သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ အစ္စရေးလ်ခရီးစဉ် လက်နက်ဝယ်ဖို့ကိစ္စပါနိုင်


ဖိလစ်ပိုင်သမ္မတ အစ္စရေးလ်ရောက်ရှိ
ဖိလစ်ပိုင်သမ္မတ အစ္စရေးလ်ရောက်ရှိ

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ ဒေသတွင်းခရီးစဉ်တခုအဖြစ် တနင်္ဂနွေနေ့က အစ္စရေးလ်နိုင်ငံမှာရောက်နေပါတယ်။ အခုခရီးစဉ်ဟာ နှစ်နိုင်ငံအကြား နှစ်ပေါင်း ၆၀ ကျော် သံတမန်ဆက်ဆံရေးအတွင်း ဖိလစ်ပိုင်ခေါင်းဆောင်တဦးအနေနဲ့ အစ္စရေးလ်နိုင်ငံ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ နှစ်ပေါင်းများစွာ အမေရိကန် စစ်လက်နက်ပစ္စည်းနဲ့ အကူအညီတွေပေါ် မှီခိုလာရာကနေ သမ္မတဒူတာတေး လက်ထက်မှာ အဲဒီအခြေအနေကို ပြောင်းလဲပြီး တရုတ်၊ ရုရှားတို့နဲ့ ပိုပြီး အနီးကပ်ဆက်ဆံလာသလို စစ်လက်နက်ပစ္စည်းတွေကို အစ္စရေးလ်ဆီကနေ ပြောင်းလဲ ဝယ်ယူလာနေတာဖြစ်ပါတယ်။

သမ္မတဒူတာတေးနဲ့အတူ စစ်ဘက်နဲ့ရဲဘက်က တာဝန်ရှိသူတွေလည်း လိုက်ပါသွားပြီး တနင်္လာနေ့မှာ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးဖို့ရှိပါတယ်။

ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်သူတွေကို သမ္မတဒူတာတေးက စီမံချက်ချ အပြင်းအထန် နှိမ်နင်းတာကနေ လူအများအပြား သေဆုံးရပြီးတဲ့နောက် အမေရိကန်၊ ကနေဒါတို့နဲ့ ဖိလစ်ပိုင်အကြား လက်နက်အရောင်းအဝယ်ဆိုင်ရာ သဘော တူညီချက်တွေ ပျက်ကုန်ပါတယ်။ ဒါပေမဲ့လည်း ခုချိန်ထိကတော့ အစ္စရေးလ်နဲ့ အရောင်းအဝယ်က အဆင်ပြေ ချောမွေ့နေဆဲပါ။

အစ္စရေးလ်နိုင်ငံဟာ စစ်လက်နက်ပစ္စည်းရောင်းချတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲမှာပါပြီး အများစုကို အာရှ-ပစိဖိတ်ဒေသကို တင်ပို့ ရောင်းချနေတဲ့အကြောင်း အစ္စရေးလ်ကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG