုး


ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုကျော်စိုးဦး (ရှေ့)၊ ကိုဝလုံး (နောက်) တို့ကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က မင်္ဂလာဒုံတရားရုံး ထုတ်လာစဉ်
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုကျော်စိုးဦး (ရှေ့)၊ ကိုဝလုံး (နောက်) တို့ကို ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က မင်္ဂလာဒုံတရားရုံး ထုတ်လာစဉ်

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိတဦးအနေနဲ့ ရဲလက်စွဲ လုပ်ထုံးလုပ်နည်းကို မသိရှိခဲ့ကြောင်း မနေ့ ဗုဒ္ဓဟူးနေ့က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ အစိုးရသက်သေ ဒုရဲအုပ် မျိုးကိုကိုရဲ့ ထွက်ဆိုချက်တွေဟာ ခိုင်လုံမှန်ကန်မှုမရှိတဲ့အတွက် ယုံကြည်ရတဲ့ မျက်မြက်သက်သေ မဖြစ်နိုင်ဘူးလို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုက်တာသတင်းထောက်တွေရဲ့ အမှုအပါအဝင် အခြားအမှုအတော်များများမှာ အာဏာပိုင်တွေဘက်က ဥပဒေနဲ့ အညီ ဖမ်းဆီးတာမျိုးထက် အမှုဆင်ပြီး ဖမ်းဆီးတာတွေပဲ တွေ့ရတယ်လို့ ဥပဒေရေး ရာကျွမ်းကျင် သူတွေက သုံးသပ်ကြပါတယ်။

မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့က မင်္ဂလာဒုံမြို့နယ်တရားရုံးမှာပြုလုပ်တဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ လေးကြိမ်မြောက် ရုံးချိန်းမှာဒုရဲအုပ်မျိုးကိုကို က အစိုးရသက်သေအဖြစ်နောက်ဆုံးထွက်ဆိုခဲ့သူပါ။ အဲဒီမှာ ရဲအရာရှိတဦးအနေနဲ့ ရဲလက်စွဲဥပဒေကို မသိရှိကြောင်း ဒုရဲအုပ် မျိုးကိုကိုရဲ့ ထွက်ဆိုချက်ဟာ သံသယဖြစ်စရာကောင်းတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ရုံးချိန်အပြီး တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။

“သိသင့်တဲ့ကိစ္စကို မသိဘူးဆိုတာကတော့လည်း ဒုရဲအုပ်အဆင့်ထိဆိုတာမျိုးက စာမေးပွဲတွေဖြေရတဲ့ခင်ဗျ။ ရာထူးမယူခင်ရော၊ ယူပြီးနောက်ပိုင်းမှာလည်း နှစ်တိုင်း နှစ်တိုင်း စာမေးပွဲဖြေရတယ်။ အဲလိုဖြေရတဲ့သူဟာ ရဲလက်စွဲထဲက ကိစ္စတွေကို မသိပါဘူးဆိုတော့လည်း ကျနော်တို့လည်း ပြောမရဘူးပေါ့။ အဲတာက သူတကယ်မသိတာလား၊ မသိစေချင်တာလား၊ မသိအောင်ပဲ ထားလား ဒါတော့ ကျနော်မပြောနိုင်ဘူးပေါ့ဗျာ။”

ဒါအပြင် သတင်းထောက်နှစ်ဦးဖမ်းဆီးခဲ့တဲ့နေရာနဲ့ ပတ်သက်လို့ ဒုရဲအုပ်မျိုးကိုကိုက စက်ရုံတွေနားက လမ်းပေါ်မှာလို့ ထွက်ဆိုတာဟာ အရင်က ရဲအာဏာပိုင်တွေရဲ့ တရားရုံးကိုတင်ထားတဲ့ အစီရင်ခံစာပါ စတိုးဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်နားမှာဖြစ်တယ် ဆိုတဲ့ အချက်နဲ့လဲ ကွဲလွဲနေပါတယ်။ သတင်းထောက်နှစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ရဲအုပ်စုထဲမှာ သူပါဝင်ခဲ့ပေမယ့် အရင်ရဲတွေပြောဆိုထားတဲ့ သတင်းထောက်တွေလက်ထဲ အချက်အလက်စာရွက်စာတမ်းတွေပါတဲ့ စာအိတ်တွေ တွေ့ရှိခဲ့တယ်ဆိုတဲ့အချက်မှာတော့ သူ့အနေနဲ့ အဲဒီစာအိတ်တွေဆိုတာမျိုး မတွေ့မြင်ခဲ့ရဘူးလို့ တရားရုံးမှာ ထွက်ဆိုသွားပါတယ်။

ဒုရဲအုပ် မျိုးကိုကိုက ဖမ်းဆီးချိန်မှာ သူပါဝင်ခဲ့ကြောင်း ထွက်ဆိုခဲ့ပေမယ့် အဖမ်းခံထားရတဲ့ သတင်းထောက်တဦးဖြစ်သူ ကိုကျော်စိုးဦးကတော့ သူတို့ကို ဖမ်းဆီးချိန်မှာ ဒုရဲအုပ် မျိုးကိုကို မပါခဲ့ဘူးလို့ ရုံးချိန်အပြီး တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဒီနေ့လာပြီးတော့ ထွက်ဆိုတဲ့ သက်သေက ကျနော်တို့ ဖမ်းဆီးခဲ့တဲ့အထဲမှာလည်း မပါပါဘူး။ ဒါပေမယ့် ဒီမှာတော့ သူကိုယ်တိုင်ပါတယ်ဆိုပြီးထွက်ဆိုသွားတာ တွေ့ရတယ်ဗျ။”

အလားတူ သူတို့အနေနဲ့ သတင်းသမားကျင့်ဝတ်နဲ့အညီ လုပ်ကိုင်ခဲ့တာသာဖြစ်ပြီး ဥပဒေချိုးဖောက်မှုမရှိကြောင်း ကိုဝလုံးကလည်း သတင်းထောက်တွေကိုပြောပါတယ်။

“ကျနော်သတင်းသမားတယောက်အနေနဲ့ လုပ်ခဲ့တဲ့အပေါ်မှာ သတင်းကျင့်ဝတ်ကို ဖောက်ဖျက်ခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့သတင်းတွေမှာလည်း သတင်းသမားကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ နောက်ပြီး ဒီသတင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ တရားဥပဒေစိုးမိုးရေး အထောက်အကူဖြစ်စေခဲ့ပါတယ်။”

ဖေဖေါ်ဝါရီလ ၈ ရက်နေ့က ရိုက်တာသတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ဆိုတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းအစီရင်ခံစာကို ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးက သူတို့ အဖမ်းမခံရခင်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာကို အခုချိန်မှာ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ သူတို့ရဲ့ အမှုအခြေအနေကို ထိခိုက်စရာအကြောင်းမရှိကြောင်း အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“အမှုက ကိုဝလုံးတို့ကို အစိုးရက စွဲတာက လုံခြုံရေးအင်အားစုနဲ့ အချို့သူတွေက အင်းဒင်မှာ လူတွေကို ဒီလိုလုပ်တယ်ဆိုတဲ့ ကိစ္စကို ဖေါ်လို့ တရားစွဲတာမဟုတ်ဘူး။ အခုဟာက ကိုဝလုံးတို့ကို စာအိတ်နှစ်အိတ် သူတို့လက်ထဲမှာတွေ့တယ်။ ယာဉ်မှုစစ်ရင်းကနေ တွေ့တယ်။ အဲဒီစာအိတ် နှစ်အိတ်က လျှို့ဝှက်စာရွက်တွေဖြစ်နေတယ်ဆိုတာနဲ့ စွဲတာ။ အဲတော့ ဟိုဟာကိစ္စကို ကိုဝလုံးတို့ သိတာဖြစ်စေ၊ နိုင်ငံတကာကို ပြန့်သွားတာဖြစ်စေ တိုက်ရိုက်တော့ ဒီအမှုမှာ ဆက်ပြီး စဉ်းစားလို့မရဘူး။

အခုလို ရိုက်တာသတင်းထောက်တွေရဲ့ ဖမ်းဆီးခံရမှုမှာ ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သက်သေအခိုင်အလုံမရှိကြောင်း မြန်မာ့ဥပဒေရေးရာကျွမ်းကျင်သူလည်းဖြစ် ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံတာဝန်ခံ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ ကျနော်တို့ဖြစ်နေတာက အမှုတမှုဖြစ်ပြီဆိုရင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တည်ဆောက်ပြီးမှ ဖမ်းဆီးတာမျိုးမဟုတ်ပဲနဲ့ ဖမ်းဆီးပြီးတော့မှ လိုချင်တဲ့ သက်သေအထောက်အထားတွေရအောင် ထည့်နေတဲ့ အဖြစ်မျိုး အမှုတွေ တော်တော်များများမှာ တွေ့နေရတယ်။ အဲတော့ ဒီနေ့လာပြီး သက်သေထွက်ဆိုတဲ့ ဒုရဲအုပ်အနေနဲ့ကလည်း ဖမ်းဆီးစဉ်မှာ တကယ်တမ်း မပါသော်ငြားလည်း အမှုစစ်ဆေးတဲ့အခါမှာ ပါကောင်းပါနိုင်တယ်။ သို့သော်လည်းပဲ အထက်က တာဝန်ပေးချက်အရ လာရောက်ထွက်ဆိုပြီးတော့ အစစ်ဆေးခံရတယ်လို့ပဲ ကျနော်မြင်ပါတယ်။”

ဗုဒ္ဓဟူးနေ့က ရုံးချိန်းမှာ အမှုနဲ့ ပတ်သက်တဲ့ ရဲမှတ်တမ်းတွေကို တရားရုံးကိုတင်ပြဖို့ သတင်းထောက်ရှေ့နေတွေက လျှောက်ထားခဲ့ပေမယ့် တရားလို ရဲအာဏာပိုင်တွေဘက်က ငြင်းဆန်ခဲ့သလို၊တရားသူကြီး ဦးရဲလွင်ကလည်း ပယ်ချခဲ့ပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကို တရားသူကြီးက သတ်မှတ်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကိုဝလုံးနဲ့ ၂၄ နှစ်အရွယ် ကိုကျော်စိုးဦး တို့ကို ဗြိတိသျှ ကိုလိုနီလက်ထက် ၁၉၂၃ ခုနှစ်ကပြဌာန်းခဲ့တဲ့ အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုနဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံရမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG