သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တဖက်သတ် ရာထူးက ထုတ်ပယ်တာ ဒီမိုကရေစီကို အဟန့်အတားဖြစ်


တာဝန်က ရပ်စဲခံရတဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း
တာဝန်က ရပ်စဲခံရတဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း

စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီးရာထူးကနေ အကြောင်းပြချက် ရှင်းလင်း ချက် မပေးပဲ သူ့ကို တာဝန်ကရပ်စဲတာဟာ တဖက်သတ် ဆုံးဖြတ်ခြင်းသာ ဖြစ် တယ်လို့ စိုက်မွေး/ဆည် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းက ပြောပါတယ်။ သူ့ကို တာဝန်မှရပ်စဲကြောင်း နိုဝင်ဘာ ၁၈ ရက် နေ့စွဲနဲ့ နိုင်ငံတော်သမ္မတက ကြေညာ ချက် ထုတ်ပြန်ခဲ့ပြီးနောက် ဒေါက်တာထွန်းဝင်းက အခုလို ပြောဆိုလိုက်တာ လည်း ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြ ပါမယ်။

ဟုတ်ပါတယ် .. စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို ဖွဲ့စည်းပုံဥပဒေပုဒ်မ ၂၃၅- ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၁)အရ ၎င်း၊ အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်တွေအရ၎င်း ရာထူးတာဝန်ကနေ ရပ်စဲလိုက်ကြောင်း သမ္မတဦးထင်ကျော်အမိန့်နဲ့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။ NLD အစိုးရသစ်လက်ထက် ၈ လတာကာလအတွင်း အစိုးရအဖွ့ဲဝင် ဝန်ကြီးတဦးကို တာဝန်က အခုလို ရပ်စဲလိုက်တာဟာ ဒါ ပထမဆုံးပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို အခုလို တာဝန်က ရပ်စဲလိုက်တဲ့ အကြောင်းရင်းကို ရှင်းပြတာမျိုး မရှိခဲ့ပဲ၊ ဒီလိုရာထူးက ထုတ်ပယ်မှု မတိုင်ခင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဒေါက်တာထွန်းဝင်းရဲ့ အလုပ်တာဝန်တွေနဲ့ ပတ်သက်လို့ သတိပေးပြော ဆိုခဲ့တာမျိုး ရှိခဲ့ကြောင်း ဒေါက်တာထွန်းဝင်းက VOA မြန်မာပိုင်း ကို ပြောပါတယ်။

“ အဲဒါကလည်း ကျနော်ကိုယ်တိုင်က အစိုးရကို မေးနေတဲ့ အကြောင်းပါပဲ။ ကျနော့်ကို ထုတ်ပယ်တဲ့ ဦးဝင်းထိန်က စတာပါ၊ လွန်ခဲ့တဲ့ တလကျော်ကတည်းက ထုတ်ပယ်တာ။ အဲဒီအကြောင်းကို မေးတဲ့အခါကျတော့လည်း - ခင်ဗျားမှာ တိုင်စာတွေရှိတယ်၊ တိုင်စာတွေရှိတော့ ခင်ဗျား သမ္မတဆီမှာ နှုတ်ထွက်စာတင်၊ တင်ပြီးတော့ နေပြည်တော်ကောင်စီမှာ သွားပြီး အလုပ်လုပ်ရမယ်။ ကျနော်ကတော့ - နေပြည်တော် ကောင်စီမှာ လုပ်ဖို့လာတာ မဟုတ်ဘူး၊ ကျနော့ရဲ့ နေရာဌာအတွက် လာတာလဲ မဟုတ်ဘူး။ ကျနော့်ကို ကျနော်နဲ့ဆိုင်မယ့် ကျနော့် ပရော်ဖက်ရှင်နယ်ဖြစ်တဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းလုပ်ဖို့ လာတာဖြစ်တဲ့အတွက် ဆရာတို့ပြောတဲ့ နေပြည်တော် ကောင်စီကိုလည်း ကျနော် မသွားချင်ဘူး၊ ကျနော် နှစ် ၃၀ လုပ်ခဲ့တဲ့ စိုက်ပျိုးရေးအတွေ့အကြုံနဲ့ ပေါင်းစပ် လိုက်ရင် ကျနော်သည် ပေးတဲ့ အလုပ်တွေ ကျနော့်အတွက်က တော်တော်ကို စိတ်သွားပြီးကိုယ်ပါပြီးတော့ ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်တဲ့သဘောတရား ရှိတယ်။ ကျနော်က ဒုတိယဝန်ကြီး ဖြစ်နေတာကို တခါတလေကျ သတိမေ့ပြီးတော့ တချို့နေရာတွေမှာ ကျနော် ဆန္ဒစောတာတွေရှိတယ် ”

စိုက်ပျိုးမွေးမြူရေး ဆည်မြောင်းကိစ္စတွေမှာ သူ့ရဲ့အထက်ဝန်ကြီးဖြစ်တဲ့ ဒေါက်တာေ အာင်သူနဲ့ လုပ်ငန်းကိစ္စတွေ ဆွေးနွေးရာမှာ အခြေအတင် တင်းမာမှုဖြစ်ပြီး ပြသနာတွေ ရှိခဲ့တယ်လို့ ဒေါက်တာထွန်းဝင်းက ရှင်းပြပါတယ်။

“ ကျနော်ပြောတဲ့စကားကလည်း လူကြီးပေါ်မှာ နည်းနည်းလေး ရင့်သီးသလိုဖြစ် သွားတယ်၊ ဘယ်လိုလဲဆိုတော့ ကျနော်က အားမလို အားမရ ဖြစ်တဲ့အပေါ်မှာ - ဝန်ကြီးသည် ၄ လသာလျှင် ဒီလုပ်ငန်းကို လုပ်ခဲ့တာဖြစ်တယ် ကျနော်သည် လွန်ခဲ့တဲ့နှစ် ၄၀ လောက်ကတည်းက လယ်သမားတွေ ခံစားနေရတဲ့ ဒီပြသနာကို ကျနော်တို့ အစိုးရသစ်လက်ထက်မှာ အများက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ် နဲ့အညီ အပြောင်းအလဲ တရပ်အနေနဲ့ လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ကျနော်တို့နိုင်ငံရဲ့ အစိုးရပုံရိပ်ကို ပိုပြီးတက်လာစေမယ်။ ဒါ့ကြောင့်မို့ ကျနော့်ကို လုပ်ခွင့်ပေး ပါလို့ ပြောတာ။ ခုနကပြောတဲ့ ၄ လနဲ့ နှစ် ၄၀ မှာ သူက တော်တော်လေး စိတ်ဆိုး သွားပါတယ်။ စိတ်ဆိုးတော့ ခုနက အကုန်စုပြီးတော့ ကျနော့်ကို ကျနော် တို့ကို ပြန်ပြီး ကြိမ်းမောင်းတဲ့ အခါမှာ … အဲဒါကို သူပြန်ပြီးတော့ အထက်ကို တင်ပြတဲ့အခါမှာ ကျနော်က အကုန်စုပြီးတော့ သူ့ကို ခံပြောတယ် ဆိုတဲ့ဟာ မျိုးပေါ့ဗျာ၊ ဒီလိုဟာမျိုး သူမြင်သွားတဲ့အတွက် ဒါသည် ကျနော့်အပေါ် လူကြီးတွေရဲ့ အပေါ်ကများ အမြက်ရှသွားသလားပေါ့ဗျာ၊ ဒါပဲကျနော် စဉ်းစားလို့ရတယ်။ ကျနော်နဲ့ ဖြစ်တဲ့ကိစ္စ ကြီးကြီးမားမားဆိုလို့ ဒါပဲရှိပါတယ် ”

သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်
သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်

အကြောင်းပြချက်လည်း မပေးပဲ ရှင်းပြခွင့်လည်း မရှိပဲ သူ့ကိုထုတ်ပယ် တာဟာ နိုင်ငံ့ရဲ့ဒီမိုကရေစီလမ်းကြောင်း ပုံရိပ်တွေကို ဒေါက်တာထွန်းဝင်းက မှတ်ချက်ပေးပါတယ်။

“ ကျနော့်အတွက်ကတော့ ကျနော်အမှန်တရားပေါ်မှာ ရပ်လို့ ဒီလိုထွက်ရတဲ့အတွက် ကျနော့အတွက် ဘာမှဝမ်းနည်းမှု မရှိဘူး၊ ကျနော် စိတ်ပျက်အားငယ်မှု မရှိဘူး၊ တဖက်သတ်ဆုံးဖြတ်ပြီး ဒီလိုမျိုး ထွက်ရတဲ့အတွက် ကျနော်ဂုဏ်ယူတယ်လို့ပဲ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်စိတ်ထဲမှာ ကျနော်က အားလုံးအတွက် ကောင်းအောင်လုပ်သော်လည်း ဒီလိုမျိုးဆုံးဖြတ်တာသည် သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ ရမှာဖြစ်တဲ့အတွက် ဒါကိုတော့ကျနော် ခံယူရမှာပေါ့။ သို့သော် ဒါသည် ကျနော့်ဖက်ကနေပြီး ပြန်လည်ဖြေရှင်းခွင့် မရှိပဲနဲ့ တဖက်သတ် ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် အဲဒါအတွက်တော့ကျနော် စိတ်ထဲမှာ တော်တော်လေးကို တိုင်းပြည်အတွက် နောင်လာမယ့် ဒီလိုမျိုး အနေအထားတွေမှာ ဒီလိုသာ တဖက်သတ်ပြောတာနဲ့ တဖက်သတ် နားကြားရုံလေးနဲ့ ကာယကံရှင် နှစ်ဦးနှစ်ဖက်ကို ခေါ်ယူဆွေးနွေးခြင်း မရှိပဲနဲ့ တဖတ်သတ် ဆုံးဖြတ်ပြီးတော့ ဒီလိုအမိန့်ချတဲ့ ကိစ္စသည် .. စပြီးတော့ ဒီမိုကရေစီနိုင်ငံသစ် ထူထောင်တဲ့ နိုင်ငံသစ်လေးအတွက် အလွန်ကို စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ လူတွေရဲ့ အကြောက်တရားဟာ ပိုပြီးတော့ ခြောက်ခြား သွားပါတယ်။ အမှန်တရား လုပ်တာတောင်မှ ဒီလိုမျိုး ပြစ်ဒဏ်ပေးနိုင်လေခြင်းဆိုတဲ့ဟာကို ကျနော့်အတွက်လည်း ခံစားရတယ် အများပြည်သူ အတွက်လည်း ခံစားရတယ်။ ဒါသည် အလွန်ကို ဆိုးဝါးတဲ့ တဖက်သတ် ဆုံးဖြတ်ချက်လို့ပဲ ကျနော်မြင်တယ် ”

ဒေါက်တာထွန်းဝင်းကို အခုလို ရာထူးက ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်လို့ NLD ပါတီအကြီးအကဲ ဦးဝင်းထိန်ကို VOA ကဆက်သွယ် မေးမြန်းရာမှာ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

“ မှတ်ချက်မပေးဘူး ”

မေး - ဒီလို ထုတ်ပယ်ခံရတဲ့ပေါ် ဘယ်လိုနားလည်ပါသလဲ။

ဦးဝင်းထိန် - “ ကျနော် မှတ်ချက် မပေးဘူးလို့ ပြောပြီးပြီပဲ ဒါ စကားအကုန်ပဲ ”

အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦး ဒီလိုမျိုး တာဝန်ရပ်ဆိုင်းခံရတာနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ခုလို မြင်ပါတယ်။

“ ဝန်ကြီးသော်လည်းကောင်း ဒုဝန်ကြီးသော်လည်းကောင်း တာဝန်က ရပ်စဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့ အနေနဲ့ တရားဝင်အကြောင်းပြချက်ကို ထုတ်ပြန်ဖို့ လိုအပ်တယ်လို့မြင်တယ်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲနဲ့ တာဝန်ကရပ်စဲတယ် ဆိုလို့ရှိရင် ဒါဟာ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ဒါ အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ကျနော် မြင်တယ်။ နောက် တချက်က ပါတီခေါင်းဆောင် တယောက်ပေါ့လေ၊ ရွေးကောက်ခံလဲ မဟုတ်ဘူး အစိုးရမှာလဲ ပါဝင်မှုမရှိတဲ့ ပါတီခေါင်းဆောင် တယောက်က ဒီအစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေမှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီးသော်လည်းကောင်း ဝင်ရောက် စွက်ဖက်တာဟာ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် ဒါ မကောင်းတဲ့ လက္ခဏာပဲလို့ ကျနော်မြင်တယ် ”

ခုလို ထုတ်ပယ်ခံရတဲ့ ဒေါက်တာထွန်းဝင်းဟာ စိုက်ပျိုးရေး ပညာရှင်အဖြစ် အရင်အစိုးရလက်ထက်တွေအောက် နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့သူ ဖြစ်သလို၊ အမေရိကန်သံရုံး USAID မှာ စိုက်ပျိုးရေးအကြံပေးအဖြစ် ၃နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG