သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ၃ဦး အာမခံပေးမပေး မဆုံးဖြတ်သေး


ရန်ကုန်တိုင်းသေသကြီးအစိုးရအဖွဲ့ကို အကြည်ညိုပျက်အောင် ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ Eleven Media Group က သတင်းထောက် ၃ ယောက်ကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးပါတယ်။ သတင်းထောက်တွေဘက်က အာမခံရဖို့ လျှောက်ထားခဲ့ပြီး အာမခံပေးမပေး အောက်တိုဘာ ၂၆ ရက်နေ သောကြာနေ့မှာ အမိန့်ချမယ့်အကြောင်း အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

သတင်းထောက်သုံးယောက်ကို ရုံးထုတ်စစ်ဆေးတာနဲ့ ပတ်သက်လို့ Eleven Media Group သတင်းထောက်တွေဘက်က ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးကြီးမြင့်က အခုလိုပြောပါတယ်။

"တရားလိုကိုစစ်တယ်။ နောက်စွပ်စွဲခံရတဲ့သူ ၃ ယောက် ဂျာနယ်လစ် သမား ၃ ယောက်အတွက် အာမခံလျှောက်တယ်ပေါ့နော်။ ၂၆ ရက်နေ့ သောကြာနေ့မှာ အမိန့်ချမယ်။ ပြီးရင် တရားလိုကို ဆက်စစ်မယ်။ တရားလိုက အခုပထမတရားလို တိုင်ကြားတဲ့လူကို မပြီးသေးဘူး။ လိုပြ သက်သေက ၅ ယောက်တင်ထားတယ်။ ၅ ယောက်နော်။"

တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့စေတယ်ဆိုတဲ့ အချက်နဲ့ Eleven Media Group က အယ်ဒီတာချုပ် ၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်ချုပ် သုံးယောက်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က တရားလိုလုပ် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီလို သတင်းထောက်သုံးဦးဖမ်းဆီးခံရတဲ့အပေါ် မြန်မာသတင်းမီဒီယာကောင်စီ အပါအဝင် နိုင်ငံတကာက ကန့်ကွက်ထားသလို၊ ဒီလို ဖမ်းဆီးတဲ့အတွက် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက်လည်း စိုးရိမ်စရာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒီနေ့ တာမွေမြို့ တရားရုံးကို ရောက်လာတဲ့ ကြေးမုံသတင်းစာ တိုက်ပိုင်ရှင်ဟောင်း ဖြစ်တဲ့ ဒေါ်မြမြစိန်က သတင်းသမားတွေကို ဖမ်းဆီးတဲ့အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။

"ဟိုဒါမျိုးကိစ္စတွေကလေ အန်တီတို့ သတင်းလောကမှာ လုံးဝမဖြစ်သင့်ဘူးလို့ပဲ အန်တီထင်တယ်လေ။ အန်တီ ယုံကြည်လည်း ယုံကြည်တယ်။ ဖြစ်လည်းမဖြစ်စေချင်ဘူး။ အရုပ်ဆိုးတယ်ပေါ့ကွယ်။ ဘာလို့လည်းဆိုတော့ အန်တီက သတင်းစာတိုက်အပေါ်မှာ အန်တီတို့ထူထောင်ခဲ့တဲ့ ကြေးမုံသတင်းစာတိုက်ကြီးအပေါ်မှာပဲ နေလာပြီးတော့ အားလုံးဟာလေ သတင်းသမားတွေဆိုရင် အားလုံးဟာ ကိုယ့်သားချင်းလိုပဲ မိသားစုလိုပဲ ကိုသဘောထားတယ်။ အခုလိုကြီးကြားလိုက်ရတော့ တော်တော်လေး အန်တီ စိတ်ထိခိုက်တယ်။ နောက်ပြီးတော့ ဒီခေတ်ဒီလို အခါမှာ ဘာမှဟုတ်တာလည်း မဟုတ်ဘဲဘူး။ ဒီအစိုးရကြီးကိုကျော်ပြီးတော့ ဟိုဟာလုပ်နေတာလည်းမဟုတ်ဘူး ဦးနေဝင်းလက်ထက်တုန်းကတောင်မှပဲ သူတို့ရေးတာပဲလေ။ ကိုယ်ပြောတာက ဘာမှကြီးကျယ်တာလည်းမဟုတ်ဘူး တိုင်းပြည်ကြီးလည်း ဒုက္ခဖြစ်သွားတာလည်း မဟုတ်ဘဲနဲ့ အချင်းချင်းကို ဒီလိုလေး အမြင်မတော်ဘူးထင်တာပဲလေနော်။ ဒါကြီးကို အန်တီကြိုက်လည်း မကြိုက်ဘူး ကြားရတာလည်း စိတ်မချမ်းသာဘူး။"

Eleven Media Group သတင်းထောက်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ကြေညာချက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေတယ် ဆိုတဲ့ မြန်မာနိုင်ငံမှာ မိမိအလုပ် မိမိ လုပ်ကြတဲ့ သတင်းထောက်တွေကို ဖမ်းဆီး အရေးယူတယ်ဆိုတာ လက်ခံနိုင်စရာ မရှိဘူးလို့ ဖေါ်ပြထားပါတယ်။ အခုလို မြန်မာနိုင်ငံမှာ သတင်းမီဒီယာ အပေါ် အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုမျိုးဟာ တရားဥပဒေစိုးမိုးရေးနဲ့ ပိုပြီး အလှမ်းဝေးစေတဲ့ လုပ်ရပ်ဖြစ်သလို၊ သတင်းလွတ်လပ်ခွင့်ကိုလည်းမလေးစားရာရောက်တယ်လို့ ဖေါ်ပြထားပါတယ်။

Eleven မီဒီယာ သတင်းသမားတွေကို ဖမ်းဆီးမှုဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို ထိပါးတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီကို ယုံကြည်မှုမရှိတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတွေရဲ့ လုပ်ရပ်မျိုးနဲ့ ပိုပြီး နီးစပ်လာနေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့ကြီးဖြစ်တဲ့ International Press Institute (IPI) ကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG