သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစာရဖို့ တောင်းဆိုတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတချို့ အလုပ်ပြုတ်


ထိုင်းနိုင်ငံ မဟာချိုင်အရပ်က ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အလုပ်ထုတ်ပြီး စက်ရုံပြင်ပနှင်ထုတ်။ Photo Credit to Ko Ye Min (ACC) FB
ထိုင်းနိုင်ငံ မဟာချိုင်အရပ်က ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေ အလုပ်ထုတ်ပြီး စက်ရုံပြင်ပနှင်ထုတ်။ Photo Credit to Ko Ye Min (ACC) FB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ၊ ဒီရက်ပိုင်းအတွင်း အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုရင်း အလုပ်အကိုင် လက်လွတ် ဆုံးရှုံးမှုတွေနဲ့ ကြုံနေကြရပါတယ်။ အခုနောက်ဆုံးမှာလည်း မြန်မာနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ ဘန်ကောက်မြို့အနီး မဟာချိုင်အရပ်က အလုပ်သမား အများအပြားဟာလည်း လုပ်ခလစာ အပြည့်မရပဲ အလုပ်က ထုတ်ခံလိုက်ရတယ်လို့ အလုပ်သမားရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြား အလုပ်အကိုင် အဆင်မပြေမှုတွေ ခပ်စိပ်စိပ် ဖြစ်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ထိုင်းနိုင်ငံ မဟာချိုင်အရပ်က ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၇၅ ဦးတို့ကို လုပ်ခလစာ အပြည့်အပေးဘဲ ထိုင်းအလုပ်ရှင်က အလုပ်ထုတ်လိုက်တယ်လို့ အလုပ်သမားရေး လှုပ်ရှားနေသူတွေနဲ့ မြန်မာသံရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတွက် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ လုပ်ခလစာ အပြည့်ရရှိဖို့နဲ့ အလုပ်ပြန်လုပ်ခွင့်ရရေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ဆောင်ရွက်ပေးမယ်လို့ အလုပ်သမားတွေထံ ကိုယ်တိုင် ရောက်ရှိနေတဲ့ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောပါတယ်။

" အခုလောလောဆယ် သူတို့ကို ကျနော်တို့က အရင်ဆုံးနေရာချပေးရမယ်။ ပြီးရင် သူတို့ကို အလုပ်ပြန်ရဖို့အတွက် ကျနော်တို့ လုပ်ပေးရမယ်။ တတိယ အချက် နောက်ဆုံး ကတော့ သူတို့ကျန်ခဲ့တဲ့ လစာပေါ့နော်။ လုပ်ခ လစာပြန်တောင်းပေး မယ်။ ကျနော့်အလုပ်။ ထိုင်းမှာကတော့ ဒီလိုပဲ အရင်က ကျနော်လည်း တာဝန်ကျခဲ့ဖူးတယ်။ အခုလောလောဆယ်မှာတော့ သူတို့ရဲ့ ဘတ်တွေပေါ့နော်။ ဘတ်ကဒ်တွေ သက်တမ်းက ၂၉ရက်နေ့ဆို ပြီးပြီ။ ပြီးမှ ဖြစ်တဲ့ အတွက် ဘတ်ကဒ် မရှိတဲ့သူတွေကို စစ်ဆေးရင်းနဲ့ စက်ရုံ အလုပ်ရုံတွေပေါ့။ ဒီစက်ရုံက ဖမ်းတာလည်း မဟုတ်ဘူး။ သူဟာသူ အလုပ်ရှင်က သူတို့ကို အလုပ်ထုတ်လိုက်တဲ့သဘောမျိုး။ ဒါ ကျနော်တို့က စိစစ်နေတုန်းပဲ ရှိသေးတယ်။"

လုပ်ခလစာ အပြည့်အဝ ရရှိရေးအတွက် အလုပ်သမားအားလုံးတို့က စုပေါင်းတောင်းဆိုပြီးနောက်မှာ အလုပ်ရှင်က အလုပ်ထုတ် လိုက်တာ ဖြစ်တယ် လို့လည်း အကူအညီပေးနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်က ပြောပါတယ်။

"အဲ့ဒီ့အလုပ်သမားတွေ အားလုံးက လုပ်အားခကို ပုံမှန်ပေးနေရင်း ပေးနေရင်းနဲ့ ဘတ် ဆို ရပ်ပစ်လိုက်တာ။ ရပ်တဲ့လုပ်အားခကို မပေးတဲ့အတွက် ကျနော်တို့ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ AAC အဖွဲ့ကို လာပြီးတော့ အကူအညီတောင်းတယ်။ ကျေျနာ်တို့က ဥပဒေအတိုင်းပဲ။ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတွေကို သွားပို့တယ်။ ပို့တော့ လက်ရှိလုပ်ငန်းရှင်နဲ့ အလုပ်သမားတွေနဲ့ ညှိနှိုင်းပေးလိုက်တဲ့အခါမှာ ပိုက်ဆံရတယ်။ ရပြီးတော့ ပေးလည်း ပေးပြီးရော ညမိုးချုပ်ချုပ်ကြီးကို မောင်းထုတ်ပစ်လိုက်တယ်။"

မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံကြား တရားဝင် အလုပ်သမား ပို့ဆောင်ခြင်းဆိုင်ရာ သဘောတူ စာချွန်လွှာ MOU အရ အလုပ်သမားတွေ အနေနဲ့ အလုပ်ရှင် ပြောင်း အလုပ်လုပ်ခွင့် မရှိတာကြောင့် အခုအလုပ်ပြုတ်လာတဲ့ အလုပ်သမားတွေ နောက်ထပ် အလုပ်လုပ်ခွင့်ရဖို့ကလည်း မရေမရာ ရှိနေဆဲပါ။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား တရားဝင် အလုပ်သမားဖြစ်ရေး ဆောင်ရွက် ချက်တွေကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ဖြုတ်ခံရတာတွေ ပိုပြီးဖြစ်လာရတာလို့လည်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ AAC အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်က ပြောပါတယ်။

" MOU နဲ့ သွင်းတဲ့အလုပ်သမားတွေက ထိုင်းကို ခပ်စိပ်စိပ် ရောက်လာတော့ အရင်တုန်းကလည်း ဖမ်းတာဖြစ်ခဲ့ဖူးတယ်။ ဒီပြဿနာတွေက ဖြစ်ပေသော်ငြား လည်း သွားဖို့လမ်းစရှိတယ်။ လုပ်ငန်းရှင်မပြောင်းရလို့ ဟိုဘက်မသွားရ ဒီဘက်မသွားရ ဥပဒေတွေ မရှိတဲ့အတွက် ဘယ်လောက်ပဲ အလုပ်ထုတ်ထုတ် A က ထုတ်ရင် B ကိုသွားတယ်။ B က ထုတ်ရင် C ကိုသွားတယ်။ သိပ်ပြသနာမတက်ဘူး။

အခု MOU တွေ ထွက်လာပြီး ၂၀၁၁ လောက်ကနေ ကိုယ်စားလှယ်ခေတ် ကနေ အေဂျင်စီခေတ် အထိ MOU တွေ အများကြီး သွင်းလာတော့ နေရာတွေ အများကြီး ယူလာတော့ ကျနော်တို့ အပေါ်မှာ အလုပ်သမား တောင်ကျော်တွေ အတွက် ထွက်ပေါက်မရှိတော့ဘူး။ ထွက်ပေါက်မရှိတော့ တည်းခိုရာနေရာတွေမဲ့တယ် အလုပ်ရှင်တွေ မရှိတော့ အခုလို ကျနော်တို့ ကူညီတဲ့သူတွေ လာလာပြီးတော့ ထိပ်တိုက်တိုးလာတဲ့အခါကျတော့ ဒီပြဿနာက အခုမှ စပြီး ဒေါ်အောင်ဆန်းစုကြည် လာပြီးမှ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ မြင်သွားတာ။ အမှန်ကတော့ နဂိုကတည်းက ဖြစ်နေတာဗျ။"

ဒီကနေ့ အလုပ်ထုတ်ခံရတဲ့ ပင်လယ်စာ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေကတော့ လုပ်ခလစာ တလစာ မရသေးတာ ဖြစ်ပါတယ်။ အခုတော့ အလုပ်သမားတွေ အားလုံးကို အလုပ်သမား အကူအညီပေးရေး အဖွဲ့ AAC ရဲ့ အကူအညီနဲ့ ဘုန်းကြီးကျောင်းမှာ ခေတ္တ နေရာချထားပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG