သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုဆိုးလာတဲ့အခြေအနေနဲ့ ရွေးကောက်ပွဲထွက်ပေါက်


မမြသဇင်အောင်နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဇူလိုင် ၃၁၊ ၂၀၂၄)
မမြသဇင်အောင်နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဇူလိုင် ၃၁၊ ၂၀၂၄)

ပိုမိုပြင်းထန်လာတဲ့ မြန်မာ့ပဋိပက္ခမှာ အထိနာနေတဲ့ စစ်ကောင်စီက ၂၀၂၅ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ပါမလား။ ရွေးကောက်ပွဲအလွန်မှာရော တိုင်းပြည်အခြေအနေ တည်ငြိမ်ကောင်းမွန်လာနိုင်ပါမလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါဦးကျော်ဇံသာရှင်။ အခုချိန်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ သတင်တွေက အမျိုးမျိုးထွက်နေပါတယ်။ ဘာကိုယုံရမလဲတောင်မှ မသိတော့ပါဘူး။ အဲ့ဒီတော့ မြေပြင်တိုက်ပွဲအခြေအနေတွေ၊ စစ်တပ်အခြေအနေတွေက ဘယ်လိုရှိပါသလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ မြေပြင်တိုက်ပွဲမှာတော့ စစ်တပ်က အားနည်းနေတယ်။ အားဆုတ်ယုတ်နေတယ်ဆိုတာကတော့ ယတိပြတ်ပြောနိုင်ပါတယ်။ သုံးသပ်သူတွေ အားလုံးကတော့ ဒီအချက်ကိုထောက်ပြတယ်။ မြန်မာစစ်တပ်က တော်တော်လေးပဲ အင်အားဆုတ်ယုတ်နေပြီလို့။ ဒါပေမဲ့လည်း အဲ့ဒီမြေပြင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ တချို့ကလည်း အဲ့ဒီလို ဆုတ်ယုတ်နေတာက မကြာခင် စစ်တပ်ကျရှုံးတော့မယ်။ ပြိုလဲတော့မယ်လို့ သုံးသပ်သူတွေ ရှိတယ်။ ဒါမျှော်လင့်ချက် သိပ်ပြင်းတယ်။ တချို့ကလည်း အဲ့ဒီလို မဖြစ်နိုင်ဘူး လွယ်လွယ်ကူကူနဲ့ ကျရှုံးမှာ မဟုတ်ဘူးပြောကြသူတွေ ရှိတယ်။ တချို့ကတော့ စစ်တပ်က လုံဝပြိုလဲသွားမှာ မဟုတ်ဘူးဆိုပြီးတော့ အမျိုးမျိုးသုံးသပ်ချက်တွေ ရှိနေကြတယ်။ ယတိပြတ် ပြောရခက်ပါတယ် ဒီအခြေအနေကတော့။ ဒါပေမဲ့ တချိန်ထဲမှာ ပိုပြီးအလေးထားတာကတော့ တိုင်းရင်းသားအင်အားစုတွေကကော ဘယ်လောက်ထိ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဆင်နိုင်ကြပြီလဲ။ ဒီအချိန်က သိပ်အရေးကြီးပါတယ်။ အခုဆိုလို့ရှိရင် အဲ့ဒီမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက်ကြောင့် ဝတပ် ဝင်လာတယ်ဆိုပြီးတော့ သတင်းတွေတောင် ကြားနေရပါတယ်။ မြေပြင်တိုက်ပွဲအခြေအနေကတော့ သိပ်ပြီးအကဲဆက်တဲ့ အခြေအနေပေါ့လေ။ တိုက်ပွဲတွေ အပြင်းအထန် တိုက်နေကြဆဲ၊ တဘက်ကလည်း ဝင်ထိန်းဖို့ ကြိုးစားနေဆဲလို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ရှမ်းမြောက် ၁၀၂၇ တိုက်ပွဲတွေ တကျော့ပြန်ပြန်ပြီးတော့ ဖြစ်လာတဲ့အခါမှာ ပိုပြီးတော့ ကျယ်ပြန့်လာနိုင်တဲ့ အနေအထားက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ပိုပြီးတော့ ကျယ်ပြန့်လာပါတယ်။ အခုကျယ်ပြန့်လို့ဘဲ လားရှိုး၊ မိုးကုတ်တို့ထိ ရောက်လာပြီဆိုတော့ တော်တော့်ကိုကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။ စောစောကပြောသလိုပါပဲ TNLA နဲ့ MNDAA နှစ်ခုက လားရှိုးထိ ရောက်လာတယ်ဆိုတော့ အဲ့ဒီဟာကို ထိန်းဖို့ဆိုပြီးတော့ UWSA ကပြောတယ် - သူတို့ဟာ စစ်ကောင်စီနဲ့ညှိပြီးတော့ ယူပြီးထိန်းတယ်ဆိုတဲ့ သဘော။ စစ်ကောင်စီကလည်း UWSA ကို လက်ခံပြီးတော့ ဝင်ထိန်းခိုင်းတဲ့သဘော။ UWSA ဝ ကတော့ အစထဲက ငါတို့က ဘက်မလိုက်ဘူး ဘာညာပြောခဲ့တယ်။ သို့သော်လည်းပဲ တိုင်းရင်းသားတွေရဲ့ မဟာမိတ် ထိုးစစ်ဆင်ခဲ့တာကလည်း သူတို့ဆီကရတဲ့ လက်နက်တွေဆိုတော့က open secret - လူတိုင်းက သိနေကြတာပဲ။ အစကတော့ အဲ့ဒီလိုပြောတယ်။ အဲ့ဒီလို ပြောတာကလည်း စစ်ကောင်စီက ဘာမှမပြောနိုင်ဘဲ။ ဒီကိစ္စမှာလည်း UWSA ကိုပဲ အားကိုးပြီးတော့ ဝင်ထိန်းပါဆိုပြီး ဖြစ်နေရတယ်။ အဓိကကတော့ သူတို့နောက်မှာ တရုတ်ရှိနေလို့ ဖြစ်ပါတယ်။ တရုတ်ကတော့ သူတို့ရဲ့ အကျိုးစီးပွားကို အဓိကထားတယ် ဆိုပေမယ့်လည်း ဒေသခံတွေ တချို့ကပြောတယ် အဲ့ဒီ UWSA ဝင်လာတော့ ကျနော်တို့ဆီမှာ ဗုံးကြဲတာတွေ ဘာတွေ တိုက်တာခိုက်တာတွေ သက်သာသွားမယ်လို့ သူတို့က ယူဆပြီး ကြိုဆိုတဲ့အသံပြောတာလည်း တချို့စကားကိုလည်း ကြားရပါတယ်။ ခက်နေတာကတော့ အဲ့ဒီဒေသထဲကို သတင်းထောက်တွေ သွားရောက်ပြီးတော့ တိတိကျကျ ဟိုဘက်ဒီဘက် သတင်းယူနိုင်တဲ့ အခြေအနေ မရှိပါဘူး။ သူတို့ကတဆင့် အဆင်အသွယ်ရနိုင်တာ၊ ပြောတာကို ယူထားတာ ဖြစ်ပါတယ်။ သို့သော် စောစောက စကားပြန်ကောက်ရရင် တရုတ်က သူတို့ ဝင်ပိုင်ခွင့်ရှိတယ် Justify ဖြစ်သွားတယ်ဆိုတဲ့ သဘောပါပဲ။ ငါတို့အကျိုးစီးပွားအတွက်ပဲ မဟုတ်ဘူး၊ မင်းတို့ဒေသအတွက် နောက်ဒေသခံတွေအတွက်လည်း အနေအထိုင် သက်သာသွားမယ့် သဘောဆိုတဲ့ဟာကို ဖြစ်လာတာ တွေ့ရပါတယ်။ ရှမ်းမြောက်ရဲ့ အခြေအနေပေါ့လေ။

မေး ။ ။ ဒါဆိုရင် ရခိုင်ဘက်မှာကော - ရှမ်းမြောက်ဘက်မှာက ဝ နဲ့နီးလို့ဆိုရင် ရခိုင်က ဝ နဲ့လည်း မနီးပါဘူး။ အဲ့ဒီတော့ တရုတ်ရဲ့ အကျိုးစီးပွားတွေလည်း အများကြီး ရှိပါတယ်။ ဒါဆိုရင် တရုတ်အနေနဲ့ ဘာလုပ်နိုင်ပါသလဲ။

ဖြေ ။ ။ ရှမ်းမြောက်မှာတော့ တရုတ်ဟာ ဝ ကိုသူ့ရဲ့ Proxy အဖြစ်နဲ့ သုံးပြီးတော့ ဝ ကတဆင့် ဝင်တယ်။ ရခိုင်မှာတော့ AA က တရုတ်နဲ့ အဆက်သွယ် ရှိတယ်လို့ ပြောကြတယ်။ သိုပေမဲ့လည်း အဓိက သိနေတာက AA က ထိုးစစ်ဆင်ပြီးတော့ သိမ်းနေတယ်ဆိုတော့ AA က ဝ လို ကြားနေမဟုတ်ဘူး။ စစ်ကောင်စီကို သူက အဓိကထားပြီးတော့ တိုက်နေတဲ့အဖွဲ့ တော်တော်များများ ဖြစ်နေတော့ တရုတ်အတွက် သိပ်အခက်အခဲ ကြုံလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ တရုတ် ဝင်ဆွတ်ရင်လည်းပဲ AA နဲ့ သူနဲ့ ရန်ဘက် မဖြစ်နိုင်တဲ့ အခြေအနေပါ။ သူတို့အကျိုးစီးပွားကလည်း AA ကလည်း သိပ်ပါးနပ်တယ်။ တရုတ်ရဲ့ အကျိုးစီးပွားလည်း မထိခိုက်စေဘူး။ အလားတူစွာပဲ တရုတ်ပြိုင်ဘက် အိန္ဒိယရဲ့ အကျိုးစီးပွားလည်း ငါတို့ မထိခိုက်ပါဘူးဆိုပြီး လုပ်ထားတော့ တရုတ်မှာ ဘေးကျပ်နံကျပ် ဖြစ်တယ်။ တရုတ်ရဲ့ တခုတည်းသော ထွက်ပေါက်ကတော့ AA နဲ့ စစ်ကောင်စီကို ကြားဝင်ညှိနှိုင်းပေးဖို့ပဲ ဖြစ်မယ်ထင်ပါတယ်။ ဘယ်လို အပေးအယူလုပ်ပြီးတော့ ညှိမယ်ဆိုတာကတော့ တော်တော်လေး ခက်ခဲမယ့်ကိစ္စပါ။ AA လည်း တော်တော်နဲ့ အလျော့ပေးမှာတော့ မဟုတ်ဘူး။ တရုတ်ကိုယ်တိုင် ဝင်ပြီးတော့ လုပ်လာတယ်ဆိုရင်တော့ ဒါလူတွေတချို့ ခန့်မှန်းကြသလိုပေါ့။ စစ်အေးတိုက်ပွဲရဲ့ စစ်မြေပြင်မှာ ဟိုဘက်ကလည်း ကြည့်နေမှာ။ အထူးသဖြင့် အိန္ဒိယနဲ့ သူနဲ့သက်ဆိုင်တဲ့ အာရှနိုင်ငံကြီးတွေ အမေရိကန် မပါသည့်တိုင်အောင် အဲ့ဒီလို ဖြစ်လာကြမယ့် အခြေအနေ ရှိတယ်ဆိုတော့ ရခိုင်ဘက်ကအခြေအနေကတော့ တရုတ်အတွက်လည်း တော်တော်လေးအခက်အခဲ ဖြစ်တယ်။ ဆိုတော့ တိုက်ပွဲကတော့ အခုချိန်မှာ AA က အချိန်ယူပြီးတော့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ တဆတ်တည်း မေးချင်တာတခုပါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယာယီသမ္မတတာဝန် လွှဲပြောင်းယူထားတယ်ဆိုတော့ အခြေအနေတွေက ဘယ်လို ဖြစ်လာနိုင်ပါသလဲ။

ဖြေ ။ ။ ကျနော် မြင်တာကတော့ အာဏာသိမ်းကတည်းက ဥပဒေနဲ့မှ မညီတာ။ အခုကြတော့ သူတို့ အာဏာသိမ်းတာ အောင်မြင်သလားလို့ မေးခွန်းအကြီးကြီး ထုတ်ရမယ့်ကိစ္စ ဖြစ်နေတယ်။ An Unsuccessful Coup ဆိုပြီး လူတွေက ပြောကြတယ်။ သို့ပေမဲ့ အခြေအနေကတော့ ဆိုးဆိုးရွားရွားနဲ့ ဆက်ပြီးတော့ (၃) နှစ်တောင် ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ နောက်တခုက လူထုက လက်ခံသလား။ သမ္မတကြီးအဖြစ် ခံယူလိုက်တာ သိပ်ကောင်းတာပဲဆိုပြီးတော့ ပြောတာလည်းပဲ ဘယ်သူမှ မတွေ့ဘူး။ နောက် နိုင်ငံတကာဆက်ဆံရေးမှာကြည့် တရုတ်သည်ပင်လျှင် ကြိုဆိုကြောင်း မပြောဘူး။ သူ့ကို ဘာခေါ်ရမလဲ ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး၊ ဝန်ကြီးချုပ်လည်း သူက လုပ်ထားတယ်။ နောက်ပြီး သမ္မတဆိုလည်း လုပ်လိုက်ပြန်ပြီ ယာယီသမ္မတ။ အိန္ဒိယ သတင်းစာတစောင်ထဲမှာတော့ ရေးထားတယ်။ ဝန်ကြီးချုပ်လို့ ရေးတယ်။ သူ့ကို အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေးကို နိုင်ငံတော်ဝန်ကြီးချုပ် မင်းအောင်လှိုင်က ၂၀၂၅ မှာ ရွေးကောက်ပွဲ အမှန်ကျင်းပမယ်ဆိုပြီး ကတိပေးပါတယ် ဆိုပြီးတော့ အိန္ဒိယနိုင်ငံရဲ့ သတင်းစာတစောင်မှာ ရေးထားတာ တွေ့တယ်။ သူက ဝန်ကြီးချုပ်လို့ သုံးတယ်။ ဆိုတော့ ကျနော် ဘာသွားသတိရလဲဆိုတော့ ဗိုလ်ချုပ်ကြီး ချာဗာလစ် ယောင်ချာယုဒ် ထိုင်းက - ၈၈ ပြီးတော့ ဗိုလ်ချုပ်စောမောင် အာဏာသိမ်းတော့ သူက ဗမာပြည်ကို လာတယ်။ လာတော့ ဗိုလ်ချုပ်စောမောင်ကို သူက ဗိုလ်ချုပ်ကြီး ခေါ်ရမလား၊ သမ္မတ ခေါ်ရမလား၊ ဝန်ကြီးချုပ် ခေါ်ရမလား ကျနော် ဘာခေါ်ရမှန်း မသိဘူး။ အဘိုးကြီးပဲ ခေါ်တော့မယ်ဗျာဆိုပြီး အဘိုးကြီးလို့ ပြောသွားတယ်။ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း သမ္မတ တက်လုပ်တော့ နိုင်ငံခြားက လူတွေက Protocol အရ Address လုပ်ရတာရှိတယ် - ဘယ်လို ခေါ်ရမလဲဆိုတာတော့ သူတို့လည်းပဲ တော်တော်ခေါင်းရှုပ်မယ့်ကိစ္စ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့လည်းပဲ အဓိက ပြောချင်တာကတော့ သူ အဲ့ဒီလို သမ္မတ တက်လုပ်ခြင်းသည် ပြည်သူတွေက ကြိုဆိုတာကိုလည်း မတွေ့ရဘူး။ ဥပဒေနဲ့ မညီလို့ ပြောခံရတာ ရှိတယ်။နိုင်ငံတကာကလည်း ကြိုဆိုတယ်ဆိုတာကို မကြားရဘူးဆိုတာပဲ သတင်းသမားတယောက်အနေနဲ့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲ့ဒီတော့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အလားအလာ အခြေအနေရော ရှိပါသလား။

ဖြေ ။ ။ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အလားအလာကို နိုင်ငံတကာစံနဲ့ တိုင်းတာရင် လုံးဝမရှိပါဘူး။ နယ်မြေလည်းပဲ သူတို့ ထိန်းချုပ်ထားနိုင်တာက တဖြေးဖြေး ကျုံ့ကျုံ့လာပြီး၊ နယ်မြေ ဘယ်လောက်မှ သူတို့မှာ လုံခြုံရေး မရှိဘူး။ ဒါက အဓိကတချက်။ နောက်တခုက ရွေးကောက်ပွဲမှာ ပါဝင်လာပြီး လူထုကို ဘယ်လောက် ကိုယ်စားပြုတဲ့ အမှန်အကန် ကိုယ်စားပြုတဲ့ပါတီတွေကို မှတ်ပုံ မတင်တာတို့ ဘာတို့ ရှိနေတော့ သူတို့ကို ထောက်ခံတဲ့ လူတစု ပါတီတစုလောက်ပဲ ဝင်ပြီးတော့ ယှဥ်ပြိုင်ကြမယ့်သဘော ရှိပါတယ်။ အဲ့ဒီတော့က ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အလားအလာပေါ့လေ။ အဲ့ဒီရွေးကောက်ပွဲ ကျင်းပရင်လည်း သိပ် Credibility ယုံကြည်စိတ်ချရတဲ့ ခိုင်လှုံတဲ့ ရွေးကောက်ပွဲလည်း မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ Free and Fair လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုံးဝမဖြစ်နိုင်ဘူးဆိုပြီး နိုင်ငံတကာ သုံးသပ်သူတွေက ပြောတယ်။ ပြည်တွင်းကလူတွေက ပိုသိတာပေါ့လေ။ ရွေးကောက်ပွဲ မြန်မာပြည်မှာ စစ်တပ် တက်လာသမျှ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုဆိုတာ လူတွေက အများဆုံးသိတာပါပဲ။ အဲ့ဒီတော့ ရွေးကောက်ပွဲ ကျင်းပနိုင်အုံးတော့ ကျင်းပတယ် ဆိုတာကလည်း သူတို့ရဲ့ တခုတည်းသော ထွက်ပေါက်က ရွေးကောက်ပွဲ ကျင်းပဖို့ပဲ ဖြစ်နေတာကို။ ဒီအချိန်မှာ သူတို့က စစ်ရေးနဲ့ အနိုင်ယူဖို့ တိုက်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ သူတို့ ရွေးကောက်ပွဲ လုပ်ပြီးတော့ အာဏာလွှဲပါတယ်ဆိုပြီး ပုံစံမျိုးလုပ်မယ်လို့ ယူဆပါတယ်။ အဲ့ဒီလို ရွေးကောက်ပွဲ လုပ်ပြီးတော့ အာဏာလွှဲလာရင်လည်း ဘယ်သူ့ကို လွှဲမလဲ ပြန်ပြီးစဥ်းစာရမယ်ဆိုရင်တော့ ဗိုလ်ချုပ်နေဝင်းလည်းပဲ ရွေးကောက်ပွဲ လုပ်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနေဝင်းကို အာဏာလွှဲလိုက်တယ်။ ဆိုတော့ အခုရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်းပဲ သူပဲ သမ္မတ ပြန်ဖြစ်နိုင်ချေ ကျနော် မြင်မိတာပါ။ ဘာကြောင့်ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ လုပ်တာ ဖြစ်ဖို့လူက ရွေးကောက်ပွဲ ကျင်းပပြီးတော့ လွှတ်တော် ၂ ရပ်က ဒုတိယသမ္မတ တယောက်စီ ရွေးကောက်တင်မြှောက်တယ်။ စစ်တပ် ကိုယ်စားလှယ်တွေက ဒုတိယသမ္မ တယောက် ရွေးကောက်တင်မြှောက်တယ်။ အဲ့ဒီ ၃ ယောက်ထဲမှာမှ ညှိပြီးတော့ အဖွဲ့ကတခါ ဘယ်သူ ဖြစ်သင့်တယ်ဆိုပြီး လုပ်တယ်။ ဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သူကိုယ်တိုင် ဝင်ရွေးမခံရလည်း စစ်တပ်ကိုယ်စားလှယ်များက တင်မြှောက်သော ဒုတိယသမ္မတ ဖြစ်လာနိုင်တယ်။ အဲ့ဒီတော့ အဖွဲ့မှာ ရွေးတဲ့အခါ သူတို့ လူတွေအင်အားကောင်းနေတော့ သူပဲ သမ္မတ ပြန်ဖြစ်နိုင်တယ်။ သူဆင်တဲ့ဖဲကို သူပြန်ချိုးပြီးတော့ သူကိုယ်တိုင်ပဲ သမ္မတ ဖြစ်အောင်လုပ်တယ်လို့ လူတွေက စွပ်စွဲပြီး ပြောဆိုနေကြတယ်။ ဒါတွေ ဖြစ်လာလိမ့်မယ်လို့လည်း ထင်ပါတယ်။

ဒီရွေးကောက်ပွဲက တကယ့်ပြည်သူလူထုဆန္ဒအတိုင်း ဖြစ်လာမယ့် ရွေးကောက်ပွဲ မဟုတ်ဘူး။ ဒီနေ့ တနင်္လာနေ့နော် ဒီနေ့မနက်မှာပဲ Venezuela နိုင်ငံမှာ Nicolás Maduro က သူကိုယ်သူ သမ္မတဆိုပြီး သူက ရွေးကောက်ပွဲ နိုင်တယ်ဆိုပြီး ကြေညာလိုက်ပြီဆိုတော့၊ အမေရိကန်ကလည်း ဘာမှ မလုပ်နိုင်ဘူး။ ပထမတကြိမ်လည်း ဒီလို တက်လာတော့ တရားမမျှတဘူး။ နိုင်တဲ့သူက အာဏာမ‌ပေးဘဲ လုပ်တယ်ဆိုပြီးတော့ အမေရိကန်က အပြင်းအထန် အရေးယူခဲ့တယ်။ အခုနောက်ပိုင်း ဆက်ပြီးဘာမှမလုပ်နိုင်ဘူး။ ဆိုတော့ မြန်မာနိုင်ငံမှာလည်း ရွေးကောက်ပွဲလုပ်ပြီး သမ္မတမင်းအောင်လှိုင် ဖြစ်လာရင်လည်း အမေရိကန်ကတော့ ထားလိုက်ပါတော့ သူ့ရဲ့ Backyard ဖြစ်တဲ့ တောင်အမေရိက၊ လက်တင်အမေရိကမှာတောင် ဘာမှမလုပ်နိုင်တာ။ မြန်မာပြည်ကိုတော့ ကန့်ကွက်ရုံကတပါး ဘာမှမလုပ်နိုင်ဘူး။ တရုတ်က အသိအမှတ်ပြုမယ်။ ဘာပဲပြောပြော သူဟာသူ့အတွက် မြန်မာပြည်မှာ တည်ငြိမ်မှု့ ရှိရင်ရှိပါစေဆိုပြီးလုပ်မယ်။ အာဆီယံကလည်း အသိအမှတ်ပြုမယ်။ အာဆီယံမှာ Individual State တနိုင်ငံချင်းကတော့ သဘောမတူတဲ့ နိုင်ငံတွေ အများကြီးရှိတယ်။ သို့ပေမဲ့ အာဆီယံမှာ Joint Communique နောက်ဆုံးဘုံသဘော တူညီချက် ကို အားလုံး Consensus စုပေါင်းအားလုံး.နဲ့ ထုတ်ရတာ ဖြစ်တယ်။ ကျနော် အာဆီယံသတင်းကို ကိုယ်တိုင်နှစ်ပေါင်းများစွာ သတင်းယူခဲ့ဖူးတယ်။ အဲ့ဒီမှာ အားလုံးသဘောတူမှ လုပ်ရတာ၊ ငါတယောက်တည်း ကန့်ကွက်တာ၊ တနိုင်ငံထဲ သဘောတူညီချက်မှာ လုပ်တယ်။ အာဆီယံအားလုံးကျတော့ လက်ခံတယ်ဆိုတာ ဖြစ်လာမှာ။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ပြီးတော့ ဖြစ်လာရင်လည်း ဒီအတိုင်းပဲ ဖြစ်မယ်လို့ ဒါတော်တော်လေး ခိုင်ခိုင်လုံလုံ ပြောရမယ်ထင်ပါတယ်။

မေး ။ ။ ဒါဆို ရွေးကောက်ပွဲ ကျင်းပပြီးရင်ရော တည်ငြိမ်အေးချမ်းမှု့က ရှိနိုင်ပါ့မလား။

ဖြေ ။ ။ အခုနလိုပဲ ရွေးကောက်ပွဲ ကျင်းပပြီးရင်လည်းပဲ စစ်တပ်က ကြီးစိုးသော ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရ ဖြစ်လာမယ်။ သူတို့ အတင်းလုပ်ရင်လည်း လုပ်မယ်။ တရုတ်တို့ အာဆီယံတို့က ခေါင်းငြိမ့်ပေးရင် သူတို့ကလည်း မြန်မာပြည်မှာ တခုခုဖြစ်နေတဲ့ အစိုးရဖြစ်ရင်ပြီးရော ဆက်ဆံလို့ရရင် ဆက်ဆံမယ်။ သူတို့က စစ်တပ်က ဦးဆောင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတဦးမင်းအောင်လှိုင် ဖြစ်ကောင်းဖြစ်လာနိုင်မယ်။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ တော်လှန်ရေးအင်အားစုရဲ့ တိုက်ပွဲတွေက ဆက်ဖြစ်နေမှာပဲဆိုတော့ အစိုးရနာမည် ပြောင်းတယ်။ ယူနီဖောင်းပြောင်းတယ်။ ဝတ်စုံပြောင်းတယ်ဆိုတာကလွဲလို့ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ အခြေအနေ တိုင်းရင်းသားအင်အားစုတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကတော့ ဆက်လတ်ဖြစ်နေအုန်းမယ်လို့ ယူဆရပါတယ်။ အဲ့ဒီလို ပြောလိုပြီး မြောက်ဖို့ဆိုတာကတော့ စစ်ကောင်စီ လုံးဝပြုတ်ကျသွားပြီးတော့ စစ်တပ်ဦးဆောင်တဲ့ အစိုးရ စစ်တပ်က နိုင်ငံရေးထဲက ထွက်သွားသည့်တိုင်အောင် တိုင်းရင်းသားတွေ အချင်းချင်းက တော်တော်လေး ညှိနှိုင်းယူရမယ့်ကိစ္စ ဖြစ်ပါတယ် မသဇင်။

မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ ဦးကျော်ဇံသာရှင်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG