သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ် ဒုတိယအဆင့် ဆွေးနွေးရေး အလားအလာ

ပြိုကျပျက်စီးနေသည့် နေအိမ်သို့ ပြန်ရောက်လာကြသည့် ပါလက်စတိုင်း စစ်ပြေးဒုက္ခသည် မိသားစုတစု။ (၅ ဖေဖော်ဝါရီ ၂၀၂၅) (REUTERS/Dawoud Abu Alkas)
ပြိုကျပျက်စီးနေသည့် နေအိမ်သို့ ပြန်ရောက်လာကြသည့် ပါလက်စတိုင်း စစ်ပြေးဒုက္ခသည် မိသားစုတစု။ (၅ ဖေဖော်ဝါရီ ၂၀၂၅) (REUTERS/Dawoud Abu Alkas)

ဂါဇာ အပစ်ရပ်ရေး ဒုတိယအဆင့်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ကြားဝင်စေ့စပ်သူတွေနဲ့ စကား စပြောနေပြီလို့ ဟားမတ်စ် ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်သလို ဂါဇာ ပြန်လည်ထူထောင်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။

အပစ်ရပ် ဒုတိယအဆင့်မှာ ဓားစာခံတွေနဲ့ အစ္စရေးလ်ဖမ်းထားတဲ့ အကျဥ်းသားတွေ ဆက်လွှတ်ရေးနဲ့ ဂါဇာကမ်းမြှောင်ကနေ အစ္စရေးလ်တပ်တွေ ရုပ်သိမ်းရေးလည်း ပါဝင်မယ်လို့ မျှော်လင့်ထားကြတာပါ။

ပထမအဆင့်မှာ အကူအညီ စီးဆင်းမှုကို အစ္စရေးလ်က ပိတ်ဆို့ထားပြီး နှောင့်နှေးအောင် လုပ်နေတယ်လို့ ဟားမတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Hazem Qassam က အင်္ဂါနေ့မှာထုတ်တဲ့ ကြေညာချက်မှာ ပြောပါတယ်။

ဒုတိယအဆင့် ညှိုနှိုင်းဆွေးနွေးပွဲကို လာမယ့် တနင်္လာနေ့မှာ စမှာဖြစ်ပြီး ဒီအပတ်ကုန်မှာ အစ္စရေးလ် ကိုယ်စားလှယ်အဖွဲ့က ကာတာနိုင်ငံကို သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်ရုံးက အင်္ဂါနေ့မှာ ပြောပါတယ်။

ဒီနေ့မှာပဲ ဂါဇာက ကိစ္စတွေကို စီမံခန့်ခွဲဖို့ အလုပ်အဖွဲ့တဖွဲ့ကို အစိုးရအဖွဲ့ အစည်းအဝေးမှာ ဖွဲ့စည်းလိုက်တယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ ဂါဇာက သီးခြားလွတ်လပ်တဲ့ လူသိများသူတွေအပါအဝင် ပညာသည်တွေနဲ့ ဒီအလုပ်အဖွဲ့ကို ဖွဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပါလက်စတိုင်း အရာရှိတဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို အနောက်နိုင်ငံတွေက ထောက်ခံကြပေမဲ့ အစ္စရေးလ်က လက်မခံနိုင်တာကြောင့် ဂါဇာအရေး ဘယ်လိုကိုင်တွယ်မယ်ဆိုတာက မရှင်းလှသေးပါဘူး။

ဂါဇာအပစ်ရပ် ဒုတိယအဆင့် ဆွေးနွေးရေး အလားအလာ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG