သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိ


ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲ မူးယစ်ဆေးဝါးတွေဖမ်းမိခဲ့ကြောင့် ထိုင်းစစ်တပ်ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၂၃၊ ၂၀၂၄)
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲ မူးယစ်ဆေးဝါးတွေဖမ်းမိခဲ့ကြောင့် ထိုင်းစစ်တပ်ထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇွန် ၂၃၊ ၂၀၂၄)

ထိုင်း-မြန်မာ နယ်စပ်၊ ချင်းရိုင်ခရိုင်၊ ဖန်မြို့နယ်မှာ နှစ်ရက်အတွင်း စိတ်ကြွဆေးပြား ခုနစ်သန်း လေးသိန်းနဲ့ ဘိန်း ဖြူ ၂၂၅ကီလို ဖမ်းမိခဲ့ပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့၀င်တွေက မြန်မာဘက်ကလာတဲ့ လမ်းကြောင်းရှင်း ဆိုင်ကယ်တစ်စီးကို ဖမ်းဆီး စစ်ဆေးနေချိန်မှာ နောက်ကလိုက်လာတဲ့ မူးယစ်မှောင်ခိုသမားတွေက မူးယစ်ဆေးဝါးတွေပါတဲ့ ကားကိုစွန့်ပစ် ထွက်ပြေးသွားခဲ့ကြပေမယ့် ကားအတွင်းမှာ ဆာလာအိပ် ၁၆အိတ်နဲ့ သယ်လာတဲ့ စိတ်ကြွဆေးပြား ၁ သန်း ၆ သိန်းကို ဖမ်းမိခဲ့ပြီး ဆိုင်ကယ်မောင်းသူ မြန်မာနွယ်ဖွား လားဟူ တိုင်ရင်းသားအမျိုးသားတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ ထိုင်းနယ် ခြားစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အခုဖမ်းမိတဲ့ မူယစ်ဆေးဝါးတွေဟာ ဘတ်ငွေ သန်းပေါင်း ၂,၀၀၀ ကျော် တန်ဖိုးရှိပြီး ဒီ စိတ်ကြွဆေးပြားတွေကို မြန်မာနိုင်ငံ ဘက်ကနေ တင်ဆောင်လာတာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဇွန်လ ၂၁ရက်နေကလည်း ထိုင်းနိုင်ငံ၊ မဲဆိုင်မြို့၊ ဟွေ့ဆိုင်ကျေးရွာအနီးမှာ ကုန်တင်ကားငယ် နှစ်စီးကို နယ်ခြားစောင့်တပ်တွေက ပိတ်ဆို့ ဖမ်းဆီးခဲ့ရာမှာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ကားပေါ်ပါလာတဲ့ လက်နက်ကိုင်တွေဟာ မြန်မာဘက်ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က ဆိုပါတယ်။ ကားနှစ်စီးပေါ်မှာသယ်ဆောင်လာတဲ့ ဘိန်းဖြူ ၂၂၅ ကီလိုနဲ့ စိတ်ကြွဆေး ၅သန်း ၈ သိန်းကိုတော့ သိမ်းဆည်းခဲ့ပါတယ်။

ဇွန်လအတွင်း ထိုင်း၀န်ကြီးချုပ်က စိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဥပ‌ဒေကို ပြင်ဆင်လိုက်ကြောင်း ထုတ်ပြန်ခဲ့တာမှာ -စိတ်ကြွဆေးပြား တပြား၊​ ဒါမှမဟုတ် အိုက်စ်မူးယစ်ဆေး ၁၀၀ မီလီဂရမ် လက်၀ယ်တွေ့ရှိတယ်ဆိုရင် ဥပဒေသစ်အရ သက်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိန်းသိမ်းရေးစခန်း ပို့မယ်လို့ ပြောဆိုခဲ့ပါတယ်။

အရင်အစိုးရလက်ထက်တုန်းကတော့ စိတ်ကြွဆေးပြား ၅ပြားနဲ့ အိုက်စ် မူးယစ်ဆေး ၅၀၀ မီလီ၈ရမ် လက်ဝယ်တွေ့ရှိမှသာ ထိန်းသိမ်းရေးစန်းကို ပို့ဆောင်မှာဖြစ်ပေမဲ့ ထိုင်းအစိုးရက အခု ပိုမို တင်းကျပ်တဲ့ ဥပဒေတွေကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG