သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး မဖြေရှင်းနိုင်သေးဘဲ အာဆီယံအသင်း ဝင်မည်မဟုတ် (အရှေ့တီမောဝန်ကြီးချုပ်)


အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao
အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်း အနေနဲ့ မဖြေရှင်းနိုင်သေးသ၍ အရှေ့တီမောနိုင်ငံ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်မှာ မဟုတ်တဲ့အကြောင်း အရှေ့တီမော ဝန်ကြီးချုပ် Xanana Gusmao က ပြောဆိုပါတယ်။

"အာဆီယံ အဖွဲ့ဝင်အဖြစ် ဘယ်အချိန်မှာ ပါဝင်နိုင်မလဲဆိုတာ ကျနော်တို့ ကြည့်နေပါတယ်။ ဒါပေမဲ့ အရှေ့တီမောနိုင်ငံရဲ့ ဝန်ကြီးချုပ်တယောက်အနေနဲ့ ကျနော် ကြေညာချင်တာက မြန်မာစစ်ကောင်စီကို လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်အောင် အာဆီယံဘက်က တွန်းတွန်းတိုက်တိုက် မဖြစ်မနေ တိုက်တွန်း တာမျိုး မလုပ်နိုင်ဘဲနဲ့ အာဆီယံအဖွဲ့ကို အရှေ့တီမော အနေနဲ့ မယုံကြည်ဘူး ဆိုတာပါပဲ" လို့ ဝန်ကြီးချုပ် Xanana Gusmao က မနေ့က ပြောဆိုသွားတာပါ။

အရှေ့တီမောနိုင်ငံဟာ လာမယ့် ၂၀၂၅ ခုနှစ်ထက် နောက်မကျပဲ အာဆီယံ အရှေ့တောင်အာရှနိုင်ငံ အဖွဲ့ဝင်အဖြစ် ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း အရှေ့တီမော သမ္မတ Jose Ramos Horta က ပြောဆိုထားပါတယ်။ သမ္မတ Jose Ramos Horta နဲ့ တွေ့ဆုံအပြီး ဝန်ကြီးချုပ် Xanana Gusmao ရဲ့ မှတ်ချက် ထွက်လာတာပါ။ အရှေ့တီမောနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကြုံခဲ့ရပေမဲ့ သမ္မတရွေးကောက်ပွဲတွေ ပါလီမန်ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီမိုကရေစီ ယဉ်ကျေးမှု ခိုင်မာတယ်ဆိုတာကို ကမ္ဘာကို ပြသခဲ့တဲ့အကြောင်းနဲ့ စစ်တပ်က အာဏာသိမ်းမှု မရှိခဲ့တဲ့အကြောင်း Xanana Gusmao က ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်အဖြစ် ပူးပေါင်းဖို့ လာပြီး တိုက်တွန်းပြောဆိုတာတွေ ရှိတဲ့အကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က ဒီလို ချိုးဖေါက်မှုတွေ ကျုးလွန်နေချိန်မှာ နိုင်ငံသားအခွင့်အရေးတို့ ဒီမိုကရေစီရေးတို့အကြောင်း အရှေ့တီမောကို လာပြီး သင်ကြားတာတွေ မလုပ်ဖို့ ဝန်ကြီးချုပ် Xanana Gusmao က ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG