သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းသမားနှစ်ဦး လေးကြိမ်မြောက် ရုံးထုတ်စစ်ဆေး


ဖမ်းဆီးခံထားရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးကို ဒီကနေ့ မှာ ၄ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ တရားခွင်မှာ အစိုးရဘက်က တရားလိုပြ သက်သေတွေကို စစ်ဆေးတာမှာ အရင် သက်သေတွေကို စစ်ဆေးတုန်းကလိုဘဲ ကွဲလွဲချက်တွေ ရှိနေတယ်လို့ သတင်းသမားတွေရဲ့ အကျိုး ဆောင်ရှေ့နေက ပြောပါတယ်။ ဒီသတင်းကိုကိုယ်တိုင် သွားရောက်သတင်းယူခဲ့တဲ့မေခကပြောပြမှာပါ။

Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးကို ရုံးထုတ်စစ်ဆေးတဲ့ ဒီကနေ့ တရားခွင်မှာ တရားလိုပြ သက်သေတဦး ဖြစ်တဲ့ ဒုရဲအုပ် မျိုးကိုကိုကို စစ်ဆေးတာဖြစ်ပါတယ်။ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ ဒုရဲအုပ် မျိုးကိုကို ကို ပြန်လှန်မေးခွန်း ထုတ်ရာမှာတော့ အမှုဖြစ်စဉ်နဲ့ ကွဲလွဲမှုတွေ ရှိနေတာ တွေ့ခဲ့ရကြောင်း သတင်းထောက်တွေရဲ့ အကျိုးဆောင် ရှေ့နေ ဦးသန်းက ပြောပါတယ်။

"ပြောမယ်ဆိုရင်တော့ ဒီ ရှာဖွေ သက်သေပြောတဲ့သူကိုက သေသေချာချာ အသေးစိတ်မထွက်ဆိုနိုင်ဘူးပေါ့နော်။ ကျနော်မေးတဲ့အခါ ဖမ်းဆီးရမိတဲ့ငွေထဲမှာ ဘာတန်တွေ ပါသလဲ ၊ နောက်တခါ ဘဏ်အကဒ်တွေ ဘာအရောင်လဲဆိုတာလည်း သူသေချာမပြောနိုင်ဘူး။ နောက်ဖမ်းဆီးတဲ့အရာရှိတွေ ဥပဒေနဲ့အညီလုပ်သလားမလုပ်ဘူးလားဆိုတာကို သူသေသေချာချာ တိတိပပမပြောနိုင်ဘူး။ နောက်ရုံးချိန်းက ၂၁ ရက်နေ့ခေါ်ထားတယ် သက်သေ ၂ ယောက်စစ်ဖို့ ခေါ်ထားတယ်။"

Reuters သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုတော့ ပြီးခဲ့တဲ ဒီဇင်ဘာ ၁၂ ရက်နေ့မှာပဲ ရန်ကုန်မြို့မှာ မြန်မာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ မြတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အစိုးရရဲ့ လျို့ဝှက် သတင်းအချက်အလက်တွေကို ဥပဒေနဲ့ ဆန့်ကျင်ပြီး ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက တရားစွဲဆိုခဲ့တာ ဖြစ်ပေမယ့် ဒီလျို့ဝှက်အချက်တွေကလည်း နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပြီးသား ဖြစ်နေပါတယ်။

မြန်မာသတင်းသမားတွေရဲ့ ဥပဒေအကျိုးဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဇော်က တော့အမှုနဲ့ပတ်သတ်လို့ အမှုသည်ဘက်က အမှန်တရားကို ပြနိုင်အောင် အစွမ်းကုန် လုပ်သွားမယ်လို့ ဆိုပါတယ်။

အမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ထပ်မံ ကြားနာမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာလည်း တရားလိုပြသက်သေတစ်ဦး ထပ်မံ စစ်ဆေးသွားမှာပါ။ အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ တင်ပြထားတဲ့ တရားလိုပြသက်သေ ၂၅ ဦးထိ ရှိနေတာကြောင့် အခုလို သက်သေတဦးချင်းစီကို သီတင်းတပတ်စီ ခွာချိန်းနေမယ်ဆိုရင် အားလုံး စစ်ဆေး ပြီးစီးဖို့အတွက် ကြာဦးမယ့်သဘော ရှိနေပါတယ်။

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်တွေနဲ့ ပတ်သတ်လို့ နိုင်ငံတကာဘက်က အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုနေတာတွေကို အရှိန်မြင့် ဆောင်ရွက်လာနေတာမှာ တင်းထောက်နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ နိုင်ငံရေးရာ ဒုတိယ အကြီးအကဲ Miroslav Jenca က အင်္ဂါနေ့က လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွင်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် တားမြစ်ခံရတဲ့ ဖမ်းဆီးခံ သတင်းထောက်တွေကို နှစ်စဉ်ပေးလေ့ရှိတဲ့ PEN America အဖွဲ့က မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ၂၀၁၈ ခုနှစ် PEN/Barbey Freedom to Write ဆုပေးဖို့ရွေးချယ် ထားပါတယ်။ ဒီလိုရွေးချယ်ခံရမှုနဲ့ပတ်သတ်လို့ ကိုဝလုံးဇနီးဖြစ်သုူ မပန်းအိဖြူ ကတော့

"ဆုရတယ်ဆိုတော့ ဝမ်းသာတာပေါ့နော် ၊ ဝမ်းသာတယ် ကိုယ့်စိတ်ဆန္ဒကတော့ အဓိက သူ့ကို လွှတ်မြောက်စေချင်တဲ့ ဆန္ဒပဲရှိတယ်။ နောက်ပြီးတော့ ဒီဆုကို သူကိုယ်တိုင် သွားယူနိုင်ပါစေလို့ပဲ ကိုယ်က ဆုတောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုံးချိန်းတိုင်း ရုံးချိန်းတိုင်းမှာ သူများကိုယ်နဲ့ အိမ်ပြန်လိုက်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာနေတာဆိုတော့လေ ။ ဆိုတော့ ဒီဆုကိုလည်း ကိုယ်တိုင်ပဲ ယူစေချင်ပါတယ်။"

သတင်းထောက် ၂ ဦးဟာ ရဲတာဝန်ရှိသူတွေနဲ့ ညစာစားရင်း တွေ့ဆုံဖို့ ဖိတ်ကြားခံရပြီးနောက် အဲဒီ ချိန်းဆိုထားတဲ့ညမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့အတွက် တမင် အကွက်ချ ဖမ်းဆီးတာဖြစ်တယ်လို့ ပြောဆိုထားပြီး ဖမ်းဆီးခံထားရချိန်မှာလည်း အမှုနဲ့ပတ်သက်လို့ ခြိမ်းခြောက် ဝန်ခံခိုင်းတာတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။ ဒီကနေ့ တရားရုံးထုတ် စစ်ဆေးမှုတွေကို နိုင်ငံတကာက သံတမန်တွေလည်း လာရောက် လေ့လာ စောင့်ကြည့်ခဲ့ကြ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG