သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါဘေး ကာလ ဧပြီလကုန်မှာ စီးပွားရေး ပြန်လည်ပတ်နိုင်မယ့် အခြေအနေ


(Zawgyi / Unicode)
COVID -19 ကပ်ဘေး ကာလ ရပ်ဆိုင်းထားရတဲ့ စီးပွားရေး လုပ်ငန်းတွေ ရေရည်ရပ်တည်ဖို့ အခက်တွေ့နေပြီ ဆိုတဲ့ အကြောင်း တင်ပြပေးမှာပါ။ ရောဂါ ကပ်ဘေး ကာလ အတွင်း လူစုလူဝေး မလုပ်ရပေမယ့် စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်တယ်လို့ အစိုးရက ခွင့်ပြုထားပေမယ့် ရန်ကုန်အပါအဝင် နိုင်ငံတဝန်းမှာ ဒေသန္တရ အဆင့် စိတ်ကြိုက် စီမံခန့်ခွဲမှုတွေကြောင့် လုပ်ငန်းခွင် ပြန်ဝင်ရေး အခက်တွေ့နေကြတာပါ။ SOUEAST ကားထုတ်လုပ်ရေး၊ ကားအရောင်းပြခန်း လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကတော့ အစိုးရဘက်က တိကျတဲ့ ညွှန်ကြားချက်လိုအပ်တယ်လို့ ထောက်ပြပါတယ်။ အပတ်စဉ် စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဆရာတို့ သင်္ကြန်လည်း ပြီးပြီ ဆိုတော့ စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်ကြပြီလားရှင့်။

ဒေါက်တာ စိုးထွန်း ။ ။ ကျနော်တို့ အဲဒါလည်း စဉ်းစားနေတာ။ ပြသနာက ဘာရှိလဲ ဆိုတော့ အစိုးရက အဲလို ထုတ်ပေမယ့် အတော်များများ မြို့နယ်တွေက ရပ်ကွက်လိုက်က တချို့ ရပ်ကွက်တွေက ပေး မထွက်တာတို့၊ ထွက်ပြီးရင် ပြန်ဝင်လို့ မရတာတို့ အဲလို ဖြစ်နေတာ။ ဝန်ထမ်းတွေမှာပေါ့နော်။ ပြောရရင်တော့ လူတွေက အကြောက်လွန်တဲ့ အခါကျတော့ ဒီဘက်မှာလည်း Guideline ကလည်း မပြတ်သားတဲ့ အခါကျတော့ ထွက်ရင် ပြန်ဝင်လို့ မရဘူးတို့ ဘာတို့ ဒါတွေက ဖြစ်နေတယ်။

နောက်တချက်က အစိုးရ ရုံးတွေကလည်း တချို့ရုံးတွေ အလုပ်မလုပ်ဘူး။ ဥပမာ ကညန လို ဟာမျိုးပေါ့နော်။ လက်ရှိဆို မတ်လ ၂၅ ကတည်းက ရန်ကုန်တိုင်းမှာ ပိတ်ထားတာ။ ကျနော်တို့ ကားရောင်းတဲ့ လူတွေကျ လုပ်လို့ မရဘူး ဖြစ်နေတာပေါ့နော်။ သူတို့ အနေနဲ့ တခုနဲ့ တခု ချိတ်ဆက်ပြီး စဉ်းစားပြီး လုပ်ရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်လို့ ကျနော်တို့ ထင်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ အခု လောလောဆယ် ဆရာတို့ အပါအဝင် စီးပွားရေး လုပ်ငန်းတွေက ပြန်မဖွင့်နိုင်သေးတဲ့ အနေအထားများ ရှိပါလား။

ဒေါက်တာ စိုးထွန်း ။ ။ အဲဒီ ပုံစံတော့ အခု ဖြစ်နေတာပေါ့နော်။ ကျနော်တို့ကတော့ တချို့လည်း ဆန်စက်လို ဟာမျိုးဆိုလည်း တချို့ အလုပ်သမားတွေ လာလို့ မရဘူးပေါ့နော်။ ရွာထဲက ပေးမထွက်တာမျိုး ရှိတယ်။ ကားလုပ်ငန်းဆိုလည်း ကညနက လိုင်စင်ဝင်လို့ မရဘူးဆိုတဲ့ အခါကျတော့ ကျနော်တို့က ဆက်လုပ်လို့ မရဘူး။ တချို့ Service လုပ်တဲ့လူတွေကျတော့လည်း တချို့ ဝန်ထမ်းတွေက သူတို့ ထွက်လို့ မရဘူး။ ထွက်ရင် ပြန်ဝင်ခွင့် မပေးဘူး။ ဒါတွေက ရှိနေတာပေါ့နော်။ ပြောရရင်တော့ လူတွေက ကိုယ့်အပိုင်းနဲ့ကိုယ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့က စီမံဆောင်ရွက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဖြစ်နေတော့ ဒီတိုင်း ဆက်သွားရင် ကျနော်တို့က ဒီ နောက်ပိုင်းရောက်ရင် ယန္တရား တခုလုံး အောက်သွားနိုင်တာပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်ပြီ ဆိုရင်လည်း အခုက Social Distancing (လူတဦးနဲ့ တဦးကြား အကွာအဝေး တခုခြားပြီး နေဖို့) ကိစ္စကတော့ ဆက်ပြီး လိုက်နာရမယ့် အနေအထား ရှိတော့ ဒီအပေါ်မှာရော အခက်အခဲ မဖြစ်နိုင်ဘူးလား။

ဒေါက်တာ စိုးထွန်း ။ ။ ဖြစ်နိုင်တယ်။ တချို့ လုပ်ငန်းတွေက ပြောတဲ့ Social Distance - ၆ ပေကွာ နေလို့ ရပေမယ့် တချို့ကျ ၆ ပေကွာဖို့ ခက်တာပေါ့နော်။ ဒါလည်း ပြောရရင်တော့ လက်တွေ့တော့ သိပ်မကျဘူးလို့ မြင်ပါတယ်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့။ ဆရာ အဲဒီတော့ စီးပွားရေး လုပ်ငန်းတွေ ပြန်ဖွင့်တဲ့ အခါမှာ ဝန်ထမ်းတွေ အတွက် အကာအကွယ် ကိစ္စတွေ ရောက်တော့ရော ဆရာတို့ ဘယ်လို စဉ်းစား ထားပါလဲ။ ဒါနဲ့ ပတ်သက်ပြီးတော့ တော့ အစိုးရဘက်က ညွှန်ကြားထားတာ မတွေ့ပါဘူး။ ဝန်ထမ်းတွေကို COVID 19 ကာကွယ်ပေးနိုင်ဖို့ ဘယ်လိုမျိုး လိုက်နာ ဆောင်ရွက်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ ဘာများ အစိုးရဘက်က အာဏာပိုင်တွေဘက်က ရထားတာ ရှိပါလဲ။

ဒေါက်တာ စိုးထွန်း ။ ။ ကျန်းမာရေး ဝန်ကြီးဌာနက တော့ ထုတ်ပြန်ထားတာ ရှိတယ်။ လုပ်ငန်းခွင်မှာပေါ့နော် ခုနပြောတဲ့ လက်ဆေးတဲ့ဟာ ထားဖို့တို့ ခုနက Mask တပ်ဖို့တို့ Social Distance လုပ်ဖို့တို့ ဒါတွေ ကတော့ General ပေါ့နော် တခုချင်းတော့ မဟုတ်ဘူး General အနေနဲ့ ညွှန်ကြားချက်တော့ ထုတ်ထားတယ်။ ဒါကလည်း ကျယ်ကျယ်ပြန့်ပြန့်တော့ မရှိသေးဘူး။ သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတာတော့ တွေ့တယ်။ ဒါပေမယ့် တရားဝင် တော့ ကျနော်တို့ဆီကို တိုက်ရိုက်ပေါ့ UMFCCI လို အဖွဲ့ပေါ့ ကျန်တဲ့ စီးပွားရေး လုပ်တဲ့ အဖွဲ့တွေ ဆီတော့ တိုက်ရိုက် ချိတ်ဆက်ပြီး ညွှန်ကြားတဲ့ဟာတော့ မရှိသေးဘူး။

သိင်္ဂ ီထိုက် ။ ။ ဆရာတို့ ဆိုရင် Car Showroom ဆိုတော့ ကားရောင်းတာ ဆိုတော့ ဈေးလာဝယ်တဲ့သူတွေကိုရော ဘယ်လို စီစဉ်ကြမယ်လို့ ဆရာတို့ စဉ်းစားထားပါလဲ။

ဒေါက်တာ စိုးထွန်း ။ ။ ကားရောင်းတဲ့ လုပ်ငန်းကတော့ သူတို့ ပြောတာကို လိုက်နာရတာ လွယ်တာပေါ့။ ဒါပေမယ့် ကားထုတ်လုပ်တဲ့ စက်ရုံမှာ ကျရင်တော့ သူပြောတဲ့ Social Distance ကျတော့ လုပ်ဖို့ ခက်တယ်။ နောက်တခါ ဆန်စက်လို ဟာမျိုးပေါ့နော်။ တချို့ဟာတွေက သူပြောသလောက်တော့ အလုပ်သမားတွေက တယောက်နဲ့ တယောက် ၆ ပေကွာထားဖို့တော့ ကျနော်တို့က ပညာပေးတဲ့ဟာဘဲ ရှိတာပေါ့။ ဒါပေမယ့် လုံးဝကြီး ထိတွေ့မှု မရှိပါနဲ့ ဆိုတဲ့ဟာတော့ လိုက်နာဖို့ ခက်တယ်။

သိင်္ဂ ီထိုက် ။ ။ စီးပွားရေး လုပ်ငန်းတွေ ပြန်ပြီးတော့ လည်ပတ်တယ် ဆိုရင်တောင်မှဘဲ လူတွေက သိပ်အပြင်ထွက်ပါ့မလား ဆရာ။ ဆိုတော့ ဈေးဝယ်သူရော ...

ဒေါက်တာ စိုးထွန်း ။ ။ အဲဒါလည်း ရှိတယ်။ မှန်တယ်။ ကျနော်တို့က အဲဒါလည်း စိုးရိမ်တယ်။ လူတွေ အများစုက ကြောက်တော့ အပြင်မသွားကြဘူး။ တကယ်တန်း စီးပွားရေး လုပ်ငန်းက ပြန်လည်ပတ်ဖို့တော့ ခက်တယ်။

သိင်္ဂ ီထိုက် ။ ။ ဒီအခြေအနေ ကြာလာရင် စီးပွားရေး လည်ပတ်တဲ့ ကိစ္စမှာ စိုးရိမ်စရာများ ဖြစ်လာမလားရှင့် ဆရာ။

ဒေါက်တာ စိုးထွန်း ။ ။ မှန်တယ် ကျနော်တို့က ကျတော့ဗျာ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ကွာတာက ဖွံ့ဖြိုးပြီး နိုင်ငံတွေကတော့ အစိုးရ ကနေ အပြည့်အ၀ ထောက်ပံ့ပေးတာပေါ့။ ကျနော်တို့ဆီမှာတော့ အစိုးရက ထောက်ပံ့တာ လောလောဆယ် မရှိဘူး။ အကြမ်းဖျဉ်းတော့ ခုန ပြောတဲ့ လက်လုပ်လက်စား ဆန် ၈ ပြည် ပေးတဲ့ဟာ ရှိတယ်ဗျာ။ နောက် ချေးငွေကတော့ အမေရိကန် ဒေါ်လာ သန်း ၇၀ လောက် ချေးငွေ ပေးမယ်ဆိုပြီး ဒါ လုပ်ထားတာ ရှိတယ်။ ကျန်တဲ့ ဝန်ထမ်းတွေပေါ့ ၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းတွေ ၊ ကုမ္ပဏီ ဝန်ထမ်းတွေကို လစာဘယ်လို ပေးမလဲ ဆိုတဲ့ အစီအစဉ်တော့ အစိုးရမှာ လောလောဆယ် ထုတ်ပြန်တာ မရှိဘူး။ နောက် တခါ ကျနော်တို့ ငှားယမ်းခတွေ တစိတ်တပိုင်း ကျခံပေးမယ့်ဟာမျိုးတွေ မရှိဘူးပေါ့နော်။ နောက် အခွန်သက်သာခွင့် ပေးမယ့်ဟာမျိုး လောလောဆယ် ကြေညာတာ မရှိသေးဘူး။ ဆက်သွားရင်တော့ ကျနော်ထင်တယ် လုပ်ငန်း တော်တော်များများ ရပ်တည်ဖို့ ခက်လိမ့်မယ်လို့ ထင်တယ်။

သိင်္ဂ ီထိုက် ။ ။ နောက်တခုက ဝန်ထမ်းတွေ ဘက်က ကြည့်ရင်လည်း ဒီအခြေအနေ ရေရှည် ဆက်သွားဖို့ လွယ်ပါ့မလားရှင့်။ ဆရာတို့လည်း ဝန်ထမ်းတွေ အများကြီးနဲ့ ဆက်ဆံနေရတော့။

ဒေါက်တာ စိုးထွန်း ။ ။ သူတို့လည်း စိုးရိမ်တာပေါ့။ ဘာဆက်လုပ်ရမှန်း မသိဘူး။ တချို့ကလည်း ဒါ အသက်က အရေးကြီးတယ်။ စိုးရိမ်တယ်ပေါ့နော်။ ကျန်းမာရေးကြောင့် အပြင်မထွက်ဘူး ဆိုပြီး နေကြတယ်ပေါ့။ ဒါပေမယ့် တချိန်ကျရင်ပေါ့ ဒါက ဘယ်တော့မှန်း မသိဘူးပေါ့နော်။ ဆိုပါတော့ ကျနော်တို့ ဧပြီလကုန်ထိ စောင့်ပါဆိုရင် ဒါက ပြသနာ မရှိသေးဘူး။ ဧပြီကုန်ရင် ပြီးမလားဆိုတော့ မဟုတ်ပြန်ဘူး မေ လကုန် ဇွန် အဲလိုပေါ့ တနေ့နေ့ပေါ့နော် ဒီလိုမျိုး သွားနေရင် ကျနော်တို့ ရေရှည်ကျရင်တော့ ဝန်ထမ်းတွေ အတွက်လည်း ပြသနာ တက်လာမယ် လုပ်ငန်း လုပ်နေသူတွေ အတွက်လည်း ပြသနာ ရှိလာနိုင်တယ်။

သိင်္ဂ ီထိုက် ။ ။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စီးပွားရေး သမားတွေ အနေနဲ့ အခုလောလောဆယ် လုပ်ငန်း ပြန်ပြီးတော့ လည်ပတ်ဖို့ အရေးနဲ့ ပတ်သက်ပြီးတော့ ဒီ အသိုင်းအဝိုင်းထဲမှာ ဘယ်လို စဉ်းစား ထားကြပါလဲ။ ဘယ်တော့လောက် ပြန်ပြီး ပုံမှန် လည်ပတ်နိုင်မလဲ။

ဒေါက်တာ စိုးထွန်း ။ ။ လောလောဆယ်တော့ဗျာ အကြမ်းဖျဉ်းတော့ လူတွေ အကုန်လုံးက ဧပြီ ၃၀ ရက်နေ့ ပေါ့နော် အစိုးရကတော့ တရားဝင် ကြေညာချက် မထုတ်ပေမယ့်လည်း သက်ဆိုင်ရာ ဒီ ဈေးလိုဟာမျိုးပေါ့ ဥပမာ မင်္ဂလာဈေးလိုဟာမျိုး ကျန်တဲ့ ဈေးတွေကလည်း ဧပြီ ၃၀ ထိတော့ အကြမ်းဖျဉ်း ပိတ်ဖို့ ညွှန်ကြားတယ်ပေါ့။ လုပ်ငန်း တော်တော်များများကလည်း ဧပြီ လကုန်ထိ အကြမ်းဖျဉ်း ပိတ်မယ့် သဘောတော့ ရှိတယ်။ ဧပြီ လကုန်ပြီးတော့မှ ကျနော်တို့ တချက်ပြန် ကြည့်ရမှာပေါ့နော်။ အခြေအနေ ထိန်းချုပ်နိုင်လား ဒီထက် ပိုဆိုးလား ဒီတိုင်းဘဲလားပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ဟုတ်ကဲ့ပါ။ ဆရာ ဒေါက်တာ စိုးထွန်း ကျေးဇူးတင်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

(Unicode)























XS
SM
MD
LG