သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုလဲမြို့၊ မွေ့တုံရွာတိုက်ပွဲအတွင်း နေအိမ်ဒါဇင်နဲ့ချီ မီးရှို့ခံရ


စစ်ကိုင်းတိုင်း ပုလဲမြို့။
စစ်ကိုင်းတိုင်း ပုလဲမြို့။

မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး မွေ့တုံ ကျေးရွာက နေအိမ်တွေ ဒါဇင်နဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးဆက်လက် ငြိမ်းသတ်နေရတဲအ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ပုလဲမြို့နယ် မွေ့တုံကျေးရွာဟာ ဒီနှစ်ထဲမှာ တတိယအကြိမ် မီးရှို့ခံရတာပါ။ မွေ့ထုံရွာတိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို မဆုမွန် ပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ထဲက အိမ်ခြေ ၂၅၀ လောက်ရှိတဲ့ မွေ့တုံကျေးရွာကို စက်တင်ဘာ ၁၂ ရက်က စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး စစ်ဆင်ရင်း ဝင်ရောက်လာခဲ့တာပါ။ စက်တင်ဘာ ၁၃ ရက်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တရက်လုံးလိုလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ကျားသစ်နက်အဖွဲ့က တာဝန်ရှိသူတဦးက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“တိုက်ပွဲက ကျနော်တို့ မနေ့က တနေကုန်ဖြစ်တယ်။ မနေ့က တနေကုန် ဒီနေ့ မနက်ခင်းက ဒီကောင်တွေအထွက်မှာ ကျနော်တို့ ၁ နာရီကောင်းကောင်းလောက်ပဲ လိုက်တိုက်နိုင်လိုက်တယ်။ နောက်ပျောက်သွားတယ်။ ၁၃ ရက်နေ့ မနက်ခင်းစပြီးတော့ တအိမ်ပြီး တအိမ် ဒီကောင်တွေ မီးရှို့တာပေါ့။ မနေ့က တနေကုန်နီးပါး မီးရှို့တယ်။ တိုက်ပွဲကလည်း တနေကုန်နီးပါး တိုက်နေတယ်ခင်ဗျ။။”

စစ်ကောင်စီဘက်ကတော့ စစ်ဆင်ရေးအတွင်း အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ငြင်းဆိုပြီး ကျေးရွာနေအိမ်တွေ မီးလောင်တာနဲ့ ပတ်သက်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကို အပြစ်တင်ပြောလေ့ ရှိပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး သတင်းမထုတ်ပြန်သလို သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။

မွေ့တုံရွာဟာ ပုလဲမြို့နယ်နဲ့ မြောင်နယ်အစပ်မှာ တည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက နေအိမ်တွေကို မီးရှို့တဲ့အတွက်ကြောင့် အိမ်ခြေ ၂၅၀ နီးပါးရှိတဲ့အထဲ နေအိမ်တော်တော်များများ မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ် ထွက်ခွာပြီးတဲ့နောက်မှာ ဒေသခံတွေဟာ နေအိမ်တွေကို မီးငြိမ်းသတ်ဖို့ ကြိုးစားနေတဲ့အကြောင်း ဒေသခံတဦးက အခုလို ပြောပါတယ်။

"နောက်ပြီးတော့ အရင်လုံးဝ အရှို့မခံရသေးတဲ့ အိမ်အကြီးစားတွေလည်း ပါတယ်ခင်ဗျ။ မီးမငြိမ်းသေးဘူး။ ဆက်လက်ပြီး ငြိမ်းနေကြပါတယ်။ ဒေသခံတွေက ဝင်နေပြီ မိသားစုလိုက်ဝင်ပြီး ကိုယ့်အိမ်ကိုယ် ရှင်းနေကြတယ်။ ငြိမ်းနေကြတယ်။”

မွေ့တုံကျေးရွာဟာ အရင်က နှစ်ဘက်တိုက်ပွဲတွေကြားမှာလည်း မကြာခဏ မီးရှို့ခံရပြီး ဒီနှစ်ထဲမှာ တတိယအကြိမ် မီးရှို့ခံရတာပါ။ ဒေသခံရွာသား အတော်များများ ရွာထဲမှာ မနေရဲတော့ဘဲ တိမ်းရှောင်နေရပြီး အချိန်ကာလ ကြာမြင့်လာတဲ့အတွက် စစ်ဘေးရှောင်တွေအကြား ဖျားနာတဲ့သူတွေ ရှိသလို၊ လုံလောက်တဲ့ ဆေးဝါးကုသမှု ရဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG