သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ကို ပုဒ်မနှစ်ခုနဲ့ စွဲချက်တင်ဖို့ တရားရုံးဆုံးဖြတ်


ဒေါက်တာအေးမောင် ကို ရခိုင်ပြည်နယ် စစ်တွေတရားရုံးမှာ ရုံးထုတ်လာစဉ်
ဒေါက်တာအေးမောင် ကို ရခိုင်ပြည်နယ် စစ်တွေတရားရုံးမှာ ရုံးထုတ်လာစဉ်

ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့မှာ ဟောပြောခဲ့တာတွေဟာ ဥပဒေနဲ့ မညီညွှတ်ဘူးလို့ဆိုပြီး ပုဒ်မ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ကို စွဲချက်တင်ဖို့ စစ်တွေခရိုင်တရားရုံးက ဒီနေ့ စက်တင်ဘာ ၁၀ရက်မှာ ဆုံးဖြတ်လိုက်ပါပြီ။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးထားပါတယ်။

အခုနှစ် ဇန်နဝါရီ ၁၆ရက်ကလုပ်ခဲ့တဲ့ ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ၂၂၃နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့စကားတွေကို ထည့်သွင်းပြောဆိုခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမှုဖွင့်ခံရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို စွဲချက်တင်ဖို့စစ်တွေခရိုင်တရားရုံးက ဒီနေ့စက်တင်ဘာ ၁၀ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

သူတို့နှစ်ယောက်ကို ပြည်နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ ပုန်ကုန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ (ခ) (ဂ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ)၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) (၂) တို့နဲ့ တရားစွဲခဲ့တာ ဖြစ် ပါတယ်။

ဒီနေ့မှာတော့ စစ်တွေခရိုင်တရားရုံးက မတရားအသင်းအက်ဥပဒေကို ဖြေလျှော့ပေးခဲ့ပြီး ဥပဒေ ၂ခုနဲ့ပဲစွဲချက်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျန်တဲ့ ပုဒ်မနှစ်ခုလုံးကလည်း ရာဇသတ်ကြီးပုဒ်မတွေပဲဖြစ်တဲ့အတွက် ဒီလိုတပြိုင်နက်တည်း အမှုဖွင့်တရားစွဲတာဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ သူတို့အမှုကိုကိုင်တွယ်နေတဲ့ စစ်တွေမြို့က တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က အခုလိုပြောပါတယ်။

“သူပြောတဲ့ဟာတွေက တစ်ခုမှအမှားမဟုတ်ဘူး အမှန်တွေချည်းပဲ တစ်ခုမှအပိုလိုမပါဘူး ဒါဟာအစိုးရက စဉ်းစားသင့်ပြီတိုင်းရင်းသား တွေကိုတော့ တန်းတူအခွင့်အရေးပေးသင့်ပြီ အဲဒါတွေပဲ သူတို့ပြောတာ။ နိုင်ငံတော်ကို ပုန်ကန်ခြားနားမယ်၊ ရခိုင်ကို သီးခြားပြည်နယ် အဖြစ်လုပ်မယ် ဘာညာ အဲဒါမဟုတ်ဘူး။ နိုင်ငံရေးသမားတစ်ယောက်ဟာ နိုင်ငံရေးစကားပြောတာ လက်ရှိအခြေအနေမှန်ကိုပြောပြတာ အုပ်ချုပ်တဲ့သူအစိုးရက လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပေးလို့ရအောင်သူဟောပြောတာပဲ။ အဲဒီလမ်းကြောင်းအတိုင်းပဲ သူခုခံချေပ မှာပေါ့။ သူက ဒီပုဒ်မနှစ်ခုနဲ့ စွဲချက်တင်တာကလည်း မှားတယ်ခင်ဗျ စွဲလည်းမစွဲဆိုရဘူး ပြစ်ဒဏ်လည်းမပေးရဘူးလို့ တားမြစ်ထားတယ်။ နှစ်မှုနဲ့စွဲချက်တင်ပေမဲ့ အမိန့်ချတဲ့အခါမှာ ဒီနှစ်ခုနဲ့အမိန့်ချလို့မရဘူး ဥပဒေအရ”

လက်ရှိ စွဲချက်တင်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး အစိုးရအနေနဲ့ဖြေရှင်းချက်ပေးဖို့လိုတယ်လို့ ဒီနေ့တရားရုံးကိုရောက်လာခဲ့တဲ့ ဒေါက်တာ အေးမောင်ကမီဒီယာကို ပြောသွားပါတယ်။

“အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြောရင်ဗျာဟို နိုင်ငံရေးအရ ခုနလို ကျွန်တော်တို့ အဲလိုပဲသုံးသပ်တယ်။ ခုနကပြောသလိုပေါ့ စွဲချက်တင် တယ် စွဲချက်ကို ကျွန်တော်တို့ ပြန်ရှင်းရမှာပေါ့လေ အဲဒီတော့ ကျွန်တော်တစ်ခုစိုးရိမ်တာက နိုင်ငံတော်သမ္မတကိုတင်တဲ့အမှုတွေမို့လို့ ဦးတိုက်လျှောက်တဲ့အမှုတွေမို့လို့ စွဲချက်တင်ရသလား အဲဒါဆိုရင် လွတ်လပ်တဲ့တရားစီရင်ရေးမှာ သံသယ လူထုကဝင်တော့မယ်။ ဘက်လိုက်မှုကင်းစေချင်တယ်။ လွတ်လပ်တဲ့တရားစီရင်ရေးဖြစ်စေချင်တယ်။ ဘက်လိုက်မှုဆိုတာ အစိုးရကစွဲတာမို့လို့ နိုင်ငံတော်သမ္မတကြီးကို တင်ရတဲ့အမှုမို့လို့ အတင်းစွဲချက်တင်တာမျိုးမဟုတ်ဖို့လိုတယ်။ ဥပမာ ကျွန်တော်မလုပ်ခဲ့တဲ့လုပ်ငန်းကို ‘နိုင်လွတ်လုံ’ ၈(စ)နဲ့ တရားစွဲရင် နိုင်ငံတော်သမ္မတကြီးက လက်မှတ်ထိုးရတော့မယ်ဆိုရင် ထိုးပေးမှာလား။ မထိုးနိုင်ဘူးလား။ လူထုအနေနဲ့ နိုင်ငံသားတစ်ဦးအနေနဲ့ ပြန်လှန်လုပ်ရမယ့်မေးခွန်းတွေဖြစ်တယ်ဆိုတာကို ပြောချင်တယ် ဟုတ်ပြီနော် နောက်မှဆုံမယ်ဗျာ ကျန်းကျန်းမာမာ”

နိုင်ငံတော်ပုန်ကန်မှု သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂ အတွက်ပြစ်မှုက သေဒဏ်ဒါမှမဟုတ်ရင် တစ်သက်တစ်ကျွန်းဖြစ်ပြီး၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အတွက်ကတော့ အမြင့်ဆုံးထောင်ဒဏ် ၂နှစ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG