ကျားဖျန့် နှိမ်နင်းရေး ထိုင်းဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတတို့ရဲ့ သဘောတူညီချက်ဟာ နှစ်ဘက်ပူးတွဲကြေညာချက်ထဲက လတ်တလော လုပ်ဆောင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ဘာကြောင့်အရေးကြီးလဲ။ ရှုပ်ထွေးနေတဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါ့မလား အခုတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ မမြသဇင်အောင်က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၅) ရက်ကနေ (၈)ရက်မှာ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra တရုတ်နိုင်ငံခရီးစဥ် (၄) ရက် သွားခဲ့ပါတယ်။ အဲဒီမှာ သူက ပူးတွဲပြီးတော့ ကြေညာချက်ထုတ်ရာမှာ နယ်စပ်က ကျားဖျန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့လည်း ပါပါတယ်။ ဒါက ဘယ်လောက်ထိ အရေးပါပါလဲ။
ဦးကျော်ဇံသာ ။ ။ အရေးပါပါတယ် ဒီခရီးစဉ်မှာ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေလည်းပါတယ်။ ဒါပေမဲ့ ကိစ္စက အပူတပြင်း လိုအပ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် တရုတ်က ဒီခရီးစဥ် မတိုင်ခင်ထဲက သူတို့ရဲ့ အရာရှိဝန်ကြီးချုပ် လာပြီးတော့ ညှိနှိုင်းခဲ့တယ်။ ညှိနှိုင်းပြီးတော့ နယ်စပ်ထိသွားပြီး ကြည့်ခဲ့တယ်။ ဒီကိစ္စက တရုတ်အတွက် အရေးပါပုံက ကျားဖျန့်လုပ်ငန်းအတွက် အဓိကသားကောင် ဖြစ်ရတဲ့သူတွေဟာ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ တရုတ်အစိုးရဘက်က ဒီကိစ္စအတွက် နစ်နာခဲ့ရတဲ့ ပမာဏဟာ ဒေါ်လာဘီလီယံ ၄၀-၅၀ လောက် ရှိခဲ့ပြီဆိုပြီးတော့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တရုတ်လူမျိုးတွေက အဓိကသားကောင် ဖြစ်နေရတယ်။ တချိန်ထဲမှာ ထိုင်းဘက်က ကြည့်မယ်ဆိုရင် ထိုင်းဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ တော်တော်အားထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ကိုဗစ်မတိုင်ခင်တုန်းက ထိုင်းနိုင်ငံရဲ့ GDP ဝင်ငွေပမာဏမှာ ၁၉ ရာခိုင်နှုန်းလောက်ဟာ ခရီးသွားလုပ်ငန်းကရတာ ဖြစ်ပါတယ်။ အဲဒီတော့ ကိုဗစ်နောက်ပိုင်းမှာ ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဒါကိုပြန်လည်နလန်ထူဖို့ ကြိုးပမ်းလာတဲ့အခါ သူတို့က တရုတ်ခရီးသွားတွေကို အဓိကအားထား လာပါတယ်။
၂၀၂၄ စစ်တမ်းအရ တရုတ်ခရီးသွားတွေက (၇) သန်းလောက် လာခဲ့တယ်။ ဆိုတော့ ၂၀၂၅ အတွက် သူတို့ Target ထားတာကတော့ တရုတ်ခရီးသွားတွေ (၉) သန်း (၁၀) သန်းလောက် လာလိမ့်မယ်လို့ ပစ်မှတ်ထားပြီးတော့ သူတို့ တရုတ်ခရီးသွားတွေကို အဓိက ကြိုဆိုတယ်ဆိုပြီး လုပ်နေတာပါ။ ဒီအချိန်မှာ ကျားဖျန့် လုပ်ငန်းကြောင့် ထိုင်းဟာ နာမည်ပျက်သွားတယ်။ နောက်ပြီးတော့ ကျားဖျန့်လုပ်ငန်းဆီကိုသွားတဲ့ အဓိကလမ်းကြောင်းဟာ နယ်စပ်က ဖြတ်ပြီးတော့ ဝင်ရတာသာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ့လုပ်ငန်းမှာ တရုတ်လူမျိုးတွေ အလိမ်ညာခံရလို့ ဒုက္ခရောက်ရတာကိုလည်း ရုပ်ရှင်ရိုက်ပြီးတော့ တရုတ်နိုင်ငံမှာပြတော့ လူတွေက မလာတော့ဘူး။ နောက်ဆုံး ရုပ်ရှင်မင်းသားနှစ်ယောက် အဖမ်းခံရတဲ့ကိစ္စမှာ မနည်းပြန်ပြီးတော့ ရွေးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြဿနာများတော့ တရုတ်ခရီးသွားတွေ လာမယ့်အလားအလာ သိပ်နည်းသွားတယ်ဆိုတော့ ထိုင်းနိုင်ငံအတွက်လည်း စီးပွားရေးအားဖြင့်လည်းပဲ ဒါက စိန်ခေါ်မှုတစ်ခု ဖြစ်လာတယ်။ ဒီဟာကို အဓိက အပူတပြင်း ဖြေရှင်းဖို့ လိုတယ်။ ကျန်တဲ့ကိစ္စတွေက အရေးကြီးတယ်ဆိုပေမဲ့ စီးပွားရေး ကိစ္စက အဓိကကိစ္စ ဖြစ်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ ကျားဖျန့်လုပ်ငန်းတွေကို ကြည့်မယ်ဆိုရင် မြန်မာဘက်ခြမ်း မြန်မာနယ်စပ်ဘက်ခြမ်းမှာ ပိုများနေတာ မဟုတ်ပါဘူးလား။ အဲဒီတော့ မြန်မာအာဏာပိုင်တွေနဲ့ ညှိဖို့၊ ပိုပြီးတော့ မလိုပါဘူးလား။
ဖြေ ။ ။ လိုအပ်ပါတယ်။ မြန်မာအာဏာပိုင်တွေနဲ့ ညှိခဲ့တာပဲ သူက။ အခုတရုတ်ဝန်ကြီး ဝမ်ယီမတိုင်ခင် ရှိခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဟာလည်း အဲဒီ့ကတည်းက မြန်မာနိုင်ငံကို လာပြီးသူက စစ်ကောင်စီ အကြီးအကဲနဲ့ တွေ့ပြီးတော့ ဒီကိစ္စတွေကို ပြောခဲ့တယ်ဆိုတာ သတင်းတွေ ထွက်ပါတယ်။ မထိရောက်ပါဘူး။ နောက်ဝမ်ယီတို့ လက်ထက်မှာလည်း အကြိမ်ကြိမ် သူတို့က ဒီဟာကို ကြိုးစားတယ်။ မထိရောက်ပါဘူး။ စစ်ကောင်စီက ဘားမှ ထိထိရောက်ရောက် အရေးမယူနိုင်တဲ့သဘော။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်က သိပ်ပျော့ညံ့နေတဲ့အတွက်ကြောင့် နောက်ဆုံးသူတို့ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ကို အပေးအယူလုပ်တယ် ပြောပြော၊ မသိကျိုးကျွံပြုတယ် ပြောပြော၊ သူတို့နှိမ်နင်းတာကို တရုတ်က ခေါင်းငြိမ့်ပြီးနေခဲ့တယ်။ အဲဒီလိုနေခဲ့တဲ့အခါမှာ ထိရောက်ပါတယ်။ ညီနောင်မဟာမိတ်တွေက ပြတ်ပြတ်သားသား လုပ်တယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့သည် စစ်ကောင်စီကို လုံးဝဖယ်ရှားပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်မယ်။ သူတို့လူမျိုးစုတွေရဲ့ အခွင့်အရေးအတွက်လည်း အပြည့်အဝ တိုက်ပွဲဝင်တော့မယ်ဆိုပြီး လုပ်လာတဲ့အခါမှာကြတော့ တရုတ်ကမျက်လုံး ပြူးလာတာက စစ်ကောင်စီကို ဖြုတ်ချလို့တော့ မဖြစ်ဘူး။ သူတို့ကို ဖြုတ်ချလိုက်ရင် အားကိုးစရာမရှိတော့ဘူး ဆိုပြီးတော့၊ သူတို့ အားကိုးပေးထားတဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ကို သူတို့ ပြန်ပြီးဟန့်တားခဲ့ရတဲ့ အခြေအနေကို ရောက်လာပါတယ်။ ဆိုတော့ စစ်ကောင်စီနဲ့ လုပ်တဲ့ကိစ္စက သိပ်ပြီးတော့ မထိရောက်ဖူး။ အဲဒီအတွက်ကြောင့် ထိုင်းကိုပဲ အဓိကပြောရမယ်။ သူက ထိုင်းလူမျိုးတွေရဲ့ အဓိက ဝင်ပေါက်လည်းပဲ ဖြစ်နေတယ်။ သူက ထိုင်းနိုင်ငံက ဆိုပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီကို သိပ်အားမကိုးတော့ဘဲနဲ့ ထိုင်းကိုလာပြီးတော့ ညှိနှိုင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့အတွက် ထိုင်းနဲ့ညှိတော့ကော ထိထိရောက်ရောက် နှိမ်နင်းနိုင်ချေ ရှိလား။
ဖြေ ။ ။ ထိုင်းကတော့ လောလောဆယ်မှာ လောင်စာပေါ့လေ။ အဲဒီဟာတွေကို ပိတ်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် သူတို့ အမျိုးသား လုံခြုံရေးကောင်စီက ဝန်ကြီးချုပ်ပေထုံတန် ဘေကျင်းကို မသွားခင်မှာဘဲ အစည်းအဝေးခေါ်ပြီးတော့ လုပ်တော့ လောင်စာမပေးတော့ဘူး။ သူတို့ လျှပ်စစ်လုပ်ငန်းတွေအတွက်။ ဒါပေမဲ့လည်း လင်းနေတာဘဲ။ ပိတ်တာလည်း သိပ်မထိရောက်သေးဘူး ဆိုတဲ့သဘော ဖြစ်ပါတယ်။ လုပ်တော့ ထိုင်းမှာ အဓိက အားနည်းချက် ရှိတာက သူတို့ကိုယ်နှိုက်ကလည်း ဘယ်လောက် ကင်းရှင်းသလဲ ဒီကိစ္စမှာ။ အဂ္ဂတိလိုက်စားတဲ့ အရာရှိတွေ၊ စစ်တပ်ထဲမှာ နယ်စပ်နဲ့ ပတ်သက်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ သူတို့တွေလည်း ပါဝင်ပတ်သက်မှု့တွေ ရှိကောင်းရှိနေနိုင်ပါတယ် အဲဒီထဲမှာ။ ပြောလို့မရဘူး။ အဲဒီတော့ အဲဒီဟာတွေတင်မကဘူး။ စီးပွားရေး ကုမ္မဏီကြီးတွေ မြန်မာနိုင်ငံနဲ့ စွမ်းအင်တို့ဘာတို့ လောင်စာကိစ္စနဲ့ လုပ်နေတယ်။ သူတို့ဟာ တရားဝင်လုပ်သော်လည်းပဲ မသမာတဲ့နည်းလမ်းလည်း ရှိနိုင်တယ်ဆိုပြီးတော့ သုံးသပ်သူတွေက ပြောကြတယ်။ ဆိုတော့ ထိုင်းရဲ့ လုပ်ငန်းဟာ သိပ်ထိရောက်တဲ့ အခြေအနေတော့ မရှိဘူးပေါ့လေ။ လုပ်သော်လည်းပဲ။ နောက်တလောတုန်းက ထိုင်းဟာ သူတို့ရဲ့ လုပ်ရက်ဟာ ထိရောက်အောင်မြင်တယ်ဆိုတာ ပြသဖို့အတွက် သတင်းထောက်တချို့ကို အဲဒီကို ခေါ်ပြီးတော့ ပြပါတယ်။ အထဲကို ဝင်ခွင့်ပေးတယ်။ ထိုင်းရဲ့ ရည်ရွယ်ချက်ကတော့ ဒီကိစ္စကို ဟန့်တားတယ်ဆိုတဲ့သဘောကို ပြချင်တဲ့အတွက်ကြောင့် ခေါ်ပြတာပါ။
နောက်ပြီးတော့ အဲဒီမှာ သတင်းထောက်ရေးထားတယ်။ BBC က ဘန်ကောက် အရှေ့တောင်အာရှသတင်းထောက် Johnathan Head ရေးထားတာကကြည့်ရင် နေရာတကာမှာတော့ ဆိုင်းပုဒ်တွေ ကပ်ထားတယ်။ ကျားဖျန့်လုပ်ငန်း မသမာတဲ့နည်းနဲ့ လုပ်တာကို ငါတို့တွေ လက်မခံဘူး။ အတင်းအဓ္ဓမ ခိုင်းစေမှုကို ငါတို့ ဆန့်ကျင်တယ်ဆိုတဲ့ ပိုစတာတွေတော့ အများကြီးပဲ။ သူတို့ သွားနေတဲ့နေရာမှာ လုံခြုံရေးတွေ လိုက်တယ်။ အဆောက်အအုံတချို့ သူတို့တွေ ဝင်မရဘူး။ သူတို့ ဝင်မယ်ဆိုတော့ “အဲဒီဟာက Private ကုမ္ပဏီက အဆောက်အအုံတွေ ဖြစ်တယ်။ ခင်ဗျာတို့ကို ပေးဝင်လို့မရဘူး ပြောတယ်။ အပြင်က ချောင်းကြည့်တော့ မီးတွေထိန်ထိန်လင်းနေပြီးတော့ အထဲမှာ ဟိုတယ်လို့ ဖွင့်ပြီးတော့ လုပ်နေတာတွေ တွေ့ရတယ်ဆိုတော့ သူတို့က ဘယ်လောက်ပဲဖုံးဖုံး သိပ်ထိရောက် မအောင်မြင်ဘူးဆိုတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ ဒီဒေသရဲ့ နိုင်ငံရေး အခြေအနေက သိပ်ရှုပ်ထွေးပါတယ်။ အခုလောလောဆယ်ကတော့ နယ်ခြားစောင့်တပ်ပေါ့လေ။ BGF တွေက အဓိက ဖြစ်နေတယ်။ တကယ်တော့ BGF က အစတုန်းကတော့ KNU ထဲကမှ ဗုဒ္ဓဘာသာကရင်အဖွဲ့ DKBA ခွဲထွက်တယ်။ DKBA ထဲကမှ လူတွေက ဗိုလ်မှူးကြီးစောချစ်သူပေါ့လေ။ သူ ခွဲထွက်ပြီးတော့ မြန်မာအစိုးရနဲ့ ပေါင်းပြီးတော့ နယ်ကြားစောင့်တပ်အဖြစ်နဲ့ သူတို့ နေတယ်။ နေပြီးတော့ သူတို့က အဓိကထားပြီးတော့ လုပ်နေတယ်ဆိုတော့ သူဟာ ဒီနယ်စပ်ဒေသရဲ့ နိုင်ငံရေးမှာ အဓိကချိန်ခွင်လျှာ ဟိုဘက်တိမ်း ဒီဘက်တိမ်းက သူ့ရဲ့ သဘောထားက သိပ်အရေးကြီးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလောက် ရှုပ်ထွေးတဲ့ကိစ္စမှာ ထိုင်းကဘယ်လောက်ထိ ဆက်လက်ပြီး လုပ်နိုင်မလဲ။ ထိုင်းဘက်ကလည်း စောစောကပြောခဲ့သလို လွတ်ကင်းချင်မှ လွတ်ကင်းမယ့် သဘောတွေ ရှိနေတယ်ဆိုတော့၊ ဒါကတော့ သိပ်ပြီးတော့ မသေချာတဲ့ သဘောမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ တခုပြောဖို့ လိုအပ်တာကတော့ အဲဒီမှာ အလုပ်လုပ်နေတဲ့လူတိုင်းဟာ အတင်းအဓ္ဓမ ဖမ်းဆီးခံရပြီး၊ ခိုင်းစေခြင်းခံနေရတဲ့ သူတွေကြီးပဲ မဟုတ်ဘူး။ သူတို့သဘောနဲ့ သူတို့ လာရောက်လုပ်နေတယ် ဆိုတာလည်း သတင်းထောက်ရေးထားတာ တွေ့ရပါတယ်။
မေး ။ ။ အခုနက ဦးကျော်ဇံသာ ပြောတဲ့ထဲမှာ မြန်မာအာဏာပိုင်တွေကကော ကျားဖျန့်ကိစ္စတွေနဲ့ ကင်းရှင်းပါရဲ့လား။
၏ဖြေ ။ ။ လုံးဝမကင်းရှင်းဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ကျနော်က အထောက်အထားတွေ လိုက်ရှာကြည့်တယ်။ တချို့က ဘယ်လိုရေးထားလဲဆိုရင် ၂၀၂၄ မတ်လတုန်းက ဗိုလ်ချုပ်ငါးဦးက အွန်လိုင်း လိမ်လည်ဂိုဏ်းကျားဖျန့်နဲ့ ပတ်သက်လို့ဆိုပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်အောင်လင်းထွန်း၊ ဗိုလ်ချုပ်လှမိုး၊ ဗိုလ်ချုပ်ဇော်မင်း၊ ဗိုလ်ချုပ်စိုးလှိုင် နောက်တခါ ဗိုလ်ချုပ်တဦး သူတို့ကို ဖမ်းဆီးအရေးယူခဲ့တယ်။ ဗိုလ်ချုပ်တွေ ကိုယ်နှိုက်ကပါဝင်နေတာ အဲဒီထဲမှာ။ အဲဒီဟာအပြင် အဲဒီဟာမတိုင်ခင်တုန်းက ဒုတိယ ဗိုလ်ချုပ်ကြီး နည်းတဲ့အဆင့် မဟုတ်ဘူး။ ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင်တို့ကိုလည်းပဲ သူတို့ အာဏာသိမ်းဖို့ ကြံစည်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးတယ် ဆိုပြီးတော့ သတင်းထွက်ခဲ့တယ်။ အဲဒီဟာလည်းပဲ တကယ့်တကယ်တော့ ကျားဖျန့် ငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်မှုတွေသာ ဖြစ်တယ်ဆိုတာ တဖြည်းဖြည်း သတင်းလောကမှာ ပေါ်ထွက်လာတဲ့ သတင်းမျှသာ ဖြစ်တယ်ဆိုတာ ဖြစ်ပါတယ်။ မပေါ်ထွက်သေးဘဲ ဖြစ်နေတဲ့ အခြေအနေတွေက အများကြီး ရှိနိုင်ပါတယ်။ ဘယ်လိုမှ ကင်းရှင်းတယ်လို့ ပြောလို့မရပါဘူး။ အဓိက အဲဒီလို မကင်းရှင်းလို့လည်းဘဲ ဒီလိုဖြစ်နေတာပါ ဒီကိစ္စက။ မြန်မာနိုင်ငံ အခြေအနေကလည်း ပါဝင်ပတ်သက်နေတယ်။ ထိုင်းဘက်ကလည်း ပါဝင်ပတ်သက်နေတယ်။ နယ်စပ်အခြေအနေမှာလည်းပဲ နိုင်ငံရေးအခြေအနေက ကိုင်ရတွယ်ရ ခက်နေတယ်ဆိုတော့ ဘယ်လိုဝင်ပြီး ဆွဲရမလဲဆိုတာ သိပ်ခဲယဥ်းပါတယ်။ ကိုင်တွယ်လို့ မရဘူးဆိုရင် ထိုင်းတို့ တရုတ်တို့က သူတို့အင်အားနဲ့ ဝင်ပြီးတော့ ကိုင်တွယ်နိုင်မလား။ ဒါပေမဲ့ ဒီဒေသဟာ တရုတ်နယ်စပ်လည်း မဟုတ်ဘူး။ တရုတ်အင်အားတွေနဲ့လာရင် တရုတ်တပ်ဖွဲ့တွေနဲ့လာရင် ဒါကိုတစုံတရာ လုပ်မယ်ဆိုရင်လည်းပဲ ပြဿနာတွေ အများကြီး ရှုပ်ထွေးမှု ရှိလာနိုင်ပါတယ်။ လောလောဆယ်မှာတော့ အဲဒီဟာလည်းပဲ မဖြစ်နိုင်သေးဘူးလို့ ယူဆရပါတယ်။ တကယ်လို့ လုပ်လာရင်တော့ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မေး ။ ။ နောက်ပြီးတော့ ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ခရီးစဥ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုပြီးတော့ ခိုင်မာအောင် အားကောင်းအောင် နောက် ဒစ်ဂျစ်တယ် စီးပွားရေး ဒါတွေကိုလည်း ဆွေးနွေးပါတယ်။ နောက်တခုက အဲဒီထဲမှာပါတာက သူတို့ရဲ့ ကြေညာချက်တွေထဲမှာ တရုတ်နဲ့ထိုင်း ရထားလမ်းစီမံကိန်း ဒါက ဘယ်လောက်ထိ အရေးပါပါသလဲ။
ဖြေ ။ ။ အရေးပါပါတယ်။ သူတို့ စီးပွားရေး ပထမတခုကတော့ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ အဓိကအားဖြင့် ပစ်မှတ် ဖြစ်နေတယ် စီးပွားရေး အားဖြင့်။ သူတို့ကို Trade War ကုန်သွယ်ရေး စစ်ပွဲလို့တောင် တချို့တွေက သုံးကြတယ်။ အခွန်တွေ တိုးကောက်တယ် ဘာညာ လုပ်နေတဲ့အချိန်မှာ၊ နေတိုးပြီးရင် အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ ထိုင်းကို သူတို့ဘက်ကိုပါအောင် စွဲဆောင်နိုင်တယ်။ သူတို့ရဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။ တချိန်ထဲမှာ ထိုင်း၊ အမေရိကန်က တချို့နိုင်ငံတွေ ကနေဒါတို့ ဘာတို့ မက်ဆီကိုတို့ အဲဒီ အိမ်နီးချင်းနိုင်ငံတွေကိုတောင်မှ အခွန်ဘာညာ တိုးကောက်မယ် လုပ်နေတယ်။ မမျှတဘူး။ Trade imbalance အမေရိကန် နစ်နာပြီးတော့ သူတို့ဘက်ကသာအောင် လုပ်တာ။ ထိုင်းက သာနေတာ။ ထိုင်းက အများကြီး အမြတ်ရနေတယ်။ ဆိုတော့ ဒီကိစ္စကို အမေရိကန်က ဘာမှ မပြောသေးဘူး။ အခုလို မပြောသေးတဲ့အချိန်မှာ ထိုင်းဝန်ကြီးက ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်ဘက်ကို ပိုပြီးတော့ပေးတဲ့သဘောမျိုး ပြောလိုက်တယ်ဆိုတော့ တချို့က စိုးရိမ်ကြတယ်။ ဒါကို အမေရိကန်က ထောက်ပြကောင်း ထောက်ပြလာလိမ့်မယ်လို့ ပြောကြတာ ရှိပါတယ်။
နောက် ရထားလမ်း ဖောက်မယ့်ကိစ္စ။ ထိုင်းအထိ အမြန်ရထားဖောက်မယ်ဆိုရင်။ အဲဒီဟာက အကြောင်းမဟုတ်ဘူး။ သို့သော်လည်းပဲ အဲဒီဟာရဲ့ ရည်ရွယ်ချက်က အဒီကနေ ဆက်ပြီးတော့ ထိုင်းနိုင်ငံရဲ့ တောင်ဘက်မှာ Kra ကျွန်းစပ်ဆိုတာ ရှိတယ်။ အဲဒီဟာကို ဖြတ်ပြီးတော့ ဒီဘက် ထိုင်းဘက်က ပင်လယ်ကွေ့ကနေပြီးတော့ မြန်မာနိုင်ငံကို မုတ္တမ ပင်လယ်ကွေ့ကိုထွက်တဲ့ တူးမြောင်းဖောက်ဖို့အတွက် ဟိုရာစုပေါင်းများစွာထဲက ကြံစည်ခဲ့ဖူးတယ်။ တခါမှ မအောင်မြင်ခဲ့ဖူး။ ပထမ သူတို့ စဥ်းစားခဲ့ကြတာက အဲဒီမှာ Land Bridge ဟိုဘက်နဲ့ဒီဘက် ဆက်သွယ်ရေးလမ်းကြောင်း ဖောက်ပေးမယ်ဆိုတော့ ထိုင်းကလာတဲ့ ပစ္စည်းတွေဟာ တရုတ်ရထားလမ်းကတဆင့် လာမယ့် ကုန်ပစ္စည်းတွေကို အဲဒီ့ရထားလမ်းကတဆင့် ဒီဘက် မုတ္တမပင်လယ်ကွေ့ဘက်ကို ထွက်တဲ့လမ်း လုပ်ပေးမယ်ဆိုပြီး လုပ်တယ်။ အဲဒီလို လုပ်တာလည်းပဲ အမေရိကန်က ငြိုငြင်စရာ ဖြစ်လာမယ်လို့ တချို့က သုံးသပ်ကြတယ်။ ဒါ့အပြင် တရုတ်ကို ဒီအထိလာခွင့် ပေးလိုက်မယ်ဆိုရင် တရုတ်က သင်္ဘောနဲ့ ဖြတ်လာမယ်ဆိုတော့ အဲဒီနားမှာ ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အင်ဒိုနီးရှားတို့ မလေးရှားတို့နဲ့လည်း ပြဿနာတွေ ပိုဖြစ်လာနိုင်တယ်လို့ တွက်တဲ့သူလည်း ရှိပါတယ်။ လောလောဆယ်မှာတော့ ထိုင်းဟာ တရုတ်နဲ့ ပိုပြီးတော့ နီးစပ်လာတယ်ဆိုတာကတော့ သေချာပါတယ်။ ဒါကလည်း စောင့်ကြည့်ရမယ့် ကိစ္စပါ။
မေး ။ ။ နီးစပ်လာတယ်ဆိုတာက အခု အနေအထားတွေကိုကြည့်မယ်ဆိုရင် ထိုင်းက တရုတ်ဘက်ကို ယိမ်းလာတဲ့သဘော ရှိတယ်လို့ ပြောလို့ရပါသလား။
ဖြေ ။ ။ အဲ့လိုပေါ့ နီးစပ်တယ်ဆိုတာ ယိမ်းတယ်လို့ပြောရမှာဘဲ။ ထိုင်းရဲ့ ပေါ်လစီက Bent with the wind သူတို့က လေတိုက်ရာယိမ်းပြီးတော့ ဆက်ဆံနိုင်တဲ့ နိုင်ငံပါဘဲ။ သမိုင်းတွေမှာလည်း အင်ဒိုချိုင်းနား ဒီဘက် လာအိုနဲ့ ကမ္ဘာဒီးယားဘက်ကို ပြင်သစ်က သိမ်းမယ်။ မြန်မာနိုင်ငံ ဒီဘက်ထိ အင်္ဂလိပ်က သိမ်းတယ်။ ထိုင်းက နေတတ်တယ်။ ဟိုဘက် ဒီဘက် ဆက်ဆံတတ်လို့လည်း ကိုလိုနီ မဖြစ်ခဲ့ဘဲနဲ့ ကြားမှာ ရပ်တည်နိုင်ခဲ့တာပဲ။ ထိုင်းက အမြဲတမ်း အဲဒီလို နေတတ်ပါတယ်။ အဲဒီလို ဖြစ်သွားလည်းပဲ အမေရိကန်က ထိုင်းကို လက်လွှတ်လို့ မရပါဘူး။ သူတို့အတွက် အစဥ်အလာ မဟာမိတ်လည်း ဖြစ်တယ်ဆိုတော့။ ထိုင်းတင် မကဘူး။ ဗီယက်နမ်ကလည်း သူတို့လည်း Bamboo Policy ဆိုပြီးတော့ အမေရိကန်နဲ့ကော၊ တရုတ်နဲ့ကော ဆက်ဆံလာတာ တွေ့ရပါတယ်။ ထိုင်းကလည်းပဲ အလားတူ ဆက်ဆံတာ တွေ့ရတယ်ဆိုတော့ ဆက်ပြီးတော့ ဒီလိုပဲ ရပ်တည်သွားနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလိုဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Forum