အမေရိကန်သမ္မတ ထရမ့်ရဲ့ အဆိုပြုချက်နဲ့အပြိုင် ပါလက်စတိုင်းတွေကို မရွှေ့ဘဲ ဂါဇာ ပြန်လည် တည်ဆောက်ရေး အဆိုပြုချက်တရပ်ကို အီဂျစ်နိုင်ငံက ရေးဆွဲနေပါတယ်။
နိုင်ငံတကာ ဆောက်လုပ်ရေးလုပ်ငန်းတွေက အပျက်အစီးတွေကို ဖယ်ရှား၊ အခြေခံ အဆောက် အအုံတွေ ပြန်လည် ထူထောင်နေချိန်မှာ ပါလက်စတိုင်းတွေ နေထိုင်လို့ရမယ့် လုံခြုံစိတ်ချရတဲ့ နယ်ပယ်တွေ ဒီအဆိုပြုချက်ထဲမှာ သတ်မှတ်ထားတယ်လို့ အီဂျစ် နိုင်ငံတော်ပိုင်သတင်းစာ Al-Ahram က ဖော်ပြပါတယ်။
အီဂျစ်တာဝန်ရှိသူတွေက စီမံကိန်းကို ဥရောပ၊ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ ယူအေအီး သံတမန်တွေနဲ့ ဆွေးနွေး ရေးဆွဲနေတာပါ။ ပြန်လည်တည်ဆောက်ရေးအတွက် ဂါဇာ ပြန်လည်တည်ဆောက်ရေး နိုင်ငံတကာညီလာခံ အပါအဝင် ရန်ပုံငွေထူထောင်ရေး နည်းလမ်းတွေလည်း ဆွေးနွေးတဲ့အထဲမှာ ပါဝင်တယ်လို့ အီဂျစ်တာဝန်ရှိသူတွေနဲ့ အာရပ်သံတမန်တွေက အေပီသတင်းကို ပြောပါတယ်။
အီဂျစ်ရဲ့ အဆိုပြုချက်ဟာ အမေရိကန်သမ္မတ စဥ်းစားပုံကို ချေပတာဖြစ်ပြီး ဂါဇာကမ်းမြောင်ရဲ့ ပထဝီအနေအထားနဲ့ လူဦးရေဖွဲ့စည်းပုံကို ပြောင်းဖို့ရည်ရွယ်တဲ့ ဘယ်စီမံကိန်းကိုမဆို တန်ပြန်ရေးဆွဲထားတာ ဖြစ်တယ်လို့ Al-Ahram သတင်းစာက ဆိုပါတယ်။
ဒါပေမဲ့ ဂါဇာ ပြန်လည်တည်ဆောက်ရေးဟာ အစ္စရေးလ် ဟားမတ်စ် အပစ်ရပ် ဒုတိယအဆင့် သဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်ဘဲနဲ့ မဖြစ်နိုင်ပါဘူး။
Forum