သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦး ၂၀၁၈ PEN/Barbey Freedom to Write ဆု ချီးမြှင့်ခံရ


အမေရိကန်ပြည်ထောင်စု New York မြို့အခြေစိုက် သတင်းလွတ်လပ်ခွင့် ဆောင်ရွက်နေတဲ့ PEN America အဖွဲ့က မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၈ ခုနှစ် PEN/ Barbey Freedom to Write ဆုပေးဖို့ရွေးချယ်လိုက်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တားမြစ်ခံရတဲ့ ဖမ်းဆီးခံ သတင်းထောက်တွေကို နှစ်စဉ်ပေးလေ့ရှိတဲ့ ဒီဆုကို ဖမ်းဆီးခံ Reuters သတင်းထောက် ၂ ယောက်ကို ပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ ပိုပြီး ဆိုးလာတယ် ဆိုတာကို မီးမောင်းထိုးပြရာ ရောက်တယ်လို့ PEN America အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

စာပေနဲ့ သတင်းလွတ်လပ်ခွင့်ကို ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်နေတဲ့ New York မြို့အခြေစိုက် PEN America အဖွဲ့က ၂၀၁၈ ခုနှစ် အတွက် PEN/Barbey Freedom to Write လွတ်လပ်စွာ ရေးသားခွင့်ဆိုတဲ့ ဆုကို မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ပေးဖို့ ရွေးချယ်လိုက်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တားမြစ်ခံရတဲ့ စာရေးဆရာတွေ၊သတင်းသမားတွေကို ၁၉၈၇ ခုနှစ်ထဲကစလို့ PEN America အဖွဲ့က နှစ်စဉ်ရွေးချယ် ဆုပေးတာမှာ ဒီနှစ်အတွက် ဖမ်းဆီးခံနေရတဲ့ Reuters သတင်းထောက် ၂ ယောက်ကို ဆုပေးဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းကို PEN America အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Suzanne Nossel က VOA ကို ခုလိုပြောကြားပါတယ်။

“ သတင်းထောက် ၂ ယောက်ဟာ ရခိုင်ပြည်နယ်ထဲမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်တပ်က ဖြစ်ခဲ့ပါတယ်လို့ ဝန်ခံထားတဲ့ ပစ်မှတ်ထား သတ်ဖြတ်မှုလို အန္တရာယ်များတဲ့ သတင်းစုံစမ်းမှုတွေ လုပ်နေရင်းနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေဟာ သိပ်ကို ရှုပ်ထွေးလှပြီး နားလည်ရခက်ခဲပါတယ်။ သတင်းထောက်တွေရဲ့ လေးနက်တဲ့ သတင်းဖော်ထုတ်မှုတွေ၊အချက်အလက် အမှန်တွေကို မြန်မာပြည်သူတွေ သာမက တကမ္ဘာလုံးက အားကိုးနေရပါတယ်။ ဒါမှလည်း ပြည့်စုံတဲ့ သုံးသပ် ဆုံးဖြတ်ချက်တွေ လုပ်နိုင်ပြီး အန္တရာယ်များလှတဲ့ အခြေအနေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ သတင်းထောက်တွေကို ဖမ်းဆီးတဲ့အတွက် အစိုးရဟာ အခြေအနေတွေကို နှုတ်ပိတ်စေချင်ပြီး အချက်အလက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ မြင်ရပါတယ်။ သူတို့ကို ခုလိုဆုပေးခြင်းအားဖြင့် PEN America အနေနဲ့ အမှန်တရားဖက်က ရပ်တည်ပြီး အမှန်တရား ဖော်ထုတ်သူတွေကို အကာအကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ယောက် သုတ်သင်သတ်ဖြတ်ခံခဲ့တဲ့ ကိစ္စအပါအဝင် အဲဒီဖက်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို စုံစမ်းဖော်ထုတ်နေရင်းနဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံရပြီး နိုင်ငံတော် လ ျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံထားရတာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ပိုပြီးဆိုးလာတယ်လို့ PEN America က သုံးသပ်ကြောင်း အမှုဆောင်ဒါရိုက်တာ Suzanne Nossel က VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“ အခြေအနေကို ကျွန်မတို့ သိပ်ကိုစိုးရိမ်ပါတယ်။ ဒါကြောင့်လည်း ဒီဆုကိုပေးတာပါ။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ သတင်းထောက်တွေကို ထောင်မချပါဘူး။ အမှန်တရားကို ဖော်ထုတ်လို့ အရေးမယူပါဘူး။ ဒီသတင်းထောက်တွေက နက်နဲရှုပ်ထွေးတဲ့ ကိစ္စတွေကို ဖော်ထုတ်နေကြသူတွေ ဖြစ်တဲ့အတွက် အရေးယူ မခံရသင့်ပါဘူး။ ရခိုင်ပြည်နယ်မှာ သတင်းအမှောင်ချထားတဲ့ အတွက် ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ မရတာကြောင့် မူဝါဒရေးဆွဲသူတွေ၊ သံတမန်တွေနဲ့ တခြားသူတွေအနေနဲ့ ဘာဖြစ်နေသလဲ၊ ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို သုံးသပ်ဖို့ခက်ခဲပါတယ်။ ဒီသတင်းထောက် ၂ ယောက်ကို ဖမ်းဆီး အရေးယူလိုက်တဲ့ အတွက် အစိုးရဖက်က အတိမ်းအစောင်း မခံနိုင်ဘူးလို့ သတ်မှတ်တဲ့ သတင်းမျိုးတွေကို သတင်းလုပ်မယ်ဆိုရင် ဖမ်းဆီးခံရနိုင်တယ်ဆိုတဲ့ ကျောချမ်းစရာ သတင်းစကားမျိုးကို သတင်းဌာနတွေ အားလုံးကို ပေးလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အပေါ် ခိုင်မာတဲ့ အကာအကွယ်ပေးမှု အမြန်ဆုံး လိုအပ်နေပါတယ်။ သတင်းလွတ်လပ်ခွင့်ဟာ အလုပ်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်း အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံအုတ်မြစ်တခုဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်စဉ် ကာလတုန်းကလည်း Freedom to Write ဆုကို မြန်မာ စာရေးဆရာမ မသီတာ၊ ဘလော်ဂါ နေဘုန်းလတ်တို့ကို PEN America က ဆုပေးခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံနေရတဲ့ သတင်းထောက်တွေကို တခုတခါ ပြန်ဆုပေးတာဖြစ်ပြီး လူ့အခွင့်အရေးအခြေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့် အခြေအနေဟာ ပိုပြီး စိုးရိမ်စရာဖြစ်လာတယ်လို့ PEN America အဖွဲ့က ပြောပါတယ်။ Reuters သတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ နိုင်ငံတကာမှာ တောင်းဆိုမှုတွေရှိနေပါတယ်။ အင်္ဂါနေ့ကပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ နိုင်ငံရေးရာ အကြီးအကဲ Miroslav Jenca က ခုလိုပြောကြားခဲ့ပါတယ်။

“ Reuters သတင်းထောက် ၂ ယောက်ဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ ကံမကောင်းစွာ ဖမ်းဆီးခံထားရတဲ့ ကိစ္စကို ပြောပါရစေ။ သူတို့ကို ပြန်လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်က ရှင်းရှင်းလင်းလင်း တောင်းဆိုခဲ့သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ကို လေးစားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီနေ့မှာလည်း ကျွန်တော် ထပ်ပြီး တောင်းဆိုပါရစေ။ လူ့အခွင့်အရေးကို ဘယ်လောက် လေးစားလိုက်နာသလဲ ဆိုတာကို သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိသလဲဆိုတဲ့ စံနဲ့ တိုင်းတာပါတယ်။ ဒီသတင်းထောက်တွေ စုံစမ်းထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် အင်ဒင်ရွာမှာ ရိုဟင်ဂျာ ၁၀ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ သတင်းကို အခု Reuters ကထုတ်ပြန်ခဲ့ပါပြီ။ ဘူးသီးတောင်မြို့နယ် ဂူဒါပြင်ရွာမှာ အစုလိုက် အပြုံလိုက်မြှုပ်ထားတဲ့ ကြွင်းကြီး ၅ ခုအကြောင်းကိုလည်း AP သတင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုတုန်လှုပ်စရာ သတင်းတွေ၊လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျွန်တော်တို့ အရေးယူကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ ဒါမှ ရေရှည်ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုတို့ကို ရနိုင်မှာပါ။”

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အခြေအနေတွေ ပိုပြီးတိုးတက် ကောင်းမွန်လာမယ်လို့ မျှော်လင့်ထားခဲ့ကြရာက အခုလို လူ့အခွင့်အရေးနဲ့ သတင်း လွတ်လပ်ခွင့် အခြေအနေ ပြန်ပြီး ဖြစ်လာတာဟာ စိတ်မကောင်းစရာ ဖြစ်တယ်လို့ PEN America ကပြောပါတယ်။

အခုလို သတင်းထောက် ၂ ယောက်ကို ဆုပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် တကမ္ဘာလုံးက စိုးရိမ်နေကြဆဲပဲ ဆိုတာကို ပြသနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မေလ ၂၂ ရက်နေ့ကျရင် New York မြို့က အမေရိကန် သဘာဝ သမိုင်းပြတိုက်မှာ ကျင်းပမယ့် အခမ်းအနားမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အတွက် PEN/Barbey Freedom to Write ဆုတွေကို ပေးအပ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG