သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် လက်စားခြေတဲ့အနေနဲ့ အီဂျစ်က မြန်မာသံရုံးကို ဖောက်ခွဲမှုပြုလုပ်


ကိုင်ရို မြန်မာသံရုံး website
ကိုင်ရို မြန်မာသံရုံး website

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်က မြန်မာသံရုံးမှာ စနေနေ့ကဖြစ်ခဲ့တဲ့ အသေးစား ပေါက်ကွဲမှု တခုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အီဂျစ်စစ်သွေးကြွအဖွဲ့ Hasm က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

ဒါဟာ ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာနိုင်ငံ စစ်တပ်က နှိမ်နင်းတဲ့အပေါ် လက်တုံ့ပြန်တာ ဖြစ်တယ်လို့ဆိုပါတယ်။

စနေနေ့ကပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အီဂျစ်ပြည်ထဲရေးဝန်ကြီးက ဘာမှပြောဆိုတာ မရှိသေးပါဘူး။

ပေါက်ကွဲမှုဟာ ဓာတ်ငွေ့ပိုက်လိုင်း မကောင်းတာကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ဒေသခံတွေနဲ့ သတင်းမီဒီယာတွေက အစောပိုင်းမှာ ပြောခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ပေါက်ကွဲမှု ဖြစ်တဲ့နေရာမှာ ဖောက်ခွဲရေးပစ္စည်း အစအနတွေ တွေ့ရတယ်ဆိုပြီး လုံခြုံရေးပိုင်း သတင်းရင်းမြစ်နှစ်ခုက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီလိုဗုံးခွဲပြတာဟာ ရခိုင်ပြည်နယ်က မွတ်ဆလင် အမျိုးသမီးတွေနဲ့ ကလေးတွေကို သတ်ဖြတ်သူ လူသတ်သမားတွေရဲ့ သံရုံးကို သတိပေး လိုက်တာဖြစ်သလို ချိနဲ့လာတဲ့ မွတ်ဆလင်လူထုရဲ့ ရင်သွေးတွေနဲ့ သွေးစည်း ညီညွတ်တယ်ဆိုတာ ပြလိုက်တာ ဖြစ်တယ် လို့ Hasm က ထုတ်ပြန်ချက် တခုမှာ ပြောထားပါတယ်။

Hasm စစ်သွေးကြွအဖွဲ့ဟာ ကိုင်ရိုမြို့တော် ပတ်ဝန်းကျင်က တရားသူကြီးတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို ပစ်မှတ်ထားပြီး ပြီးခဲ့တဲ့နှစ် ကတည်းကဖြစ်လာတဲ့ တိုက်ခိုက်မှု အတော်များများအတွက် စွပ်စွဲခံထား ရတာပါ။ ဒါပေမဲ့လဲ အရပ်သား ပစ်မှတ်တခုကို တိုက်ခိုက်တာ သူတို့လက်ချက် ဖြစ်တယ်လို့ ကြေညာတာကတော့ ဒါဟာ ပထမဆုံးပါပဲ။

စစ်ဆင်ရေးအတွင်း အရပ်သားတွေ ဒါမှမဟုတ် အပြစ်မဲ့သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရ တာမျိုးမဖြစ်ရအောင် အဆုံးစွန် သတိထားပြီး လုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီလိုသာ မဟုတ်ရင် ရပ်တန့်လို့ မရနိုင်အောင် လောင်ကျွမ်းနေတဲ့ ငရဲမီးကို တွေ့သွားရမှာဖြစ် တယ်လို့ Hasm စစ်သွေးကြွအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG