သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်နိုင်ငံ ကို နာမည်ပြောင်းဖို့ Duterte လိုလား


ဖိလစ်ပိုင် နိုင်ငံရဲ့ အမည်ကို Maharlika အဖြစ် ပြောင်းလဲရေး အဆိုပြုချက်ကို သမ္မတ ရိုဒရီဂို ဒူတာတေးက ပြန်လည် ဖော်ထုတ်ပြောဆိုလာပြီးနောက်မှာတော့ နိုင်ငံ အမည်ပြောင်းရေး အတွက် ဥပဒေသစ်နဲ့ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုဖို့လည်း လိုအပ်မှာ ဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ နန်းတော်က အင်္ဂါနေ့ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနလာၤနေ့က သမ္မတ Duterte က ဖိလစ်ပိုင် ဆိုတာက ကိုလိုနီကနေ မွေးဖွားလာတာလို့ ပြောဆိုပြီး နိုင်ငံရဲ့ နာမည်ကို Maharlika အဖြစ် ပြောင်းလဲရေး သမ္မတဟောင်း Ferdinand Marcos ရဲ့ အဆိုက မှန်ကန်တယ်လို့ Maguindanao က မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။ Maharlika ဆိုတဲ့ အသုံးအနှုန်းကတော့ မလေးဘာသာစကားမှာလည်း အသုံးပြုပြီး ပါဠိစကားကနေ ဆင်းသက်လာ ဖြစ်ပြီး ကြီးမြတ်တဲ့ ဂုဏ်သိက္ခာနဲ့ ဖန်တီးမှုလို့ အဓိပ္ပါယ်ရပါတယ်။

ပေါ်တူဂီ နယ်မြေသစ် ရှာဖွေသူ Ferdinand Magellan ရဲ့ ဖိလစ်ပိုင် ခရီးစဉ်ကို ငွေကြေး ထောက်ပံ့ခဲ့တဲ့ စပိန်ဘုရင် Philip II ကို အစွဲပြုပြီး စပိန်ကိုလိုနီတွေက ဖိလစ်ပိုင်လို့ အမည်ပေးခဲ့တာလို့ သမ္မတ ဒူတာတေးက ပြောဆိုခဲ့ပါတယ်။ တချိန်ချိန်မှာတော့ နိုင်ငံ အမည်ကို ပြောင်းလဲမယ်လို့လည်း သမ္မတက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။ သမ္မတရဲ့ ပြောခွင့်ရ Salvador Panelo ကတော့ နိုင်ငံရဲ့ အမည်ကို ပြောင်းလဲဖို့ လွှတ်တော်ဘက်က ဆောင်ရွက်ချက် လိုအပ်တယ်လို့ ပြောပါတယ်။

နိုင်ငံရဲ့ အမည်ကို ပြောင်းလဲရေး အတွက် လွှတ်တော်ဘက်က ဥပဒေပြုနိုင်တယ်လို့ အခြေခံ ဥပဒေမှာ ပြဌာန်းထားပြီး ဒါကို လူထု သဘောထား ဆန္ဒခံယူရမှာ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ ဖိလစ်ပိုင် နိုင်ငံရဲ့ နာမည်ကို ပြောင်းလဲဖို့ ကတော့ ၁၉၇၀ ပြည့်လွန်နှစ်တွေ ဝန်းကျင် ကတည်းက အဆိုပြုနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG