သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မြန်မာနွယ်ဖွားတဦးထံမှ စိတ်ကြွဆေး ကီလို ၁,၂၀၀ ဖမ်းဆီးရမိ


ထိုင်းမြန်မာနယ်စပ်ချင်းမိုင်ခရိုင်ထဲမှာ ထိုင်းတောင်ပေါ်သားကဒ်ကိုင်ဆိုင်ထားသူ မြန်မာနွယ်ဖွား ရှမ်းတိုင်းရင်းသားမောင်းလာတဲ့ကားပေါ်က ဖမ်းဆီးရမိတဲ့ Ice မူးယစ်ဆေးနဲ့တကွ ဖမ်းဆီးထားသူနှစ်ဦး (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့/ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၃)
ထိုင်းမြန်မာနယ်စပ်ချင်းမိုင်ခရိုင်ထဲမှာ ထိုင်းတောင်ပေါ်သားကဒ်ကိုင်ဆိုင်ထားသူ မြန်မာနွယ်ဖွား ရှမ်းတိုင်းရင်းသားမောင်းလာတဲ့ကားပေါ်က ဖမ်းဆီးရမိတဲ့ Ice မူးယစ်ဆေးနဲ့တကွ ဖမ်းဆီးထားသူနှစ်ဦး (ဓာတ်ပုံ - ထိုင်းရဲတပ်ဖွဲ့/ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၃)

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ ဖေဖေါ်ဝါရီ ၁၇ ရက် မနက်စောမှာ မြန်မာနွယ်ဖွား ရှမ်းတိုင်းရင်းသားတဦးထံကနေ ကာလတန်ဖိုးဘတ်ငွေ သန်ပေါင်း ၂,၀၀၀ ကျော် တန်ဖိုးရှိတဲ့ Ice မူယစ်ဆေး တတန်ကျော် (ကီလို ၁,၂၀၀) ကို ဖမ်းမိပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က မူးယစ်ဆေးသယ်လာမယ့် ကုန်တင်ကားတစီးမြန်မာနဲ့နယ်စပ် ချင်းဒေါင်းမြို့နယ်ကနေ ဝင်လာမယ့်သတင်းကို ကြိုတင်ရထားတာကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် မနက် (၃) နာရီက ထိုင်း‌နိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် အဝေးပြေးလမ်းမပေါ်မှာ နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။

Ice မူးယစ်ဆေး ကီလို ၁,၂၀၀ ကို ကျောပိုးအိတ် အလုံး ၆၀ ထဲမှာထည့်ပြီး ဟင်းသီးဟင်းရွက်တွေအောက်မှာ ခိုးဝှက်သယ်လာခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အမှတ် (၃) ဒေသ၊ မူးယစ်နှိမ်နင်းရေးဗျူရိုက ထုတ်ပြန်ထားပါတယ်။

ချင်းဒေါင်းတောင်ပေါ်တိုင်းရင်းသားကဒ်ကိုင်ဆောင်သူ ၂၄ နစ်အရွယ် မြန်မာနွယ်ဖွား ရှမ်းတိုင်းရင်းသားယာဥ်မောင်းအောင်ဘနဲ့အတူ အသက် ၁၇ နစ်အရွယ် လူငယ်တဦးကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မူးယစ်ကုန်သည်တွေက ဘတ်ငွေတသန်းနဲ့ငှားရမ်းပြီး မူးယစ်ဆေးဝါးတွေကို နကွန်စဝမ်ခရိုင်ကို ပို့ပေးဖို့ ခိုင်းစေခဲ့တာလို့ သူတို့က ဝန်ခံထွက်ဆိုခဲ့ပါတယ်။

ကားမောင်းသမား ရှမ်းတိုင်းရင်းသားက အခုလို စိတ်ကြွဆေးတွေ သယ်ဆောင်တာ လေးကြိမ်မြောက်ဖြစ်ကြောင်း ထိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲချုပ် Kirisak Tantinwachai (ကီတီဆပ် တန်တီနဝါချိုုင်း) က သတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"အခုလို တန်နဲ့ချီတဲ့ မူးယစ် ဆေးဝါးတွေဟာ ထိုင်းနိုင်ငံအတွင်းမှာထက် အိမ်နီးချင်း မလေးရှားနိုင်ငံအထိ သယ်ဆောင်ဖြန့်နေတာဖြစ်တယ်။ ထိုင်းအစိုးရက မူးယစ်ဆေးဝါးကုန်ကူးမှုကို ပိုပြီးတင်းတင်းကြပ်ကြပ်ကိုင်တွယ်လာတာနဲ့အမျှ မူးယစ်ဆေးမှောင်ခိုသမားတွေက အသက်မပြည့်သေးတဲ့ကလေးတွေအပါအဝင် လူငယ်ပိုင်းတွေကို အခကြေးငွေပေးပြီး သယ်ဆောင်ခိုင်းနေကြတာဖြစ်တယ်" လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၄ နှစ်သစ်ကူးကာလမှာပဲ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ ချင်းမိုင်နဲ့ နကွန်ဖနုံခရိုင်တွေက ဝင်ရောက်လာတဲ့ စိတ်ကြွဆေးအလုံးရေ ၁၆ သန်းနဲ့ ဘိန်းဖြူ ၂၇ ကီလိုဖမ်းမိပြီး မူးယစ်မှောင်ခိုသမားတွေရဲ့ပိုင်ဆိုင်မှု ဘတ်သန်း(၁၀၀) ကျော်ဖိုးသိမ်းဆည်းနိုင်ခဲ့တယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရိုက ဇန်နဝါရီလ ၄ ရက်နေ့ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာလည်း ပြီးခဲ့တဲ့လကပဲ ထိုင်းမြန်မာနယ်စပ်ကနေ ဝင်လာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ဇန်နဝါရီလ ၆ ရက်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘတ်ငွေ သန်းပေါင်း ၁,၅၀၀ ကျော်တန်ဖိုးရှိတဲ့ Ice မူးယစ်ဆေး ၃၂၃ ကီလိုကို ဖမ်းမိခဲ့ပြီး တဦးကို အသေဖမ်းမိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG