သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရခိုင်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင် ရုံးထုတ်စစ်ဆေး


ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်
ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်

နိုင်ငံတော်ပုန်ကန်မှုပုဒ်မ အပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေမြို့နယ် တရားရုံးမှာ ဒီကနေ့ ထပ်မံ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တရားလိုဘက်ကို စစ်ဆေး မေးမြန်းခဲ့တဲ့ ဒီကနေ့ တရားခွင်နဲ့ပတ်သက်လို့ အကျိုးဆောင်ရှေ့နေတွေနဲ့ ရခိုင်နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ တုန့်ပြန်ချက်ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို အစိုးရက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ) ၊ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇/ (၁) (၂)တို့နဲ့ ဖမ်းဆီး တရားစွဲဆိုပြီး စစ်တွေအကျဉ်းထောင်မှာ ချုပ်နှောင်ထားတာပါ။ သူတို့နှစ်ဦးကို စတုတ္ထ အကြိမ်မြောက်အဖြစ် စစ်တွေမြို့ တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးပြီး၊ တရားလိုဖြစ်တဲ့ ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်နုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ တရားခွင်မှာတော့ မတရားအသင်း ဆက်သွယ်မှုပုဒ်မ (၁၇/၁)နဲ့ ပတ်သက်လို့ အဓိကစစ်ဆေးခဲ့ရာမှာ တရားလို ရဲတပ်ဖွဲ့မှူး ကျော်နုရဲ့ ထွက်ဆိုချက်တွေမှာ လက်တွေ့ထက်ပိုပြီး ထွက်ဆိုတာမျိုး တွေ့ရကြောင်း စာရေးဆရာ ဝေဟင်အောင်ရဲ့ အမှုလိုက်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

" ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ဝေဟင်အောင် ၂ ယောက်ကို မတရားအသင်း (၁၇/၁) နဲ့ စွဲထားတဲ့အမှုလေ ၊ ရဲအုပ် ကျော်နုဆိုတာ သူက တရားလိုလေ ။ အဲဒီတော့ အခုအမှုစစ်ပြီပေါ့ သူ့ကိုစစ်တော့ သူက တိုင်ထားတဲ့အတိုင်း ချဲ့ကားပြီးတော့ ထွက်တာပေါ့လေ။ ထွက်တော့ ဒီအမှုနဲ့ ဆိုင်တဲ့ ဟောပြောပွဲက တိတ်ခွေမှာ ရှိနေတာနဲ့ တူမတူ ဆိုတာကို တိုက်ပြီးတော့ စစ်မေးဖို့ ၊ အဲဒါ တိတ်ခွေတွေကို ဖွင့်ပြပါဆိုတာတွေ ကျမတို့ တောင်းဆိုထားတာ ရှိတယ်။ အဲဒါကို သက်သေခံ မသွင်းရသေးတဲ့အတွက် ဒီတိတ်ခွေတွေကို ဖွင့်မပြသေးဘူးဆိုတဲ့ အမိန့်ချတယ်။"

ဒေါက်တာအေးမောင်အတွက် အမှုလိုက်ရှေ့နေအဖြစ် ဦးအောင်ကျော်စိန်က လိုက်ပါဆောင်ရွက်နေတာပါ။ စစ်တွေအကျဉ်းထောင်ထဲမှာ ဆေးကုသခွင့်ရပေမယ့် ဒေါက်တာအေးမောင်ဟာ သွေးတိုးဝေဒနာကို ခံစားနေရကြောင်း ဒေါ်အေးနုစိန်က ပြောပါတယ်။

"ဒေါက်တာအေးမောင်ကတော့ သွေးတိုးတယ်လို့ပြောတယ်။ ဆေးတွေ တိုးပေးပေမယ့် သွေးမကျဘူးပေါ့နော်။ မနက်၂ ကြိမ် ညတကြိမ် သောက်ရတယ်။ ဒါပေမယ့် သွေးကတော့ တိုးနေလျက်ပဲလို့ ကျမကိုပြောတယ်။"

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တုန်းက ရသေ့တောင်မြို့မှာ ပြုလုပ်တဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပွဲမှာ ဟောပြောခဲ့တဲ့ အခြေနေပေါ်မူတည်ပြီး ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို အစိုးရဘက်က နိုင်ငံတော်ပုန်ကန်မှု ပုဒ်မအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ဟောပြောချက်တွေအတွက် သူတို့ပေါ် စွဲဆိုချက် တွေဟာ မျှတမှုမရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဦးလှစောက ထောက်ပြပါတယ်။

"၁၇/ (၁) (၂)တို့ ၊ နိုင်ငံတော်ပုံကန်မှုဆိုတာကတော့ သိပ်မမျှတဘူးလို့တော့ ထင်တယ်။ ကျနော်တို့ ဒီ စာပေဟောပွဲတခုမှာပေါ့လေ စကားလုံး ကြမ်းတမ်းလို့ပဲဖြစ်ဖြစ် နှုတ်လွန်သွားလို့ပဲ ဖြစ်ဖြစ်ပေါ့လေ။ အဲဒါတွေလောက်ကတော့ သိပ်မမျှတဘူး လို့တော့ထင်တယ်။ ဒါကတော့ ဥပဒေ ဆိုတာကတော့ဗျာ၊ ကျနော်တို့လည်း အသေးစိတ်နားမလည်ဘူးလေ အဲဒီတော့ နိုင်ငံရေး အတွေ့အကြုံအရ ပြောတာပါ။"

ဒေါက်တာ အေးမောင်တို့ရဲ့အမှုကို မတ်လ ၁၄ ရက်၊ ရှေ့တပတ် ဗုဒ္ဓဟူးနေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနဲ့ ဆိုင်တဲ့ အကြောင်းတွေကို စစ်ဆေးကြားနာဖို့ ရှိတယ်လို့ အမှုလိုက်ရှေ့နေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG