သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်မီ ကားနည်းပညာများ၊ ဂြိုဟ်တုရိုက် ဓာတ်ပုံနဲ့ ကမ္ဘာမြေကောင်းကျိုး၊ အမျိုးသမီးများနဲ့ နည်းပညာလောက


The Mercedes-Benz F015 Luxury in Motion autonomous concept car is shown on stage during the 2015 International Consumer Electronics Show (CES) in Las Vegas, Nevada January 5, 2015. Germany's Daimler AG wants to reset consumers' expectations about self-dri
The Mercedes-Benz F015 Luxury in Motion autonomous concept car is shown on stage during the 2015 International Consumer Electronics Show (CES) in Las Vegas, Nevada January 5, 2015. Germany's Daimler AG wants to reset consumers' expectations about self-dri

နောက်ဆုံးထုတ် ခေတ်မီကားတွေမှာ နည်းပညာမျိုးစုံပါလာတာက ယာဉ်အန္တရာယ်ကင်းရှင်းရေး ပိုပြီး အထောက် အကူဖြစ်စေပါရဲ့လား … ကမ္ဘာကြီးကို အာကာသထဲကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကနေ ကမ္ဘာဂြိုဟ်ကောင်းကျိုးဖြစ်အောင် ဘာတွေများ လုပ်ဆောင်နိုင်ပါသလဲ … နည်းပညာလောကမှာ အမျိုးသမီးတွေအတွက် နေရာကောင်းကောင်းရဖို့ လွယ်ပါရဲ့လား … ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက်တွေဖြစ်ကြတဲ့ Faith Lapidus, George Putic, Michelle Quinn နဲ့ Deana Mitchell တို့သတင်းဆောင်းပါးတွေကို စုစည်းပြီး ဒီသီတင်းပတ် သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ဆက်ထားပါတယ်။

ကားထဲမှာ ရေဒီယိုလိုင်း ပြောင်းချင်လား၊ အီးမေးလ် စစ်ချင်လား၊ အနီးဆုံးဓာတ်ဆီဆိုင်ကို ရှာချင်ပါသလား … ကနေ့ခေတ် ပေါ် ကားအသစ် အများစုမှာ ဆိုရှယ်မီဒီယာ၊ မြေပုံ၊ စာသား စတာတွေနဲ့ ဆက်သွယ်နိုင်တဲ့နည်းလမ်းတွေ ပါနေပါပြီ။

ဒါပေမဲ့ အဲဒါတွေကြောင့် ယာဉ်မောင်းသူတွေ အာရုံထွေပြားစေတယ်လို့ အမေရိကန် မော်တော်ယာဉ်အသင်း AAA Triple A က Jake Nelson က ပြောပါတယ်။

“ဒီနည်းပညာတွေက ပို အဆင့်မြင့်လာပြီး ယာဉ်မောင်းတွေ အရင်က လုပ်လို့မရတာတွေ အခု လုပ်လို့ရလာပါ တယ်။”

အရင်ကကားတွေမှာပါတဲ့ ခလုတ်အနည်းငယ်နေရာမှာ အသုံးချနည်းမျိုးစုံအတွက် ခလုတ် ၅၀ လောက်ထိ လက်ကိုင်နဲ့ ဒက်ရှ် ဘုတ်မှာ နေရာယူလာပါတယ်။ အဲဒီ အချက်အလက်နဲ့ဖျော်ဖြေရေး စနစ်တွေကိုသုံးဖို့ ယာဉ်မောင်းသူတွေဟာ လမ်းပေါ်ကနေ မျက်လုံးခွာရ၊ လက်ကိုင်ကနေ လက်ကိုခွာကြရတယ်လို့ ၂၀၁၇ မော်ဒယ်လ် အိမ်စီးကားနဲ့ အပေါ့စားထရပ်ကားတွေကို Triple A က စမ်းသပ်ချက်တခုမှာ တွေ့ရပါတယ်။ လမ်းပေါ်ကနေ ၂ စက္ကန့်လောက်ပဲ မျက်လုံးခွာလိုက်တာနဲ့ ကားတိုက်ဖို့အန္တရာယ်က နှစ်ဆပိုများသွားပါတယ်။

လက်နဲ့ထိလို့ရတဲ့ Screen တွေ၊ အသံနဲ့ညွှန်ကြားလို့ရတာတွေ၊ ကိုယ့်ရှေ့တည့်တည့်မှန်မှာ အချက်အလက် လာပြပေးတာတွေ လို ပိုကောင်းတဲ့အသုံးချစရာတွေကို ကားထုတ်သူတွေက ထပ်ထပ်ထည့်လာပေမဲ့ အဲဒါတွေက ကားမောင်းတာရဲ့ အစိတ်အပိုင်း တခုတော့ဖြစ်ဖို့မလိုဘူးလို့ Jake Nelson ကပြောပါတယ်။

“ကားမောင်းနေချိန် ဟိုဟာဒီဟာလုပ်ဖို့ နည်းပညာပါလာတယ် ဆိုတာကြောင့်တော့ သုံးစရာမလိုပါဘူး။”

လက်ကိုင်ပေါ်မှာ လက်ကိုထား၊ လမ်းကို မပြတ်ကြည့်နေတာကသာ လမ်းပေါ်မှာ အန္တရာယ်ကင်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

ကမ္ဘာရဲ့မြင်ကွင်းတခုလုံးကို အဝေးကနေမြင်ခွင့်ရပြီး ဘယ်လောက်လှပ၊ ဘယ်လောက် ပျက်လွယ်တယ်ဆိုတာကို နားလည်ရတာဟာ ဘဝတသက်တာ အတွေ့အကြုံဖြစ်တယ်လို့ အာကာသယာဉ်မှူးတွေက ပြောကြပါတယ်။ ဒီခံစားချက်ကို လူ များနိုင်သမျှများများ ခံစားရဖို့နဲ့ လူသားရဲ့ ဖျက်လိုဖျက်ဆီး လုပ်ဆောင်ချက်တွေရဲ့ အန္တရာယ်ကို ပိုပြီး သတိပြုမိလာစေဖို့ ကာလီဖိုးနီးယားပြည်နယ်က စိတ်ဝင်စားသူတစုဟာ ဂြိုဟ်တုကရိုက်ယူတဲ့ ရုပ်ပုံတွေကိုသုံးပြီး အသိဖြန့်ဝေပေးတဲ့ ပရဟိတအဖွဲ့ တဖွဲ့ကို ထူထောင်ထားပါတယ်။

“ခြုံငုံသက်ရောက်မှု” လို့ အာကာသယာဉ်မှူးတွေခေါ်တဲ့ ခံစားချက်က မဲမှောင်တဲ့ ဟင်းလင်းပြင် ဝန်းရံထားတဲ့ လှပတဲ့ အပြာ ရောင်ဘောလုံးကြီးတလုံးအဖြစ် ကမ္ဘာကြီးကိုမြင်ရတဲ့ ခံစားချက်ဖြစ်ပါတယ်။

သိပ်ကိုကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံရိုက်ကင်မရာတွေ တပ်ထားတဲ့ စီးပွားဖြစ် ဂြိုဟ်တုတွေကနေ ရိုက်ယူပေးတဲ့ သိပ်ကောင်းတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သဘာဝအရင်းအမြစ်တွေနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရတွေ ဆုံးဖြတ်ချက်ချကြရ တယ်လို့ Daily Overview အဖွဲ့က Steve McCormick ကပြောပါတယ်။

“အဲဒီအချက်အလက်က မရေမတွက်နိုင်တဲ့ ပဟေဠိ အပိုင်းအစလေးတွေပါ။ အဲဒါက ရှိနေပေမယ့် အဓိပ္ပါယ် တခုခုပေါ်လာစေမယ့် နည်းလမ်းနဲ့ စုစည်းထားတာ မဟုတ်ပါဘူး။”

ကာလီဖိုးနီးယားအခြေစိုက် Daily Overview ပရဟိတအဖွဲ့က အဲဒီရုပ်ပုံတွေကို အများပြည်သူအတွက် အဓိပ္ပါယ်ရှိပြီး စိတ်ဝင်စား စေမယ့် အချက်အလက်တွေဖြစ်အောင် ပြောင်းပေးပါတယ်။ ရည်ရွယ်ချက်က ကမ္ဘာဂြိုဟ်ရဲ့ အလှတရားနဲ့ ဗင်နီဇွဲလားက တရား မဝင်သတ္တုတူးဖော်တာလို၊ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလို လူကလုပ်တာနဲ့ သဘာဝဘေးရန်ကြောင့် ပျက်စီးရတာတွေကို လူတွေသတိပြုမိစေဖို့ဖြစ်တယ်လို့ Daily Overivew အဖွဲ့က Dan Hammer ကပြောပါတယ်။

“အပြောင်းအလဲကို ကျနော်တို့ ရှာပါတယ်၊ ကမ္ဘာဂြိုဟ်ပေါ် သက်ရောက်စေတဲ့ လူတွေရဲ့ လုပ်ဆောင်ချက်နဲ့ ဆိုင်တဲ့ အပြောင်းအလဲကိုရှာတာပါ။ ပြီးတော့ ဂြိုဟ်တုရုပ်ပုံသုံးပြီး တန်ဖိုးနည်းပြီး မယုံနိုင်လောက်စရာ တသမတ်ထဲနည်းလမ်းနဲ့ အဲဒီအပြောင်းအလဲကို ဖော်ပြပါတယ်။”

စိတ်ဝင်စားစရာအကောင်းဆုံး ရုပ်ပုံတွေကတော့ သစ်တောပြုန်းတီးတာလို၊ မြေပေါ်မှာ မိုင်းခွဲတာရဲ့သက်ရောက်မှုလို၊ ညစ်ညမ်း တဲ့ကမ်းခြေတွေလို အချိန်နဲ့အမျှ သတ်သတ်မှတ်မှတ် အပြောင်းအလဲတွေကိုပြတဲ့ ရုပ်ပုံတွေပါ။ သူတို့ရဲ့လုပ်ဆောင်ချက်ကနေ ပိုမြင့်တဲ့အဆင့်တခုထိရောက်ဖို့ Daily Overview ကမျှော်လင့်ပါတယ်လို့ ဒီအဖွဲ့ကပဲ Ben Grant ကပြောပါတယ်။

“တခုခုကို လူတွေမြင်လာရင် ဘာဖြစ်နေတယ်ဆိုတာ ပိုသတိပြုမိလာပြီးတော့ ပြုမူလုပ်ဆောင်ပုံပိုင်း ပြောင်းလာလိမ့် မယ်ဆိုတဲ့ အယူအဆနဲ့ ကျနော်လုပ်နေတာပါ။”

သဘာဝနေရာတွေရဲ့ အံ့သြဖွယ် အလှတရားကိုရော မြို့ကြီးတွေ၊ အဝေးပြေးလမ်းဆုံလမ်းမကြီးတွေ၊ တံတားတွေ၊ ဆိပ်ကမ်းတွေ လို တည်ဆောက်ထားတဲ့ ပတ်ဝန်းကျင်ကိုပါပြတဲ့ တခြားရုပ်ပုံတွေလဲရှိပါတယ်။

အဲဒီပုံတွေကိုကြည့်ရင် အံ့သြတကြီး ခံစားချက်ကိုသာမက အပျက်အစီးပမာဏကြောင့် ဝမ်းနည်းမှုကိုပါ ခံစားကြရမှာပါ။

မကြော်ငြာဘဲနဲ့ကို ဆိုရှယ်မီဒီယာပေါ်မှာ Daily Overview ကို မပြတ်စောင့်ကြည့်သူ အရေအတွက်ဟာ လေးနှစ်အတွင်း ၆၇၅၀၀၀ ကျော်ထိ ရှိလာမှာပါ။ ရုပ်ပုံတခုချင်းစီမှာ ရှင်းလင်းချက်အကျဉ်း တွဲပါပါတယ်။ ရုပ်ပုံတွေကို လိုသလိုလုပ်မပစ်ဖို့ အထူး ရေးထားတဲ့ software နဲ့ ထိန်းထားပြီး dailyoverview.com ဝက်ဘ်ဆိုက်တ်မှာ ကြည့်လို့ရပါတယ်။

ကမ္ဘာတဝန်းက အမျိုးသမီးတွေဟာ ပညာရေးနဲ့ အလုပ်အကိုင် ရရှိရေးမှာ ကြုံရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ နည်းပညာကို သုံးကြပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသမီးတွေ အင်တာနက်အွန်လိုင်း သုံးနိုင်ဖို့တောင် စိန်ခေါ်မှုအဖြစ် ရှိနေတာပါ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်လဲ နည်းပညာလုပ်ငန်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် အောင်မြင်မှု မရကြပါ ဘူး။ Ready Set အဖွဲ့က Y-VONNE HUTCHINSON က -

“နည်းပညာလောကက အမျိုးသမီးတွေကို ကြိုဆိုခြင်းမရှိပါဘူး။ ဝမ်းနည်းစရာပါ။”

နည်းပညာလုပ်ငန်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေကို ဘာကြောင့် နောက်ကောက်ကျနေရတာလဲ ဆိုတာကို အမေရိကန် ပြည်ထောင်စုမှာ အခြေအတင် ဆွေးနွေးနေကြသလို ကမ္ဘာတဝန်းမှာဆိုရင်လဲ အမျိုးသမီးတွေဟာ နည်းပညာဆိုင်ရာ အခွင့်အလန်းတွေရဖို့ ရုန်းကန်နေကြရတာပါ။ အမျိုးသမီး အင်တာနက်သုံးသူ အရေအတွက်ဟာ အမျိုးသားတွေအောက် ၁၂% ပိုနည်းပါတယ်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေမှာဆိုရင် အမျိုးသား ငါးယောက်မှာ တယောက်နှုန်း အင်တာနက် သုံးနိုင်တဲ့အချိန် အမျိုးသမီး ၇ ယောက်မှာ တယောက်သာ အင်တာနက် သုံးနိုင်တယ်လို့ Davis ကာလီဖိုးနီးယားတက္ကသိုလ်က MARTIN HILBERT ကပြောပါတယ်။

“တချို့လူတွေက ဒစ်ဂျစ်တယ်နည်းပညာကို တခြားသူတွေထက်ပိုပြီး သုံးခွင့်ရပါတယ်။ ဒီကွာဟမှုဟာ ထူးထူးခြားခြားဖြစ်နေ တာတော့ မဟုတ်ပါဘူး။ ရှောင်လွှဲလို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းထဲက ဖန်တီးမှုတခုတိုင်းဟာ အားလုံးအတွက် တန်းတူ ဘုရားသခင်ကနေ ဖန်ဆင်းပေးလိုက်တာမျိုး မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း တခုချင်းပေါ်မူတည်ပြီး ကွာဟမှုတွေ ရှိပါ တယ်။”

အမျိုးသမီးတွေဟာ ပညာရေး၊ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိမှု အခွင့်အလမ်းတွေမှာ ခွဲခြား ဆက်ဆံခံရတာတွေ ရှိတာကြောင့် နည်းပညာပိုင်းဆိုင်ရာမှာလည်း အခွင့်အလမ်း ပိုပြီး နည်းပါးကြပါတယ်။ Iridescent အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Tara Chklovski က -

“လူရွယ်လူလတ်တွေသာ ဖုန်းကိုင်ပြီး အမျိုးသမီးတွေကိုတော့ တယ်လီဖုန်းကိုင်တာကို မကြိုက်တဲ့ နိုင်ငံတခု အာဖရိကမှာရှိပါ တယ်။ အဲဒီကို ကျမတို့ သွားပြီး မိန်းခလေးတွေကို နည်းပညာတချို့ သင်ပေးချင်တယ်လို့ ပြောတော့ သူတို့က ယောကျ်ားလေး တွေကို၊ အမျိုးသားတွေကို သင်ပေးဖို့ ပြောကြပါတယ်။ ဒီအခြေအနေတွေကို ကျော်လွှားဖို့ ကျမတို့ ကြိုးစားရပါဦးမယ်။”

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ကုမ္ပဏီတွေက နည်းပညာလုပ်သားအင်အားထဲမှာ ၂၀ ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေပါ။ နည်းပညာ ဦးဆောင်မှုနေရာ ယူထားသူတွေထဲမှာတော့ အမျိုးသမီးက ၁၇ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ စီးပွားရေးလုပ်ငန်းတခု စတင်ဖို့အတွက် ငွေကြေးမတည်ပေးတဲ့ လုပ်ငန်းရှင်ကြီးတွေကိုကြည့်ရင်လည်း အမျိုးသမီးက နည်းပါ တယ်။ဒီအချက်ကို ကိုယ်တွေ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြသူက Scale Venture Partners ကုမ္ပဏီက Kate Mitchell ပါ။

“ကျမအလုပ်မှာ နောက်ပြောင်ပြောတာတခုရှိပါတယ်။ သန့်စင်ခန်းသွားရင် တန်းစီစရာ မလိုဘူးလို့… မိတ်ဖက် ရင်းနှီးမြှုပ်နှံသူတွေ ထဲမှာ အမျိုးသမီးက ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လေ။”

ကုမ္ပဏီတခုရဲ့ နည်းပညာကဏ္ဍထဲ ရောက်နှင့်နေပြီးသား အမျိုးသမီးတွေဆိုရင်လည်း အလုပ်ကနေထွက်ရမယ့် အခြေအနေမျိုး ကြုံရတဲ့အထိ အခက်အခဲတွေ ရှိပါတယ်။ တချို့ဆို ဒီကဏ္ဍထဲမှာ မဝင်ဆံ့သလို ခံစားရတဲ့အကြောင်း ပြောပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာပိုင်း ကွာဟမှု မရှိအောင် လုပ်နိုင်ဖို့အတွက် နည်းလမ်းတွေကို အမေရိကန်ပြည်ထောင်စုမှာရော၊ ကမ္ဘာ တဝန်းမှာပါ လူအများအပြားက ဝိုင်းဝန်း ကြိုးစားနေကြပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးတွေကြား နည်းပညာကွာဟမှု နည်းအောင် ဘယ်လို ရှေ့ဆက် ဆောင်ရွက်ကြမလဲဆိုပြီး နည်းလမ်းရှာတဲ့ ဆွေးနွေးပွဲတွေလဲ ရှိလာနေပါပြီ။

XS
SM
MD
LG