သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိတ်မြို့အသွား စက်လှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံး


တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများရဲ့ ရုပ်အလောင်းနဲ့ မိသားစုဝင်များကိုတွေ့ရစဉ် (အောက်တိုဘာ ၂၁၊ ၂၀၂၄)
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများရဲ့ ရုပ်အလောင်းနဲ့ မိသားစုဝင်များကိုတွေ့ရစဉ် (အောက်တိုဘာ ၂၁၊ ၂၀၂၄)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာကနေ မြိတ်မြို့ကိုသွားမယ့် စက်လှေတိမ်းမှောက်မှုမှာ ၃ လသားအရွယ် ကလေးတဦး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ အဲဒီ့တိမ်းမှောက်သွားတဲ့စက်လှေမှာ ကျောင်းသား၊ ကျောင်းသူနဲ့ ဒေသခံတွေအပြင် စစ်ဘေးရှောင်သူ အားလုံးပေါင်း ၉၀ ဝန်းကျင်ပါဝင်ပြီးတော့ ပျောက်ဆုံးသူတွေကို ဆက်ပြီးရှာဖွေနေတယ်လို့ သိရပါတယ်။ စက်လှေတိမ်းမှောက်တဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာလ ၂၀၊ တနင်္ဂနွေနေ့ ည ၁၀ နာရီဝန်းကျင်မှာ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာကနေ ခရီးသည်စုစုပေါင်း ၉၀ ဝန်းကျင်ကို တင်ဆောင်လာတဲ့ စက်လှေတစီးမှောက်ပြီးတော့ နစ်မြုပ်သွားခဲ့ပါတယ်။ စက်လှေတိမ်းမှောက်မှုအတွင်း ၃ လသားအရွယ် ကလေးတဦး အပါအဝင် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရတဲ့အခြေအနေ သူသိထားသလောက် ကျောက္ကာရွာခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"သေဆုံးသွားတာတော့ ၁၁ ဦးရှိတယ်။ ၃ လသားအရွယ် ကလေးတဦးပါတယ်။ ကျန်တဲ့ဟာက လူကြီးတွေပေါ့။ ကျန်တဲ့လူတွေကတော့ အခုထိ မရသေးဘူးလေ။ ကလေးတွေများတယ်။ ကျောင်းသား၊ ကျောင်းသူတွေ များတယ်ဆိုတော့လေ။ လူဦးရေက အတိအကျ မသိသေးဘူး။ ဘယ်လောက်ပါသွားမှန်း မသိသေးဘူး။ ခန့်မှန်းတာတော့ ၉၀ လောက်ရှိတယ်။ အသက်ရှင်တာကတော့ ၉ ဦးလောက်ပဲ ရှိသေးတယ်။"

အသက်ရှင်လျက် ပြန်တွေ့သူ ၉ ဦးကိုတော့ ကျောက္ကာဆေးရုံမှာ ထားရှိကုသပေးနေပါတယ်။ စက်လှေမှောက်တဲ့အထဲ ပါသွားသူအများစုက ၉ တန်း၊ ၁၀ တန်းအရွယ် ကျောင်းသား၊ ကျောင်းသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ကျောင်းပိတ်ရက် ရွာပြန်လာပြီး၊ မြိတ်မှာ ကျောင်းပြန်တက်ဖို့အသွား အခုလို ကြုံတွေ့ရတာလို့ ပြောပါတယ်။

"ထွက်တာက ည ၉ နာရီခွဲ ဝန်းကျင်လောက်ထွက်တာ။ သူက ပုံမှန်ဆိုရင် ည ၉ နာရီခွဲကနေ ၁၀ နာရီ အဲဒီအချိန်လောက်မှာ ထွက်တာ။ လှေထွက်ပြီးတော့ မိနစ် ၂၀ လောက်ကြာတာနဲ့ လှေမြုပ်တာပဲ။ ချက်ချင်းသိရင်တော့ ကိစ္စမရှိဘူး။ နည်းနည်းကြာသွားတာ အဲဒီမှာ။ ညဘက်လည်း ဖြစ်တယ်ဆိုတော့ တော်ရုံတန်ရုံလည်း မသိကြဘူးလေ။ တချို့လူတွေက အော်တယ်။ အော်တော့ ဒီနားမှာ ငါးဖမ်းလှေ သေးသေးငယ်တွေ ရှိတယ်လေ။ အော်သံကြားလို့ လှေသေးသေးငယ်တွေက လာပြီးတော့ဆယ်ပေးတယ်။ လှေကလည်း မှောက်တာနဲ့ မြုပ်သွားတာတဲ့။ အပေါ်ထပ်မှာနေတဲ့ လူတွေကတော့ ရေနည်းနည်းပါးပါး ကူးတတ်တယ်ဆိုတော့ လှေနဲ့တွေ့လို့ သူတို့ အသက်ရှင်သွားတာပေါ့။"

ပုလောမြို့ထဲ လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့ ပြင်းထန်နေတဲ့ တိုက်ပွဲအခြေအနေကြောင့် ကားလမ်းကနေ သွားလာဖို့ အဆင်မပြေလို့ ရေကြောင်းကို အသုံးပြုချိန်မှာ အခုလို စက်လှေမှောက်ပြီး ပျောက်ဆုံးသူတော်တော်များများ ရှိနေတာပါ။ စစ်ဘေးရှောင်တွေကလည်း သူတို့ရဲ့ဒေသမှာ တိုက်ပွဲဖြစ်လို့ မြို့ပေါ်ပြောင်းချိန်မှာ အခုလို ကြုံတွေ့ရတာလို့ ပြောပါတယ်။

"ကားလမ်းက သွားလာလို့ရတယ်။ နည်းနည်း အစစ်အဆေးများလို့ ရေလမ်းကပဲ သွားကြတာ။ အဲဒီဘက်မှာလည်း အခြေအနေတွေက မကောင်းဘူးလေ။ ပလတို့၊ ပုလောတို့ဘက်မှာ အခြေအနေ မကောင်းဘူးဆိုတော့ လူတွေက အဲဒီဘက် သိပ်မသွားရဲဘူးလေ။ အခု လှေမှောက်တဲ့အထဲမှာ စစ်ဘေးရှောင်တွေလည်း ပါတယ်။ စစ်ဘေးရှောင်တွေက အခုတိုက်ပွဲဖြစ်နေတဲ့ မီးလောင်ချောင်းတို့၊ မိန်းမမြို့တို့ အဲဒီဘက်ကပဲ။ တိုက်ပွဲဖြစ်တဲ့ နေရာကနေပြီးတော့ ကျောက္ကာကိုပြေးလာတယ်။ ကျောက္ကာကနေ မြိတ်ကိုလိုက်မလို့ဆိုပြီး လာလိုက်တာ သူတို့က။"

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများရဲ့ ရုပ်အလောင်းများ (အောက်တိုဘာ ၂၁၊ ၂၀၂၄)
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲ စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားသူများရဲ့ ရုပ်အလောင်းများ (အောက်တိုဘာ ၂၁၊ ၂၀၂၄)

မှောက်ပြီးနစ်မြုပ်သွားတဲ့ စက်လှေဟာ ၂ထပ်ကုန်တင်စက်လှေ ဖြစ်တယ်လို့ ပြောပါတယ်။ အပေါ်ထပ်မှာ ပစ္စည်းတွေတင်ပြီးတော့ အောက်ထပ်မှာ ခရီးသည်တွေကို ထားတာပါ။ လှေမှောက်တဲ့အချိန်မှာ စက်လှေဝမ်းဗိုက်မှာရှိတဲ့ ခရီးသည်တွေ လှေနဲ့အတူ မြုပ်သွားပြီး၊ အပေါ်ထပ်မှာ ရှိသူတွေလောက်သာ လွတ်လာတာလို့ ပြောပါတယ်။

ရွာမှာရှိတဲ့ ဒေသခံလှေတွေနဲ့ မြိတ်မြို့အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့တွေ စုပေါင်းပြီး ဆက်လက်ရှာဖွေနေတယ်လို့ ပြောပါတယ်။ နစ်မြုပ်သွားတဲ့ လှေကိုလည်း အခုချိန်ထိ ပြန်မရသေးဘူးလို့ သိရပါတယ်။ လှေမြုပ်ချိန်မှာ ရေကြီးပြီး၊ ရေစီးကြမ်းသလို အဲဒီနေရာမှာလည်း ရေဝဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လှေပေါ်မှာ ခရီးသည်နဲ့ ပစ္စည်းတွေ တော်တော်များများ တင်ဆောင်နေလို့ လှေမထွက်ခင်မှာ လှေပေါ်ပါလာသူတွေက သတိပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် အောက်တိုဘာလ ၁၆ ရက်နေ့ ကစစ်ကောင်စီတပ်ဘက်က တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက ကြဲကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြိတ်နဲ့ ပုလောသွားတဲ့ ကားလမ်းမကြီးမှာ ကားတွေ ရှေ့မတိုး နောက်မဆုတ်နိုင်နဲ့ ပိတ်မိနေကြတဲ့အချိန် အခုလို ရေလမ်းကနေ ခရီးသွားလာနေကြရတဲ့အခြေအနေဖြစ်ပေါ်နေတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG