သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှု အဓိကကျ


၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက စစ်တွေဒေသခံတဦး မဲထည့်စဉ်
၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက စစ်တွေဒေသခံတဦး မဲထည့်စဉ်

၂၀၂၀ ရွေးကောက်ပွဲအတွက် တပြည်လုံးအတိုင်းအတာနဲ့ အခြေခံမြေပြင်လူဦးရေ စာရင်းကောက်ယူနေပြီဆိုပေမယ့်၊ တည်ငြိမ်မှုတွေမရှိတဲ့ ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲလုပ်နိုင်ပါ့မလားဆိုတာ အများက စိတ်ဝင်စားနေပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ အဲဒီ ဒေသတွင်း ရွေးကောက်ပွဲတွေ လုပ်နိုင်ဖို့ဆိုတာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်တပ်အကြား ညှိုနှိုင်းမှုတွေအပေါ်မှာ အဓိက တည်နေတယ်လို့ သုံးသပ်ကြပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် မေးမြန်း သတင်းပေးပို့ထားပါတယ်။

လာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြို့နယ်တချို့မှာ မကျင်းပနိုင်ဘူးလို့ အများစုကယူဆနေပေမယ့်၊ ဒါကမြေပြင်လူဦးရေစာရင်းကောက်ယူတာတွေလုပ်သွားပြီးမှာပဲ အတည်ပြုနိုင်မယ်လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံလူဦးရေစာရင်းကောက်တာတွေ တပြည်လုံးမှာလုပ်နေပြီး အဲဒီစာရင်းကို လူဝင်မှုကြီးကြပ်ရေးကို ပို့ပြီး တိုက်ဆိုင်စစ်ဆေးပြီးမှ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုမှာပါ။ လက်တလောမှာ မြေပြင်စာရင်းကောက်တဲ့ အခြေအနေပဲရှိသေးတဲ့အတွက် ရခိုင်ပြည်နယ် ဘယ်အပိုင်းမှာ ရွေးကောက်ပွဲလုပ်မလဲဆိုတာနဲ့ပတ်သက်လို့ ကြိုပြီးမပြောနိုင်သေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဗွီအိုအေကိုပြောပါတယ်။

“ တပြည်လုံးလုပ်မှာ ကျနော်တို့ အစီအစဉ်အတိုင်းကတော့။ ပြီးမှ သူ့ဒေသအခြေအနေလိုက်ပြီး တင်ပြလာမှ၊ မြေပြင်စာရင်းကဘယ်လောက်ရှိနေပါပြီ၊ အချက်အလက်တွေနဲ့ ကိုက်ညီပါသည်ဆိုမှ ကျနော်ကလုပ်မလား လုပ်ဖို့အခြေအနေပေးလား အဲလိုမေးပြီးမှကျနော်က သတ်မှတ်လိုက်ရတာကိုး။ မဲဆန္ဒရှင်စာရင်း နယ်မြေကို အရင်ကြေညာရဦးမှာကိုး ဘယ်နယ်မြေတွေမှာကျင်းပမယ်ဆိုတာ။ အဲဒီအချက်အလက်တွေမစုံမချင်း ကျနော်တို့ ဘာမှ လုပ်လို့မရသေးဘူး။ ပြောလို့လည်းမရသေးဘူး။”

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်တချို့က ဒေသခံ ၅သောင်းကျော်ဟာ နေရပ်စွန့်ခွာနေရပြီး အဲဒီနေရာ တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာမသေချာနိုင်ကြောင်း ရခိုင်နိုင်ငံရေးအဖွဲ့အစည်းတချို့က ပြောပါတယ်။ လက်ကျန်အချိန်ကာလမှာ ငြိမ်းချမ်းရေးကို လုပ်နိုင်မယ်ဆိုရင်တော့ အခြေအနေပြောင်းလဲနိုင်တယ်လို့ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဗွီအိုအေကို ပြောပါတယ်။

“ ဆိုတော့ ဒီကြားထဲမှာလည်း ဒီတိုက်ပွဲတွေက ဘယ်လောက်အထိအလားအလာ ရှိမယ်ဆိုတာကိုတော့ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒါပေမဲ့ တဘက် ကလည်း ငြိမ်းချမ်းရေး ခေါ်ယူမှုတွေရှိနေတယ် ဒီငြိမ်းချမ်းရေးတွေကို နှစ်ဦးနှစ်ဘက်ကလုပ်နိုင်ခဲ့တယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲကတော့ ပြောစရာ မရှိပါဘူး။ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းဘက်မှာပေါ့ ဒီတိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာတော့ ဒီရွေးကောက်ပွဲဖြစ်ဖို့မဖြစ်ဖို့ဆိုတာတော့ အတည်ပြုလို့ မရသေး ဘူးလို့ပြောချင်ပါတယ်။”

ရခိုင်မှာ စစ်ရှောင်စခန်း ၆၀ကျော်လာပြီး အများစုကနေရပ်မပြန်နိုင်သေးပါဘူး။ ထပ်ပြီးတိုးလာမယ်ဆိုရင် ရွေးကောက်ပွဲကခက်ခဲလိမ့်မယ်လို့ ရခိုင်ပြည်နယ်လုံးဆိုင်ရာကျောင်သားနှင့်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုစောထွန်းကမြင်ပါတယ်။

“ လက်ရှိပဋိပက္ခတွေ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်တော့ ရွေ့ပြောင်း IDP စခန်းတွေထပ်ထပ်တိုးလာမယ် လူဦးရေထပ်ထပ်တိုးမယ်ဆိုရင်တော့ လာမယ့် ၂၀၂၀ election ခက်ခဲလိမ့်မယ်လို့မြင်ပါတယ်ခင်ဗျ။”

ပြည်သူတွေရဲ့ပြောရေးဆိုခွင့် ကိုယ်စားပြုတဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို မရွေးကောက်နိုင်ဘူးဆိုရင်ဒါက ပြည်သူတွေအတွက် ဆုံးရှုံးမှုဖြစ်သလို

တိုက်ပွဲတွေကအဖြေမဟုတ်ဘဲ လက်ကျန်လာလထဲမှာ ငြိမ်းချမ်းရေးအတွက် နည်းလမ်းတခုရှာသင့်ပြီလို့ ရခိုင်အမျိုးသားပါတီ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ ကျနော်တို့က နည်းလမ်းတခုကို ပြောင်းပြီးကျင့်သုံးဖို့လိုပါတယ်ခင်ဗျ။ အဖြေကရှင်းနေပါတယ် ကျနော်တို့ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ရှိပါပြီ တယောက်ကိုတယောက်အပြုတ်တိုက်ပြီးတော့ တိုက်နေကြတာသေပေါင်းလည်းများပြီ။ ဒီနည်းကဘယ်လိုမှ သုံးစားလို့မရတော့တဲ့နည်းပါ ကျနော်တို့ တိုင်းပြည်ရဲ့အရုပ်ဆိုးတဲ့ ပြည်တွင်းစစ်ကို ရပ်စဲဖို့ဆိုတဲ့ စိတ်ကောင်းစေတနာကောင်းရှိရင်တော့ အမြန်ဆုံးငြိမ်းချမ်းရေးကို မဖြစ်မနေရမှာပါခင်ဗျ။”

ဇူလိုင် ၂၄ မနေ့က ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နဲ့ ရခိုင်နိုင်ငံရေးအဖွဲ့တွေ တွေ့ကြပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်ခဲ့တဲ့ ပါတီစုစုပေါင်း ၁၁၇ ပါတီရှိခဲ့ပြီး အဲဒီအထဲက ၂၅ပါတီက အချင်းချင်းပူးပေါင်းတာ၊ သတ်မှတ်မဲဆန္ဒနယ် အရေအတွက်မရှိတာ၊ ကိုယ့်ဖာသာဖျက်သိမ်းတာတွေရှိခဲ့လို့ တရားဝင်ပါတီအနေနဲ့ ၉၂ပါတီရှိပါတယ်။ပြည်နယ် လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီ ANP ကမဲအများဆုံးနဲ့လွှတ်တော်ကို လွှမ်းမိုးထားတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG