ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးကို ဦးစားပေးရမယ်ဆိုတဲ့ အာဆီယံရဲ့ ဖိအားကို စစ်ကောင်စီ ဘယ်လောက် အလေးထားပါသလဲ။ အဖွဲ့ဝင်အားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချလို့ရတဲ့ အာဆီယံဟာ မြန်မာ့ပဋိပက္ခ ပြေလည်ရေးအတွက် ရှေ့ဆက် ဘာလုပ်နိုင်အုံးမှာလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ် Othman Hashim က ဖေဖော်ဝါရီ (၆) ရက်ကနေ (၈)ရက်ထိ မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က သိပ်ပြီးတော့ အလေးထားပုံ မရဘူးလို့ ပြောလို့ရမလား။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါမြသဇင်။ အလေးမထားပါဘူး အစထဲက။ Othman Hashim ဟာ မလေးရှားနိုင်ငံ ဥက္ကဌ ဖြစ်နေချိန်မှာ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ရွေးချယ်ထားတဲ့လူ ဖြစ်ပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အတွေ့အကြုံများတဲ့သူပါ။ သူ့ကို လွှတ်ပေးကတည်းက အဓိက သူပြောရမယ့် Message က စစ်ကောင်စီ လုပ်နေတဲ့ ရွေးကောက်ပွဲဟာ အရေးမကြီးဘူး။ ဒါကို ငါတို့ မလိုချင်ဘူး။ တကယ်ငြိမ်းချမ်းအောင် ဘက်စုံညှိနှိုင်းပြီးတော့ ဖြေရှင်းဖို့သာ ဖြစ်တယ်ဆိုတဲ့ Message ကို ပြောဖို့လာတာ။ အဲဒီလို ပြောမယ်ဆိုတာကိုလည်း သူတို့က ကြိုပြီးတော့ Secret Diplomacy မဟုတ်ဘဲ၊ Open Diplomacy, Public Diplomacy ကြိုပြီး လူတိုင်း သိနေရပြီ။ စစ်ကောင်စီကတော့ ပိုသိတာပေါ့။ စစ်ကောင်စီက ကြိုဆိုဖို့နေနေသာသာ သိပ်တောင်မှ လာစေချင်မှာ မဟုတ်ဘူး။ မလွှဲသာလို့ လက်ခံထားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လာမယ့်သတင်းကိုလည်း မီဒီယာတွေထဲမှာ ဘာမှအလေးထားတာ မတွေ့ရပါဘူး။ သူတို့ အဓိက လိုချင်လုပ်ချင်နေတာက တရုတ် ဖိအားပေးမှု့နဲ့ လုပ်မယ့် ရွေးကောက်ပွဲသာ ဖြစ်တယ်။ သူတို့ရဲ့ Legitimacy သူတို့ တရားဝင်ဖြစ်တယ်ဆိုတာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ပြသဖို့အတွက် ဒီရွေးကောက်ပွဲနဲ့ပဲ သူတို့ ထွက်ပေါက်ဆိုတာ ရှိနေတာကို။ ဒါကိုပဲ သူတို့ အဓိကထားတယ်။ အာဆီယံကိုလည်း သူတို့ လုံးဝဂရုစိုက်မှာ မဟုတ်ပါဘူး။ တနည်းပြောရရင် ကမ္ဘာထက် တရုတ်ကိုပဲ သူတို့က ဦးစားပေးနေတာ။ တရုတ်က ပြောတာကိုပဲ သူလုပ်မယ်ဆိုတာ စစ်ကောင်စီရဲ့ မလွှဲမရှောင်သာ ရွေးရမယ့်လမ်း ဖြစ်နေတဲ့အတွက်ကြောင့်လို့ ပြောရမှာပါ။ အာဆီယံကိုတော့ သိပ်ပြီး အလေးမထားတာ တွေ့ရပါတယ်။
မေး ။ ။ အဲဒီတော့ အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် အလားအလာ ရှိပါရဲ့လား။
ဖြေ ။ ။ လောလောဆယ်တော့ မတွေ့ရပါဘူး။ လောလောဆယ်တော့ မတွေ့ရပါဘူး။ အာဆီယံနိုင်ငံတွေဟာ အဓိက သူတို့မှာ အခက်အခဲတွေ အများကြီး ရှိနေတာပေါ့လေ။ သူတို့ရဲ့ အဓိကအခက်အခဲ အတားအဆီးကတော့ အဖွဲ့ဝင်အားလုံး ဘုံသဘောတူညီချက်ရမှ Consensus ရမှသာလျှင် ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့ လုပ်ချင်တဲ့၊ ပေးချင်တဲ့ ဖိအားကို အဖွဲ့ဝင်နိုင်ငံတိုင်း အကုန်လုံး လုံးဝသဘောမတူနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲဒီထဲမှာ အထူးသဖြင့် လာအို၊ ကမ္ဘာဒီးယား၊ ဗီယက်နမ်တို့လို နိုင်ငံတွေက သိပ်ပြီးတော့ မတက်ကြွဘူး။ တက်တက်ကြွကြွရှိတာ မလေးရှားတို့၊ အင်ဒိုနီးရှားတို့က တက်တက်ကြွကြွရှိတယ်။ ထိုင်းကလည်း ဟိုလိုလို ဒီလိုလို။ ဖိအားပေးတာထက် ပြေလည်သွားဖို့သာ သူက လိုချင်တဲ့ သဘောရှိတယ်ဆိုတော့။ ဒီ Consensus က အဓိကပြဿနာ ဖြစ်ပါတယ်။ နောက်တခုကလည်း ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတာပေါ့လေ။ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့ မူလည်း ရှိနေတော့။ ဒီဟာတွေ ရှိနေတဲ့အတွက် အာဆီယံ ထိထိရောက်ရောက် လုပ်လာနိုင်တဲ့ အခြေအနေတော့ မရှိဘူးလို့ လောလောဆယ်မှာ တွေ့နေရပါတယ်။
မေး ။ ။ အဲဒီတော့ ဒီဘုံသဘောတူညီချက် (၅) ရပ်ကကော ဘယ်လောက်ထိ အရေးပါပါသလဲ။ ဒါကို ပြန်ပြင်နိုင်မယ့် အလားအလာကော ရှိလား။
ဖြေ ။ ။ သိပ်အရေးပါပါတယ်။ ဒီဘုံသဘောတူညီမူ (၅) ရပ် မြန်မာနိုင်ငံပေါ် ချမှတ်ထားတာကတော့ တကယ်ဖြစ်သင့်တဲ့ ကိစ္စပေါ့လေ။ ဒါပေမဲ့လည်း အဓိကအားဖြင့်က စောစောကပြောခဲ့တဲ့ Consensus နဲ့ ချခဲ့တာ - ဒီဘုံသဘောညီချက် (၅) ရပ်တောင်မှ သိပ်ပြီးတော့ ကြီးကျယ်တဲ့ အောင်မြင်မှုလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဝင်စွက်ပြီးတော့ ပြောလို့မရ၊ စစ်ကောင်စီက နားမထောင်ရင် သူတို့ ဒီထက်ပိုပြီးတော့ တိုးပြီးတော့ လုပ်နိုင်ချေ မရှိပါဘူး။ သူတို့မှာ အကန့်အသတ်တွေက ရှိပါတယ်။ အာဆီယံအဖွဲ့ ထောင်ကတည်းက လွန်ခဲ့တဲ့ (၅၈) နှစ်က အဖွဲ့ဝင်တွေက တနိုင်ငံနဲ့ တနိုင်ငံ မတူကွဲပြားတဲ့ နိုင်ငံရေးဝါဒတွေ အများကြီး ရှိပါတယ်။ ဥရောပသမဂ္ဂမှာတော့ ဒီမိုကရေစီ တကယ်ဖြစ်ထွန်း အောင်မြင်မှသာ လက်ခံမယ်ဆိုတဲ့ စည်းကမ်းနဲ့ဘောင်နဲ့ လွတ်လပ်မှု ဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာပြီးမှ လက်ခံတာ။ အာဆီယံမှာ အဲဒီလို မဟုတ်ပါဘူး။ ပဒေသရာဇ်စနစ် အုပ်ချုပ်တဲ့နိုင်ငံလည်း ရှိတယ်။ ကွန်မြူနစ် အာဏာရှင်နိုင်ငံလည်း ရှိတယ်။ စစ်အာဏာရှင်အုပ်စိုးတဲ့ နိုင်ငံလည်း ရှိတယ်။ ဒီမိုကရေစီကို လှမ်းနေတဲ့နိုင်ငံလည်း ရှိတယ်။ အဲဒီလို နိုင်ငံရေးစနစ် ကွဲပြားတဲ့ နိုင်ငံတွေကို စုစည်းဖို့အတွက်ကတော့ တယောက်ပြည်တွင်းရေး တယောက် ဝင်မစွက်ဘူး။ မင်းတို့ ဘယ်လိုအုပ်ချုပ်ချုပ် ငါတို့ ဘာမှမပြောလိုဘူး။ နောက်ပြီး တခုခု ဆုံးဖြတ်ရင်လည်း အားလုံးသဘောတူမှ ဆုံးဖြတ်မယ်ဆိုတာနဲ့ စည်းရုံးထားတာ ဖြစ်ပါတယ်။ ဒီဟာတွေကို ပြုပြင်နိုင်ခြင်း မရှိသမျှ ကာလပတ်လုံးကတော့ မြန်မာပြည်အရေးမှာလည်း ဒါထက်တိုးပြီး ဖိအားပေးဖို့ဆိုတာ အခက်အခဲ ရှိပါလိမ့်မယ်။
မေး ။ ။ အဲဒီတော့ အခုနပြောတဲ့ အချက်တွေကို မြန်မာနိုင်ငံရေးမှာကျတော့ ချွင်းချက်ထားလို့ မရပါဘူးလား။
ဖြေ ။ ။ ချွင်းချက်ထားဖို့ဆိုတာကတော့ အဲဒီလို အကြံပြုတဲ့သူတွေ ရှိပါတယ်။ အထူးသဖြင့် မလေးရှားတို့၊ အင်ဒိုနီးရှားတို့ဘက်က ရေးကြတယ်။ နိုင်ငံရေး အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားဟောင်းတွေ တာဝန်လောလောဆယ် ထမ်းဆောင်နေတဲ့ ပါလီမန်အမတ်တွေ သူတို့ ရေးကြတယ်။ အများကြီးတွေ့ပါတယ်။ ဒီဟာကို ပြင်သင့်တယ် အာဆီယံက။ အထူးသဖြင့် ချွင်းချက်ထားသင့်တယ်ပေါ့လေ။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ပေါ့ ဒီကိစ္စမှာဆိုရင် Majority Vote အများသဘောတူနဲ့ ဆုံးဖြတ်တဲ့ ပုံစံမျိုးတော့ လုပ်သင့်တယ်ဆိုပြီး ပြောကြတာလည်း ရှိပါတယ်။ ချွင်းချက်လည်းပဲ ရှိပါတယ် အာဆီယံမှာ။ ဟိုတုန်းက Minus X Policy လားတခု ရှိတယ်။ စီးပွားရေးကိစ္စနဲ့ ပတ်သက်လာရင် အများဘုံသဘောတူညီမှ မဟုတ်ဘူး။ သူတို့နိုင်ငံအတွက် သူတို့က လုပ်သင့်တာကို လုပ်ရတယ် ဘယ်သူမှ မထိလိုက်ရင်။ အဲဒီလိုမျိုး ချို့ယွင်းချက်တွေ ရှိပါတယ်။ မြန်မာနိုင်ငံအရေးမှာလည်း အဲဒီလို ချို့ယွင်းချက် ထားသင့်တယ်လို့ တိုက်တွန်းတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်လောလောဆယ်တော့ မတွေ့ရပါဘူး။ သို့သော်လည်းပဲ တချို့က မျှော်လင့်နေကြတယ်။ မကြာခင်မှာ အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာလိမ့်မယ်။ ဖြစ်လာရင်တော့ သူက မြန်မာနိုင်ငံအရေးအတွက် အများကြီးတိုက်တွန်းလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် အများကြီး တိုက်တွန်းနေတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အင်အားသာလာမှာပေါ့လေ။ တမဲတော့ ပိုလာမှာပဲဆိုပြီးတော့ မျှော်လင့်နေတဲ့ သူလည်း ရှိပါတယ်။
မေး ။ ။ ဒါပေမဲ့ အရှေ့တီမောက နောက်ဆုံးမှ ဝင်လာမယ့် အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်တယ်။ နိုင်ငံကလည်း သေးသေးလေး ဘယ်လောက်ထိ မြန်မာ့အရေးမှာ အရေးပါလာနိုင်လို့ပါလဲ။
ဖြေ ။ ။ အရေးပါပါတယ်။ အခုနကပြောတဲ့ Consensus ဆိုတဲ့ ကိစ္စက ဒီနေရာမှာ သွားပြီးတော့ အသုံးတဲ့နေတယ်။ အရှေ့တီမောက သဘောမတူဘူးဆိုရင်လည်းပဲ ဘာမှမလုပ်နိုင်ဘူး။ သူတယောက်ထဲ ကန့်ကွက်နိုင်တဲ့ အခြေအနေ ရှိတယ်။ နောက်ပြီးတော့ အရှေ့တီမောက မြန်မာ့အရေးကို စကတည်းက သူတို့ လွတ်လပ်ရေး ကြိုးပမ်းစဥ်ကတည်းက မြန်မာနိုင်ငံရဲ့ (၈၈) တော်လှန်ရေးအပြီးကာလဆိုတော့ သူတို့က အတူတူတွဲပြီးတော့ အာဏာရှင် အုပ်ချုပ်ရေး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့တဲ့ အစဥ်အလာလည်း ရှိတယ် လက်တွဲပြီးတော့။ သူတို့နိုင်ငံမှာ သူတို့ အောင်မြင်သွားတဲ့အခါမှာ အရှေ့တီမောအစိုးရက ဟိုတုန်းက NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက်အစိုးရကို သူတို့ဆီမှာလာပြီးတော့ အခြေစိုက်ဖို့ ဖိတ်ခေါ်ခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဆိုတော့ အခုလည်းပဲ အမြဲတမ်း အားပေးကမ်းလှမ်းနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ အရှေ့တီမောရဲ့ စကားက ဘာပဲဖြစ်ဖြစ် ကြီးတယ်၊ ငယ်တယ် မခွဲခြားဘူးပေါ့လေ ဖိအားပေးနိုင်တဲ့ နိုင်ငံတခုဖြစ်တဲ့အတွက်ကြောင့် မျှော်လင့်တဲ့သူတွေ အများကြီး ရှိကြပါတယ်။ တချို့က တော်တော်လေး တိုက်တိုက်တွန်းတွန်း အားပေးပြီးတော့ အားတတ်သရော ရေးကြပါတယ်။ လက်တွေ့ကတော့ ဘယ်လောက်ထိ ဖြစ်လာမလဲဆိုတာကတော့ တကယ်ရောက်လာမှပဲ တွေ့ရမှာပေါ့လေ။
မေး ။ ။ အဲဒီတော့ နောက်တခုက ဒီအခြေအနေမှာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲက ထုတ်ပယ်လိုက်တဲ့ အထိကို ဖြစ်လာနိုင်မလား။
ဖြေ ။ ။ မထင်ပါဘူး။ အာဆီယံက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ရတာ အဓိကလည်းပဲ သူတို့ အကြောင်းပြချက်က လုံးဝပစ်ပယ်ထားရင် တရုတ် ရင်ခွင်ထဲကို လုံးဝတွန်းပို့လိုက်သလို ဖြစ်သွားမယ်ဆိုပြီးတော့ အကြောင်းပြပြီးတော့ လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့တဖြေးဖြေး လက်တွဲပြီးတော့ ပြုပြင်မယ်ဆိုပြီးတော့၊ ဒါပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ ဖြစ်မလာခဲ့တော့ အခုအခါမှာ ထုတ်ပစ်ရင်လည်း ပိုတောင်မှ ဆိုးအုံးမယ်။ တရုတ်က အခုအခါမှာ ပိုပြီးတော့ အပိုင်စီးရနေတယ်။ အခုတောင်မှပဲ အမေရိကန်က ပေးနေတဲ့အထောက်အပံ့တွေ၊ ဘာမှမဆိုသလောက် အထောက်အပံ့လေးတွေကို ရုတ်သိမ်းလိုက်တယ်ဆိုတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ တော်လှန်ရေးအတွက် အမေရိကန်ရဲ့ အားကိုးမှုကို လုံးဝ မမျှော်လင့်နဲ့တော့ဆိုပြီး သုံးသပ်သူတွေက ရေးနေကြပါတယ်။ အဲဒီတော့ တရုတ် စိတ်တိုင်းကျ ဝင်ရောက်ပြီးတော့ ချယ်လှယ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ အာဆီယံလည်း ဘာမှမတတ်နိုင်ဘူး။ ဒီအချိန်မှာ အာဆီယံကတော့ သူတို့ကြိုးပမ်းကြည့်တာပေါ့လေ။ အာဆီယံမှာ အခု ဥက္ကဌ ဖြစ်နေတဲ့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Anwar Ibrahim လည်း သူက နောက်ထပ်အရွေးခံရဖို့ရယ် သူ့ရဲ့ Political Image ပုံရိပ် နိုင်ငံတကာမှာ တက်လာဖို့အတွက် လုပ်ပြနေတယ်လို့တောင်မှ ဝေဖန်ပြီးရေးတဲ့ ပညာရှင်တွေ ရှိပါတယ်။ သိပ်ပြီးတော့ မမျှော်လင့်နိုင်ဘူးပေါ့လေ ဒီကိစ္စမှာ။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ ငါတို့ ပြောတာနားမထောင်ဘူးလား ။ မင်းတို့ကို ထုတ်ပစ်တယ် ဆိုတာမျိုးကတော့ လုံးဝဖြစ်လာလိမ့်မယ် မဟုတ်ပါဘူး။ ထုတ်ပစ်လည်းပဲ မြန်မာနိုင်ငံ စစ်ကောင်စီကတော့ သိပ်ပြီးတော့ ဝမ်းနည်းလိမ့်မယ် မထင်ပါဘူး။ တရုတ်ကလည်း ပိုပြီးတော့ ကျေနပ်အားရမှာပါ။ မင်းတို့ မလုပ်နိုင်လည်း ငါပဲလုပ်တော့မယ်ကွာဆိုပြီးတော့ သူ့ရဲ့လမ်းစဥ်အတိုင်း ဆက်ပြီးသွားလိမ့်မယ် ဖြစ်ပါတယ်။
မေး ။ ။ ဒါဆိုရင် အာဆီယံနိုင်ငံက သူ့ရဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံအရေးကို ဘာများဆက်ပြီးတော့ လုပ်ပေးနိုင်ပါအုံးမလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံအတွက် အာဆီယံ ဘာများလုပ်ပေးနိုင်မလဲဆိုတာ အခုနကပြောသလို အရှေ့တီမော ဝင်လာရင်တာ့ အသံနည်းနည်း ပိုကျယ်လာတာ ဖြစ်မယ်။ ဒါပေမဲ့ ပြောင်းပြန်မေးရမယ့်မေးခွန်းကို အာဆီယံက မြန်မာနိုင်ငံကို ဘာများလုပ်ပေးနိုင်မလဲဆိုတာ မြန်မာနိုင်ငံက အာဆီယံကို ဘယ်လို လုပ်လိုက်မယ်ဆိုတာကိုပဲ ပြန်မေးရမလို ဖြစ်နေတယ်။ ဘာလို့ဆိုတော့ မြန်မာနိုင်ငံအတွက် အာဆီယံထဲမှာ ကွဲနေကြပြီ။ မြန်မာနိုင်ငံကို တချို့နိုင်ငံတွေက စစ်ကောင်စီရဲ့ တရုတ်လမ်းစဥ်အတိုင်း၊ စစ်ကောင်စီ လုပ်ပေးမယ့် ရွေးကောက်ပွဲကိုတောင် လက်ခံခြင် အဲ့ဘက်ကိုခပ်ယိမ်းယိမ်းရယ်။ ဆိုတော့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူတို့ကို အဲဒီ့နိုင်ငံသုံးနိုင်ငံကတော့ သူတို့ လက်မခံနိုင်ဘူးဆိုတာ ပြောကြတယ်။ ထိုင်းနိုင်ငံကတော့ ဟိုလိုလို ဒီလိုလို စီးပွားရေး အဆက်အသွယ်၊ နောက်ပြီး နယ်စပ်ပြဿနာအတွက် သူဟာသူ ထွင်ချင်တယ်ဆိုတော့ ဒီအာဆီယံအဖွဲ့သည် မြန်မာနိုင်ငံအရေးကြောင့် တော်တော်လေး ကွဲလွဲသွားနိုင်တယ်ဆိုပြီးမှ ပြောနေကြပါတယ်။ အင်ဒိုနီးရှားက ဝါရင့်နိုင်ငံရေးသမားဟောင်း တယောက်ရေးတဲ့ ဆောင်းပါးတခုထဲမှာ သူက အကြံပေးထားပါတယ်။ သူတို့ရဲ့ အခုလက်ရှိ သမ္မတ Prabowo Subianto အနေနဲ့ အာဆီယံကို မြန်မာနိုင်ငံကို ထိထိရောက်ရောက် ဖိအားပေးနိုင်ဖို့အတွက်ကြိုးစားပါ။ အာဆီယံကို Troika သူတို့ ဖွဲ့ခဲ့တဲ့အဖွဲ့ ရှိတယ်လေ။ အင်ဒိုနီးရှားက ဥက္ကဌဟောင်းအနေနဲ့ အဲဒီ Troika အဖွဲ့မှာ သြဇာ ရှိနေဆဲဖြစ်တယ်။ အဲဒီ Troika သုံးပွင့်ဆိုင်အဖွဲ့ကတဆင့် ဖိအားပေးဖို့အတွက် အာဆီယံကို တွန်းပါ။ မတွန်းနိုင်လို့ အာဆီယံ ကျရှုံးသွားရင် အာဆီယံကျရှုံးတဲ့ တရားခံထဲမှာ ခင်ဗျားလည်း ပါလိမ့်မယ်ဆိုပြီး သမ္မတကို သူရေးထားတာ တွေ့ရပါတယ်။ အခုမေးရမယ့် မေးခွန်းက အာဆီယံက မြန်မာနိုင်ငံကို ဘာလုပ်နိုင်သေးလဲ မေးခွန်းထက်၊ မြန်မာနိုင်ငံကြောင့် အာဆီယံ ဘာဖြစ်သွားနိုင်လဲဆိုတာပဲ မေးရမလို ဖြစ်နေတယ်လို့ ပြောရမှာပါ။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
Forum