သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းရိုင်ခရိုင် မြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုနဲ့ထိုင်းနယ်ခြားစောင့် တိုက်ပွဲဖြစ်


ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးရမိတဲ့Ice မူးယစ်ဆေး ၃၂၃ ကီလို နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။(ဇန်နဝါရီ ၇၊ ၂၀၂၄/ ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်)
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးရမိတဲ့Ice မူးယစ်ဆေး ၃၂၃ ကီလို နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။(ဇန်နဝါရီ ၇၊ ၂၀၂၄/ ဓာတ်ပုံ-ထိုင်းနယ်ခြားစောင့်တပ်)

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာ နှစ်သစ်ကာလ ထိုင်းမြန်မာနယ်စပ်ကနေဝင်လာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ဇန်နဝါရီလ ၆ ရက်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘတ်ငွေသန်းပေါင်း ၁,၅၀၀ ကျော် တန်ဖိုးရှိတဲ့ Ice မူးယစ်ဆေး ၃၂၃ ကီလိုနဲ့အတူ တဦးကိုအသေဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာ နှစ်သစ်ကာလအစမှာပဲ မြန်မာ နိုင်ငံနဲ့နယ်စပ်ကနေဝင်လာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ဇန်နဝါရီလ ၆ ရက်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အမှတ်‌ ၅‌ ဒေသ နယ်ခြားစောင့်တပ်၊ တပ်စွယ် ၃၅ ကင်းလှည့်နေတဲ့အချိန်ညနေ ၆ နာရီကျော်မှာ ချင်းရိုင်ခရိုင် မယ်ဖါလွမ်‌ မယ်ကျလောင် အမှတ် ၁၉ ကျေးရွာအုပ်စုအနီးမှာ နှစ်ဘက် ရင်ဆိုင်ပစ်ခတ်ပါတယ်။

ဖြစ်ပွားခဲ့တဲ့နေရာဟာ ထိုင်းမြန်မာနယ်စပ်က မူးယစ်ဆေးဝါးတွေ အများဆုံးဝင်ရောက်ရာလမ်းကြောင်းဖြစ်လို့ ထိုင်းနယ်ခြားစောင့်တပ်တွေဟာ နေ့ရောညပါ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကနေလာတဲ့မူးယစ်နက်ကိုင်အင်အား တဒါဇင်ကျော်နဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေဟာ ၁၅ မိနစ်ဝန်းကျင် တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကိုင်တွေဟာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ ကြောင်း ထိုင်းစစ်တပ်ဘက်ကပြောပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ ထိုင်းတပ်က တိုက်ပွဲဖြစ်တဲ့နေရာကို နယ်မြေရှင်းလင်းခဲ့ရာမှာ လက်ပစ်ဗုံးတလုံးကိုင်လျက်နဲ့ သေဆုံးနေတဲ့ မူးယစ်မှောင်ခိုသမားတဦးနဲ့ ကျောပိုးအိတ် ၂၁ လုံးမှာထည့်ထားတဲ့ အိုက်စ် မူးယစ်ဆေး ၃၂၃ ကီလို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အမှတ်၅ ဒေသ နယ်ခြားစောင့်တပ်က သတင်းထုတ် ပြန်ထားပါတယ်။

အခင်းဖြစ်တဲ့နေရာကို ထိုင်းနိုင်ငံရဲ့‌ မြောက်ပိုင်းဒေသ ဗိုလ်ချုပ် မာနွတ် စေနာကူလ်း (Maj. Gen. Manop Senakul) ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပါတယ်။

"အခုလို မူးယစ်ဆေးဝါးတွေကို သယ်ဆောင်‌တင်သွင်းနေတဲ့ မူးယစ်ကွန်ယက်တွေရဲ့ ပိုင်ဆိုင်မှုတွေသာမကဘဲ အစုရှယ်ယာဝင်ထားတာတွေ၊ ရင်းနှီးမြှုပ် နှံထားတွေကိုပါ လိုက်လံသိမ်းဆည်းခဲ့ရာမှာ ဘတ်ငွေ သန်း ၁,၀၀၀ ကျော် ရှိပြီ" လို့ ဘန်ကောက်မြို့ မူးယစ်နှိမ်နင်းရေးဗျူရို အတွင်းရေးမှူး ရဲမှူး ထဝီစပ်က ထိုင်းဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

မူးယစ်လက်နက်ကိုင်တွေဟာ ထိုင်းစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကျည်ထိမှန် ဒဏ်ရာရခဲ့လို့ ဆုတ်ခွာသွားကြတာဖြစ်ပြီး ထိုင်းဘက်ကတော့ ထိခိုက်ကျဆုံးတာမရှိခဲ့ဘူးလို့လည်းပြောသွားပါတယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ဘက်ကနေ သယ်လာတဲ့ စိတ်ကြွဆေးပြား ၁၀ သန်းနဲ့ အိုက်စ်မူးယစ်ဆေး ၄၃ ကီလို တင်လာတဲ့ကုန်တင်ကားကို ဆမွတ်ပရာကန် အမြန်လမ်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလွမ်မြို့နယ်မှာ မြန်မာနယ်စပ်ကနေဝင်လာတဲ့ မူးယစ်လက်နက်ကိုင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မူးယစ်လက်နက်ကိုင်တွေဘက်က ၁၅ ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ မူးယစ်နှိမ်နင်းရေးအဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့မှာ နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းလိုက်တဲ့ ဘတ်သန်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ပစည်းတွေထဲမှာ မူးယစ်ဆေးဝါးအမှုနဲ့ ထိုင်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား မင်းမင်းဦးရဲ့ ပိုင်ဆိုင်ပစည်းတွေ အများစုပါဝင်နေတယ်လို့လည်း ထိုင်းသတင်းမှာဖော်ပြခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG