သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်ခြားစောင့်တပ်နဲ့ မူးယစ်မှောင်ခိုအဖွဲ့ မြန်မာနယ်စပ်မှာ တိုက်ပွဲဖြစ်


ဒီဇင်ဘာလ ၁၆ ရက်နေ့က ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလွမ်မြို့နယ်မှာ မြန်မာနယ်စပ်ကဝင်လာတဲ့ မူးယစ်ဆေးသယ်ဆောင်လာတဲ့ လက်နက်ကိုင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ရာနေရာ။ (ဓာတ်ပုံ ထိုင်းအမှတ်(၃)နယ်ခြားစောင့်တပ်ဖွဲ့)
ဒီဇင်ဘာလ ၁၆ ရက်နေ့က ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလွမ်မြို့နယ်မှာ မြန်မာနယ်စပ်ကဝင်လာတဲ့ မူးယစ်ဆေးသယ်ဆောင်လာတဲ့ လက်နက်ကိုင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေတိုက်ပွဲဖြစ်ရာနေရာ။ (ဓာတ်ပုံ ထိုင်းအမှတ်(၃)နယ်ခြားစောင့်တပ်ဖွဲ့)

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလွမ်မြို့နယ်မှာ မြန်မာနယ်စပ်ကဝင်လာတဲ့ မူးယစ်ဆေးဂိုဏ်း လက်နက်ကိုင်တွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ရာမှာ မူးယစ်လက်နက်ကိုင်တွေဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး စိတ်ကြွဆေးပြား၂,၀၄၀,၀၀၀ (နှစ်သန်းလေးသောင်း) ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှတ်(၃) ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလွင်မြို့နယ် အမှတ် ၈ ပဟန်ကျေးရွာအနီး တောင်တန်းမှာ မြန်မာနယ်စပ်ကဝင်လာတဲ့ မူးယစ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာလ ၁၆ ရက်နေ့ညက တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ မူးယစ်လက်နက်ကိုင်အုပ်စုနဲ့ ထိုင်းနယ်ခြားစောင့်တို့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

နှစ်ဘက်ကြား ၁၀ မိနစ်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး ထိုင်းစစ်တပ်ဘက်မှာ ဒဏ်ရာရသူရော အကျအဆုံးမရှိခဲ့ဘဲ မူးယစ်ဆေးဝါးမှောင်ခိုသမား လက်နက်ကိုင်အုပ်စုဘက်ကတော့ သေဆုံးသူအများအပြားရှိခဲ့ပြီး လက်နက်ကိုင်တချို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာလ ၁၇ ရက် နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်နက်ကိုင်အင်အားဟာ ၂၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရပြီး မြန်မာနယ်စပ်ဘက်ကို ထွက်ပြေးသွားကြတယ်လို့လည်း ဆိုပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ထိုင်းစစ်တပ်က နယ်မြေရှင်းလင်းခဲ့ရာမှာတော့ မူးယစ်လက်နက်ကိုင် အလောင်း ၁၅ လောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရမိခဲ့ပြီး စိတ်ကြွဆေးပြား အိတ်ပေါင်း ၁၇ အိတ်ထဲက စိတ်ကြွဆေး နှစ်သန်းလေးသောင်းကို သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ ကာလတန်ဖိုးအနေနဲ့ဆိုရင် ဘတ်ငွေ သန်း ၆၀ လောက် ရှိပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ဒီကနေ့ နံနက်မှာ နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်ချုပ် Praphat Phopsuwan (ပရာဖတ် ဖုတ်ဆူဝမ်) နဲ့ အဖွဲ့က အခင်းဖြစ်ခဲ့တဲ့နေရာအထိ ရဟတ်ယာဥ်နဲ့သွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

သူပြောသွားတာကတော့- “နယ်စပ်တွေကနေ မူးယစ်ဆေးဝါးအမြောက်အများ ဝင်ရောက်လာနေတာကို ပိတ်ဆို့ ချေမှုန်းနိုင်ဖို့အတွက် အစိုးရသစ်က မူဝါဒချထားပါတယ်။ အခုတော့ ချမှတ်ထားတဲ့ မူဝါဒအတိုင်း သက်သေပြ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ နယ်ခြားတလျှောက်မှာနေထိုင်နေတဲ့ ကျေးရွာသားတွေအနေနဲ့ မူးယစ်ဆေးဝါးမှောင်ခိုသမားတွေ၊ မူးယစ်ကုန်သည်တွေက စည်းရုံးသိမ်းသွင်းပြီး မူးယစ်ဆေးဝါးတွေသယ်ဆောင်ခိုင်းတာတွေကို လုံး၀ မလုပ်ကြဖို့ သတိပေးပါတယ်”- ဆိုပြီးပြောသွားပါတယ်။

ထိုင်းမြန်မာနယ်စပ် Kanchanaburi (ကမ်ချနဘူရီ) က ထောင်ပါပူးမြို့နယ်မှာ ဇင်ဘာလ ၁၂ ရက် နေ့က ထိုင်းနိုင်ငံသားမောင်းနှင်လာတဲ့ ကုန်တင်ကားပေါ်မှာ ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း ၁,၅၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား သန်း ၅၀ ကျော်ကို ထောင်ပါပူး စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ထိုင်းနယ်စပ်တလျှောက် ၃ လအတွင်းမှာဖမ်းဆီးသိမ်းယူနိုင်ခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့တန်ဖိုးဟာ ကာလတန်ဘိုး ဘတ်ငွေသန်းပေါင်း ၁,၀၀၀ ကျော်ရှိပြီး မူးယစ်ဆေးတွေကတော့

စိတ်ကြွဆေးပြား ၅၅ သန်း နဲ့ အိုက်စ် ice ကီလို ၂၀၀ ဖြစ်ကြောင်း မူးယစ်နှိမ်နင်းရေးဗျူရိုက ဒီဇင်ဘာလ ပထမပတ်ကပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

XS
SM
MD
LG