သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရှေ့သီတင်းပတ်ရုံးထုတ်မည်


ဒေါက်တာ အေးမောင်

အာဏာပိုင်တွေဘက်က နိုင်ငံတော် သစ္စာဖောက်ဖျက်မှု နိုင်ငံတော် အကြည်ညို ပျက်စေမှု မတရားအသင်း ဆက်သွယ်မှုစတဲ့ပုဒ်မ တွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါက်တာအေးမောင် ၊ ဆရာဝေဟင်အောင်တို့ ၂ ဦးကို ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေး တော့မှာဖြစ်ပါတယ်။ သူတို့ ၂ ဦးအပါအ၀င် မြောက်ဦးပဋိပက္ခဖြစ်စဉ်မှာပါဝင်ခဲ့လို့ ဖမ်းဆီးထားသူ ၈ ဦးကို ဥပဒေကြောင်းအရကူညီဖို့ ရခိုင်အမျိုးသားပါတီက ဥပဒေပြုအထောက်အကူပြုကော်မတီ ကိုဖွဲ့စည်းလိုက်ပါတယ်။ ဒီအကြောင်းကို VOA မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထား ပါတယ်။

ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းအထိမ်းမှတ်ပွဲမှာ ဟောပြောခဲ့လို့ အာဏာပိုင်တွေဘက်က နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ မတရားအသင်းဆက်သွယ်မှုစတဲ့ ပုဒ်မတွေနဲ့ စာရေးဆရာ ဝေဟင်အောင်ကို ဇန်န၀ါရီ ၁၆ ရက်က ဖမ်းဆီးခဲ့ပြီး ဒေါက်တာအေးမောင်ကိုတော့ ဇန်န၀ါရီ ၁၈ ရက်က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ ၂ ဦးကို စစ်တွေတရားရုံမှာ ဇန်န၀ါရီ ၃၁ ရက်နေ့ကျရင် ပထမဆုံးအကြိမ် ရုံးထုတ်မှာဖြစ်ပါတယ်။ သူတို့ကိုကူညီဖို့ ရခိုင်အမျိုးသားပါတီက ဥပဒေပြုအထောက်အကူပြု ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

ဒေါက်တာအေးမောင်တို့ ၂ ဦးအပြင် မြောက်ဦးပဋိပက္ခမှာပါဝင်ခဲ့လို့ အများပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ခံထားရတဲ့သူ ၈ ဦးကိုလည်း ဥပဒေကြောင်းအရကူညီပေးသွားမှာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က VOA ကိုအခုလိုပြောပါတယ်။

"ရခိုင်အမျိုးသားပါတီ ဥပဒေအထောက်အကူပြုကော်မတီတခုဖွဲ့စည်းထားပါတယ်။ လိုအပ်သလိုဥပဒေနဲ့အညီ ဥပဒေကြောင်းအရ ဘယ်လို သက်သာခွင့်တွေရရှိအောင်လုပ်ပေးနိုင်မလည်းဆိုပြီးတော့ အဲ့ဒီဥပဒေအထောက်အကူပြုကော်မတီပေါ့နော် မနေ့ကဖွဲ့လိုက်ပါတယ်။ ကျွန်တော်တို့က ရသေ့တောင်ကိစ္စမှာအဖမ်းခံထားရတဲ့ ဦးဝေဟင်အောင်ကော ဒေါက်တာအေးမောင်ကော နောက်မြောက်ဦးမှာ မြောက်ဦးကိစ္စနဲ့ ဆေးရုံအချုပ်ဆောင်မှာ ဖမ်းခံထားရတဲ့ လူငယ် ၈ ဦးအတွက်ပေါ့နော်။ နောက်တခုကလည်း ထပ်ပြီးတော့ အရေးယူ အုံးမယ်လို့ ပြောထားတာတွေရှိပါတယ်။ အဲ့လို လိုအပ်သမျှ ကျွန်တော်တို့အနေနဲ့ကတော့ လိုအပ်တယ်။ တချို့ကလည်း ကိုယ့်အစီစဉ်နဲ့ ကိုယ် ရှေ့နေရှေ့ရပ်တွေ ငှားပြီးသားဖြစ်ရင်လည်းဖြစ်မှာပေါ့။ တချို့ကလည်းလိုအပ်ရင်လိုအပ်မှာပေါ့ ရှေ့နေငှားပြီးရင်လည်း ဥပေဒေကြောင်းအရ ကျွန်တော်တို့ဘေးကနေ ၀ိုင်းဝန်းပြီးတော့ အကြံဥာဏ်ပေးတာတွေဘာတွေ လုပ်ပေးနိုင်မယ်ဆိုရင်လည်း ကျွန်တော်တို့ လုပ်ပေးတာပေါ့။ အဲ့ဒါကြောင့်ဥပဒေအထောက်အကူပြုကော်မတီကို ဖွဲ့တာပါ။ "

မြောက်ဦးပဋိပက္ခဖြစ်စဉ်မှာ ၇ ဦးသေဆုံး ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေဟာ စစ်တွေဆေးရုံနဲ့ မြောက်ဦးဆေးရုံတို့မှာ တက်ရောက်ကုသနေစဉ် စစ်တွေဆေးရုံမှာ တက်ရောက်ကုသသူ ၈ ဦးကို ဇန်န၀ါရီ ၂၃ ရက်မှာ စစ်တွေဆေးရုံအချုပ် မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

မြောက်ဦးဆေးရုံမှာ ဆေးကုသ ၄ ဦးဟာ ဆရာဝန်ခွင့်ပြုချက်နဲ့ ဆေးရုံဆင်းပြီး ဖမ်းဆီးခံရမှာ စိုးရိမ် တဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေတယ်လို့ မြောက်ဦးဒေသခံတစ်ဦးဖြစ်တဲ့ ကိုဇော်ထွန်းကျော်က အခုလိုပြောပါတယ်။

"၁၂ ယောက်မှာ စစ်တွေမှာက ၈ ယောက် ဒီမှာ မြောက်ဦးမှာက ၄ ယောက်။ ပထမကတော့ အဲ့မတိုင်ခင်ထိအောင်ပေါ့နော် မဖမ်းခင်ထိတောင် ဘာမှလည်းမသိရဘူး။ မြောက်ဦးမှာရှိတဲ့ ၄ ယောက်ကို ဆရာဝန်က ဆင်းခွင့်ပေးလိုက်တယ်။ ပေးလိုက်တော့ အဲ့ဒီနေ့မှာပဲ ပထမတယောက်ကဆင်းတယ်။ ဆင်းတော့နောက်ထပ် ၃ ယောက်ကလည်း ဟိုသူတို့ဖမ်းမယ်တို့ ဘာတို့ဘာမှမသိဘူးပေါ့နော်။ နောက်ထပ် ၃ ယောက်ကလည်း အဲ့နေ့မှာပဲဆင်းသွားတယ်။ ဆင်းသွားတဲ့နေ့အထိတောင် သူတို့ကဘာမှလည်း မပြောကြဘူး။ အဲ့တော့အဲ့ဒီနေ့မှာပဲ စစ်တွေမှာ ၈ ယောက်ကို ဖမ်းလိုက်ပြီဆိုတဲ့ သတင်းထွက်လာတယ်။ ဒီဘက်က ၄ ယောက်က ဖမ်းမယ် စစ်တွေကလူတွေကို ဖမ်းတာလည်းကြားကော သူတို့လည်းဖမ်းမှာကြောက်တဲ့အတွက်ကြောင့် ရှောင်နေကြတာရှိတယ်။ အိမ်မှာမရှိကြဘူး။"

ထွက်ပြေးတိမ်းရှောင်သူတွေကို အမှုဖွင့်ဆောင်ရွက်ထားခြင်း ရှိမရှိနဲ့ပတ်သက်လို့ မြောက်ဦးရဲစခန်းကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း အဆက်သွယ်မရရှိခဲ့ပါဘူး။

ဒေါက်တာအေးမောင်နဲ့ ဆရာဝေဟင်အောင်တို့ကို ရသေ့တောင် စာပေဟောပြောပွဲမှာ ဟောပြောတာနဲ့ ပတ်သက်လို့ ဖမ်းဆီးခဲ့တာဖြစ်ပြီး မြောက်ဦးမှာတော့ ရခိုင်နိုင်ငံတော်ကျဆုံးခြင်းအောက်မေ့ဖွယ်အခမ်းအနားကို အာဏာပိုင်တွေဘက်က တားဆီးမြစ်ရာကနေ ဆန္ဒပြမှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ချီတက်ဆန္ဒပြရာမှာ ခဲတွေနဲ့ပစ်ပေါက်ခဲ့လို့ အာဏာပိုင်တွေဘက်က ရဲလုပ်ငန်းအဆင့်ဆင့်နဲ့ တားမြစ်ခဲ့ပေမယ့် ပိုဆိုးလာလို့ သေနတ်နဲ့ပစ်ခတ်ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးဒဏ်ရာရရှိ ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာလည်း ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ စစ်တွေဆေးရုံအချုပ်မှာ ဖမ်းဆီးထားတဲ့သူတွေကိုလည်း ထမင်းပို့ချိန်သာ တွေ့ခွင့်ပေးတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG