အမေရိကန်သမ္မတ Donald Trump နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ တွေ့ဆုံမှု ကတောက်ကဆ ဖြစ်သွားတဲကိစ္စဟာ ယူကရိန်းစစ် ပြေငြိမ်းရေး အလားအလာကို ဘယ်လောက် ထိခိုက်နိုင်ပါသလဲ။ ဗြိတိန်ဝန်ကြီးချုပ် Kier Starmer နဲ့အတူ ဥရောပခေါင်းဆောင်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကကော ဘယ်လို အလားအလာရှိပါလဲ။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းမှာ နိုင်ငံတကာ ဝါရင့်သုံးသပ်သူတွေရဲ့ ပြောဆိုရေးသားချက်တွေကို အခြေပြုပြီး မမြသဇင်အောင် နဲ့ ဦးကျော်ဇံသာတို့ မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင့်။ ပြီးခဲ့တဲ့အပတ်တုန်းက သမ္မတ Donald Trump နဲ့ ယူကရိန်း သမ္မတ Zelenskyy တို့ရဲ့ ဆွေးနွေးပွဲ ပျက်သွားတာဟာ ယူကရိန်း ငြိမ်းချမ်းရေးအလားအလာကို မှေးမှိန်းသွားစေတယ်ဆိုပြီးတော့ တချို့က ပြောကြပါတယ်။ ဒီအပေါ်မှာ ဘယ်လိုတွေများ သုံးသပ်ကြပါသလဲ။
ဦးကျော်ဇံသာ ။ ။ မှေးမှိန်းသွားစေတယ်ဆိုတဲ့အထိကတော့ နည်းနည်းတော့များပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး အလားအလာ လုံးဝပိတ်သွားပြီလို့တော့ ဘယ်သူမှ မပြောကြပါဘူး။ တကယ်တမ်း အဲဒီလို သုံးသပ်ကြတာ မျှတတယ်လို့ ပြောရမှာပါ။ ငြိမ်းချမ်းရေးလမ်းကြောင်းကတော့ ရှိနေပါသေးတယ်။ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေး လိုချင်ကြတယ်။ စစ်ဖြစ်တာကို ဘယ်သူမှ မကြိုက်ဘူး။ အမေရိကန်ကလည်း ငြိမ်းချမ်းရေး လိုချင်လို့ ဒီဟာကို စေ့စပ်ဖို့လုပ်တယ်။ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ သမ္မတထရမ့်က ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဒီကိစ္စကို အမြဲတမ်းပြောခဲ့ပါတယ်။ ဒီစစ်ပွဲကို အမြန်ဆုံးရပ်စဲဖို့ လုပ်မယ်ဆိုတာ သူက ငြိမ်းချမ်းရေး လိုချင်လို့ပါပဲ။ ယူကရိန်းဘက်က ပိုတောင်လိုချင်ပါသေးတယ်။ တိုင်းပြည်က စုတ်ပျက်သတ်နေပြီဆိုတော့ Zelenskyy က ပိုလိုတောင်လိုချင်ပါတယ်။ အဓိက ဘာဖြစ်လဲဆိုတော့ အပေးအယူ ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာကို တွေ့ရပါတယ်။ ငြိမ်းချမ်းရေး အလားအလာကတော့ လုံးဝပျက်ပြယ်သွားပြီလို့ ဘယ်သူမှ မပြောကြပါဘူး။ အဲဒါကတော့ ကောင်းတဲ့သဘောပါပဲ။
မေး ။ ။ ဒီဆွေးနွေးပွဲ ပျက်သွားတဲ့အပေါ်မှာလည်း အများကြီးပြောကြတာ၊ ရေးကြတာတွေလည်း တွေ့ပါတယ်။
ဖြေ ။ ။ ဆွေးနွေးပွဲ ပျက်သွားတာကတော့ တကယ်တော့ တချို့ဝါရင့်အတွေ့အကြုံရှိတဲ့ နိုင်ငံတကာအရေး သုံးသပ်တဲ့ အယ်ဒီတာကြီးတယောက် ရေးထားတာကို တွေ့ပါတယ် -- သူတို့နှစ်ယောက်ကြား ဆက်ဆံရေးဟာ ဒီဆွေးနွေးပွဲမတိုင်ခင်ကတည်းက အတော့ကိုဆိုးနေခဲ့တယ် - Bad enough - သူ ထောက်ပြတာကတော့ သမ္မတထရမ့်က ဇန်လန်ဇကီဟာ အာဏာရှင် ဖြစ်တယ်။ ရွေးကောက်ပွဲကို မလုပ်ခဲ့ဘဲ နေခဲ့တယ်ဆိုတဲ့ အဲဒီသဘောမျိုးကိုပြောတယ်။ ဇန်လန်ဇကီကလည်း အဲဒါကို ခံပြင်းပြီး သမ္မတထရမ့်က သူ့ကို တဘက်သတ် အလျှော့ပေးဖို့ အတင်းဖိအားပေးနေတယ်ဆိုတဲ့အမြင် ရှိတယ်။ အဲဒါကြောင့် သူတို့နှစ်ယောက် ဆက်ဆံရေးဟာ အစကတည်းက မပြေမလည် ဖြစ်နေပြီလို့ ပြောပါတယ်။ ဆိုတော့ ဒီငြိမ်းချမ်းရေးမှာ အဓိကပျက်သွားတာကတော့ ဒီလိုပဲ စကား ကတောက်ကစ ဖြစ်တာကတော့ ရှိပါတယ်။ ဒီဟာကိုလည်း နောက်ပိုင်းမှာ ဇန်လန်ဇကီက နောက်တော့ပြောပါတယ် -- အမေရိကန်က သူတို့ကို ၃ နှစ်လုံးလုံး ကူညီလာတဲ့အတွက် အမေရိကန် ပြည်သူတွေနဲ့ အမေရိကန်ကို ကျေးဇူးတင်တဲ့အကြောင်း ထပ်ခါတလဲလဲ ပြောတာကို တွေ့ရပါတယ်။ သူ လန်ဒန်က ထွက်မလာခင်လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း အဲဒါကို ပြောပါတယ်။ နောက်တော့ သူက အဓိက ဘာပြောသလဲဆိုတော့ ဒီဆွေးနွေးပွဲ လုပ်ခဲ့တဲ့ဟာက စီးပွားရေး သဘောတူညီချက် ယူကရိန်းဆီက သယံဇာတကို အမေရိကန်က ယူမယ်ဆိုတဲ့ ကိစ္စ။ ဒီ ကိစ္စကိုလည်း သူက ဆွေးနွေးပွဲပျက်လို့ ပြန်ခါနီး လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲမှာပြောတယ်။ သမ္မတထရမ့်ကလည်း ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် ပြန်လာခဲ့၊ ပြန်တွေ့မယ်ဆိုပြီးတော့ ပြောတယ်။ Macro Rubio ကလည်း အဲဒီကိစ္စကို ပြန်ပြီးတော့ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်ရင် သူတို့က အဆင်သင့်ပဲဆိုတာကို ပြောတယ်ဆိုတော့ လောလောဆယ် ဒီဟာ နောက်ဆုတ်သွားတယ်ဆိုပေမဲ့ သိပ်ပြီးတော့ အလားအလာဟာ ပျက်မသွားဘူးလို့ပဲ ပြောကြတာ တွေ့ရပါတယ်။
မေး ။ ။ အဲဒီတော့ သမ္မတဇန်လန်ဇကီက အမေရိကမှာ သမ္မတထရမ့်တို့နဲ့ ဒီလိုမျိုး ဆွေးနွေးပွဲ အဆင်မပြေ ဖြစ်သွားခဲ့ပြီးနောက် လန်ဒန်ကို သွားပါတယ်။ အဲဒီဘက်မှာတော့ ယူကေအပါအဝင် ဉရောပတိုင်းနိုင်ငံတွေက သူ့ကို ထောက်ခံတာ၊ သူ့ဘက်က ရပ်တည်တာကို တွေ့ရပါတယ်။
ဖြေ ။ ။ ဟုတ်ပါတယ်။ အဲဒီရောက်သွားပြီးတော့ သူက ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ဉရောပခေါင်းဆောင်တွေ ဖိတ်ပြီးတော့ ဆွေးနွေးပွဲ လုပ်ပါတယ်။ အဲဒီမှာ ပြင်သစ်သမ္မတ Macron လည်းပဲ တက်တက်ကြွကြွနဲ့ ဆွေးနွေးတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အမြဲတမ်းထောက်ခံရမှာပဲ။ ယူကရိန်းအရေးဟာ ဉရောပအတွက် အရေးကြီးပါတယ်။ ယူကရိန်းရဲ့ လုံခြုံရေး ကျိုးပေါက်ရင် သူတို့ရဲ့ လုံခြုံရေးကိုလည်း ထိခိုက်လာမယ်ဆိုတာ အဓိက သူတို့ စိုးရိမ်ပါတယ်။ ဇန်လန်ဇကီကလည်း အစကတည်းကပြောတယ် -- ခင်များတို့ ဉရောပနိုင်ငံတွေ - အဓိကဉရောပနိုင်ငံတွေက ကျုပ်တို့နိုင်ငံတွေကို အလှူဒါနပြုနေတယ်လို့ မထင်နဲ့။ Not charity. ခင်များတို့ရဲ့ လုံခြုံရေးကို ရှေ့တန်းကနေ ကာကွယ်နေတာ ဖြစ်တယ်ဆိုတာကို သတိရပါဆိုပြီးတော့ ပြောတယ်။ အဲဒါလည်း တကယ်တမ်းတော့ မှန်ပါတယ်။ ယူကရိန်းက ရှေ့တန်းကနေ ကာကွယ်နေတဲ့သဘောဆိုတော့ ဉရောပဟာ ဘာပဲဖြစ်ဖြစ် ယူကရိန်းကို ဆက်လက်ကာကွယ်နိုင်အောင်၊ ခွန်အားပြည့်နေအောင် သူတို့က ကာကွယ်ဖို့ဆို အဓိက ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့က ထောက်ခံနေတာ ဖြစ်ပါတယ်။
မေး ။ ။ နောက် ဗြိတိန်ဝန်ကြီးချုပ်ရဲ့စာမှာ သူက ကြားဝင်စေ့စပ်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အစီအစဉ်တွေက ဘာတွေပါလဲ။
ဖြေ ။ ။ Mr. Keir Starmer က ကြားဝင်စေ့စပ်မှု လုပ်နေတာ ဖြစ်ပါတယ်။ သိပ်အရေးကြီးတယ်။ Cross road of the history မှာ သူတို့ ရောက်နေပြီ။ ဒီအတွက် ငါတို့က အဓိကလုပ်ရမယ်။ ဉရောပအနေနဲ့ အပြင်းအထန် ကြိုးပမ်းရမယ်။ အမေရိကန်ရဲ့ အကူအညီလည်း လိုတယ်ဆိုပြီးတော့ သူက ပြောပါတယ်။ အဲဒါနဲ့ သူက လန်ဒန်မှာ ဆွေးနွေးပွဲလုပ်တော့ သူက အချက် ၄ ချက် သဘောတူညီမှုရခဲ့ပါတယ်ဆိုပြီး သူက ပြောပါတယ်။ အဲဒီအချက် ၄ ချက်မှာ ဘာတွေပါလဲဆိုတော့ ဆက်လက်ပြီးတော့ စစ်ဖြစ်နေမယ်၊ တိုက်ပွဲဖြစ်နေမယ်ဆိုရင်တော့ စစ်ရေးအားဖြင့် ယူကရိန်းကို ဆက်ကူညီရမယ်။ တချိန်တည်းမှာပဲ ရုရှားကို စီးပွားရေးအားဖြင့် ဖိအားပေး ဒဏ်ခတ်ပိတ်စို့မှုတွေ လုပ်နေရမယ်ဆိုပြီးတော့ ပြောပါတယ်။ နံပါတ်နှစ်ကတော့ ယူကရိန်းရဲ့ အချုပ်အခြာအာဏာ တည်မြဲရေးကို အာမခံရမယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီမှု လုပ်သမျှမှာ ယူကရိန်း ပါရမယ်ဆိုတာကို ပြောပါတယ်။ နောက်နံပါတ် ၃ အနေနဲ့ ပြောတာကတော့ နောက်အနာဂတ်မှာ ယူကရိန်းကို ကျူးကျော်မခံရအောင် ဉရောပက အာမခံချက် ပေးရမယ်။ ဒါက အဓိကကျတယ်လို့ သူက ပြောပါတယ်။ နောက်တခုကတော့ Coalition of the Willing စိတ်ဆန္ဒ သဘောတူညီတဲ့ နိုင်ငံတွေက အဖွဲ့တခု ဖွဲ့ရမယ်။ အဲဒီအဖွဲ့က ယူကရိန်းရဲ့ အနာဂတ်အတွက် အာမခံချက်ပေးဖို့အတွက် လုံခြုံရေးအာမခံချက်ပေးဖို့ လုပ်ရမယ်လို့ ပြောပါတယ်။ ဒါက သဘောတူညီမှု ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ ဒီထက်ပိုပြီးတော့ ဒါကို ဘယ်လိုအကောင်အထည်ဖော်မလဲ အဲဒီ Coalition of the Willing ဆိုတာ ဘယ်သူတွေ ပါတယ်ဆိုတာကိုတော့ အသေးစိတ်ပေါ်ထွက်မလာသေးပါဘူး။ ဒါပေမဲ့ ဒီလောက် သဘောတူညီမှု ရတယ်ဆိုတာလည်း တော်တော်လေး အောင်မြင်တဲ့အဆင့်လို့ ပြောရမှာပါ။ သို့သော်လည်းပဲ ဒီဟာတွေကို အကောင်အထည် ဖော်ဖို့ အခက်အခဲတော့ အများကြီးတွေ့ရမှာပါ။ နောက် ပြင်သစ် သမ္မတ Macron ကလည်း လေကြောင်းတိုက်ခိုက်မှုနဲ့ ရေကြောင်း တိုက်ခိုက်မှုတွေကို တစ်လလောက် ရပ်ဆိုင်းစေချင်တယ်။ တစိတ်တဒေသအားဖြင့် Ceasefire လုပ်စေချင်တယ်။ အဲဒီလို လုပ်တဲ့အချိန်မှာ တဖြည်းဖြည်းညှိနှိုင်းမယ်။ ညှိနှိုင်းပြီးတော့ ဆက်သွားမယ်ဆိုတာကို သူက အဲဒီလို အကြံပြုတဲ့သဘော လွှင့်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒါကို အတည်မပြုရသေးဘူး ဘာညာဆိုပြီး ပြောပါတယ်။ ပွဲကတော့ ဆက်ပြီးတော့ ပြင်းပြင်းထန်ထန် ညှိရမှာပေါ့။ လွယ်လွယ်ကူကူနဲ့ ဖြစ်လာမယ့် သဘောတူညီမှုကိုတော့ မပြောနိုင်ပါဘူး။
မေး ။ ။ ဒီအချိန်မှာ အခုနပြောတဲ့ အစီအစဉ်တွေ မအောင်မြင်ခဲ့ရင်ဆိုတာလည်း ထည့်ပြီးတော့ စဉ်းစားရမည့်အချက်တခုလို့တော့ ထင်ပါတယ်။
ဖြေ ။ ။ စဉ်းစားကြပါတယ်။ အစကတည်းက အောင်မြင်ဖို့ ခက်ခဲမယ်။ တကယ်လို့ မအောင်မြင်ခဲ့ရင်တော့ တချို့ရေးကြတာကတော့ ဉရောပဟာ ဒါကြောင့် ပြင်ဆင်ထားတာ ဉရောပက ဆက်တိုက်မယ်။ မအောင်မြင်ရင် ဒီဟာကို ယူကရိန်းကို ပံ့ပိုးပေးပြီးတော့ ဆက်လက်ပြီးတိုက်ဖို့ အဆိုးဆုံးက အဆိုးဆုံး ဖြစ်လာခဲ့ရင်ပေါ့။ အခုလောလောဆယ်မှာကို ဗြိတိန်က အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၂ ဘီလီယံကျော်ရှိတဲ့ လက်နက်တွေ - မစ်ဇိုင်းတွေ ရောက်မယ်ဆိုပြီးတော့ ပြောထားတာ တွေ့ရပါတယ်။ အဲဒီလို အခြားနိုင်ငံတွေလည်း အလားတူ ကူညီရမယ်ဆိုပြီးတော့ ပြောကြပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲကိုဖြစ်အောင် လုပ်နိုင်ဖို့ ဦးစားပေးလုပ်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို မအောင်မြင်ခဲ့ဘူးဆိုရင် ဒီစစ်ပွဲသည် ရုရှားနဲ့ ဉရောပကြားမှာ တိုက်ရိုက်ဖြစ်တဲ့ စစ်ပွဲ ဖြစ်သွားမယ်။ အမေရိကန် - ဉရောပ ဆက်ဆံရေးကလည်း တော်တော့ကို စိမ်းစိမ်းကားကား ဖြစ်သွားမယ်။ အမေရိကန်မပါလို့ စစ်ပွဲ မအောင်မြင်ဘူးဆိုရင် ဉရောပက ဆက်တိုက်ရမယ်ဆိုတော့ အမေရိကန်က ၁၉၄၈ ကတည်းက Harry Truman လက်ထက်မှာ NATO အဖွဲ့ဖွဲ့ပြီးတော့ တနိုင်ငံကို ကျူးကျော်ရင် ငါ့ကို ကျူးကျော်တယ်ဆိုတဲ့သဘောမျိုးနဲ့ တိုက်မယ်ဆိုတာကို အမေရိကန်က ဒီသဘောထားကို မယူချင်တော့ဘူးဆိုတဲ့သဘောမျိုး ဉရောပက ခင်များတို့တာဝန် ခင်များတို့ ဆက်လုပ်ဆိုတဲ့သဘောမျိုး လွှဲပေးသလိုမျိုး ဖြစ်သွားမယ်။ အစကတည်းက Donald Trump က ပြောဖူးပါတယ်။ NATO အဖွဲ့ဝင်တွေဟာ ဉရောပ လုံခြုံရေးအတွက် အဓိကတာဝန် ရှိတယ်။ အဲဒီအတွက် ခင်များတို့က ပိုက်ဆံ ပိုထည့်ရမယ်ဆိုပြီးတော့ သူတို့နိုင်ငံရဲ့ ဝင်ငွေမှာ Percentage ပိုပြီးတော့ ထည့်ပေးဖို့ NATO ရဲ့ ရန်ပုံငွေအဖွဲ့ထဲမှာ ထည့်ပေးဖို့ သူက ပြောထားတာ ဖြစ်ပါတယ်။ အဲဒီသဘော ပိုပြီးပေါ်လွင်လာတာ ဖြစ်ပါတယ်။ ဉရောပရဲ့ လုံခြုံရေးကို အမေရိကန်က သိပ်ပြီးတော့ တာဝန်ယူပါအုံးမလားဆိုတာကတော့ ပြောစရာ ဖြစ်လာတယ်။ အဲဒါကြောင့် ဉရောပနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာလည်း စိမ်းကားသွားပြီးတော့ ဉရောပရဲ့ လုံခြံရေးအတွက်ကတော့ ရုရှားနဲ့ ကျန်တဲ့ အနောက်ဉရောပနဲ့ ထိပ်တိုက်တွေ့မယ့်သဘောလို့ သုံးသပ်ကြပါတယ်။
မေး ။ ။ အဲဒီတော့ ရုရှားက ဒီစစ်ပွဲမှာ ဘာကိုလိုချင်တာလဲ။
ဖြေ ။ ။ ရုရှားက ဒီစစ်ပွဲ စတိုက်တုန်းက သူတို့ရဲ့ နယ်စပ်မှာ သူတို့ ရုရှားအနွယ်ဝင်တွေနေတဲ့ ဒေသ - အဲဒီဒေသမှာရှိတဲ့ လူတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေတယ်။ လုပ်တဲ့နေရာမှာ သူတို့ကို ယူကရိန်းက လူမျိုးတုန်းသတ်ဖြတ်နေတယ်။ နှိပ်စက်ညဉ်းပန်တယ်ဆိုပြီးတော့ အဓိကအကြောင်းပြပြီးတော့ သူတို့ကို ကာကွယ်ရမယ်။ ဒီဒေသတွေကို လွတ်မြောက်အောင် လုပ်ရမယ်ဆိုတဲ့သဘောနဲ့ သူက လုပ်ခဲ့ပါတယ်။ နောက်ပြီးတော့ သူ လိုချင်တာတခုကတော့ ခရိုင်မီးယားကို သိမ်းထားတာ ဖြစ်တယ်။ အဲဒါကို အတည်ပြုစေချင်တယ်။ အဓိက အရေးကြီးတာက ယူကရိန်းဟာ NATO အဖွဲ့ဝင် ဖြစ်မသွားဘို့၊ နေတိုး အနောက်အုပ်စုနဲ့ သိပ်နီးကပ်သွားပြီ။ ဟိုတုန်းက အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တဲ့ ယူကရိန်းလို နယ်စပ်တလျှောက်က ဆိုဗီယက် သမ္မတနိုင်ငံတွေဟာ တချို့နိုင်ငံတွေဟာ ဆိုဗီယက် သမ္မတနိုင်ငံတွေဟာ တချို့နိုင်ငံတွေက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးတော့ ရုရှားနဲ့ ဆက်သွယ်ရေးမပြတ် ဆက်လက်ပြီးတော့ ဆက်ဆံနေကြတယ် - ကောင်းကောင်းမွန်မွန်။ ယူကရိန်းကြတော့ နိုင်ငံအကြီးဆုံးလည်း ဖြစ်တယ်။ သိပ်လည်း အချက်အခြာကျတယ်။ ရုရှားက ပူတင်က သိပ်စိုးရိမ်ပါတယ်။ သူတို့ဟာ စစ်ရေးပေးလို့ ဆိုဗီယက်ပြည်ထောင်စုကို ဖျက်သိမ်းလိုက်ရတယ်။ ဆိုဗီယက်မှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင် သမ္မတနိင်ငံကို စွန့်လွှတ်လိုက်ရတယ်ဆိုကတည်းက သူတို့က မကျေနပ်ဘူး။ ဟိုတုန်းက ငါတို့ ရုရှားနိုင်ငံဟာ ဘယ်လောက်ကြီးကျယ်ခဲ့တယ်။ အမျိုးသားရေးစိတ်ဓါတ်၊ သမိုင်းကြောင်းလှန်ပြီးတော့ ဒီဟာတွေကို ပြန်ပြီးတော့ ကြီးစိုးချင်တယ်။ စိတ်ဆန္ဒလည်း သူ့မှာ ရှိတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ အဲဒါကြောင့် ယူကရိန်းကို အဓိကထားပြီးတော့ လုပ်နေတယ်လို့ သူက ရည်ရွယ်ပါတယ်။ အခု ဆွေးနွေးပွဲ လုပ်လာတဲ့အခါမှာလည်း သူဟာ ဘယ်အတိုင်းအတာအထိ နယ်မြေကို တောင်းသလဲ။ အဲဒီဟာကို လန်ဒန်က မထွက်ခွါခင်မှာ သမ္မတဇန်လန်ဇကီကို သတင်းထောက်တွေက မေးတော့ - အဲဒီ ကိစ္စကို သူမပြောခဲ့ဘူး၊ ရှောင်လွှဲပြီးတော့ ပြောပါတယ်။ ဒီနယ်မြေအပိုင်းအခြာ သတ်မှတ်တဲ့ ကိစ္စဟာလည်း သိပ်အရေးကြီးတဲ့ ကိစ္စတခု ဖြစ်လာမယ်လို့ ပြောကြပါတယ်။ ယူကရိန်းရဲ့ အနာဂတ် လုံခြုံရေးအပြင် ရုရှားက ဒီဟာကို မကျေနပ်ရင် ဆက်ပြီးတော့များ တချိန်ချိန်မှာ ဉရောပနိုင်ငံတွေက အထူးစိုးရိမ်နေကြတာကို တွေ့ရပါတယ်။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင့်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ ဆွေးနွေးတာက တနင်္လာနေ့ ဖြစ်တယ်။ တကယ့် အပြောင်းအလဲ ဖြစ်နေတဲ့ အခြေအနေပါ။ သိပ်မြန်ဆန်နေတော့ ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့လွှင့်မယ့် ဗုဒ္ဓဟူးနေ့မှာ ဘယ်လိုပြောင်းလာမလဲ။ ဘယ်လို အပြောင်းအလဲ ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။
Forum