သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်သုံးဦးဖမ်းဆီးခံရမှု မြန်မာသတင်းမီဒီယာကောင်စီ ကန့်ကွက်


Eleven Media Group က သတင်းသမား ၃ ဦးကို ဖမ်းဆီးအရေးယူတာဟာ အစိုးရကိုယ်တိုင်က ပြဌာန်းထားတဲ့ သတင်းမီဒီယာ ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့တာကြောင့် ဒါကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြောဆိုလိုက် ပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။ ရန်ကုန်တိုင်းအစိုးရက အခုလို အရေးယူမှုဟာ နိုင်ငံရဲ့ဒီမိုကရေစီပုံရိပ်ကို ကျဆင်းစေရုံသာမက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်လို့ ထောက်ပြထားပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

Eleven Media မှာရေးသားထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည် ပေါက် ပြည်သူ့ရှယ်ယာ” ဆိုတဲ့ သတင်းဆောင်းပါးဟာ ရန်ကုန်တိုင်းအစိုးရအပေါ် အများပြည်သူ အကြည်ညိုပျက်စေပြီး ပြည်သူတွေက အစိုးရပေါ် ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခဲ့တာကြောင့် ဆောင်းပါရှင် ကိုဖြိုးဝေ(ခ) ကိုဖြိုးဝေဝင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အရေးယူရတာဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရက သတင်းထုတ်ပြန် ပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ အခုလိုအရေးယူဆောင်ရွက်မှုဟာ ပုဂ္ဂိုလ်ရေးဆန်တယ်လို့ မြင်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ အကြီးအကဲအဖြစ် အရွေးချယ်ခံထားရသူ The Voice သတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက သုံးသပ်ပါတယ်။

"ကျနော့်အနေနဲ့ကတော့ ဒီအရေးယူမှုက ပုဂ္ဂိုလ်ရေးဆန်တယ်၊ နောက်အကဲဆတ်လွန်းတယ်၊ ရန်လိုတယ်လို့ မြင်တယ်။ သတင်းမီဒီယာမှာရေးတဲ့ သုံးသပ်ချက် ဆောင်းပါးတခုကြောင့် အရေးယူတယ်ဆိုတာက ဒီပုဒ်မကြီးနဲ့ တပ်တာ မသင့်တော်ဘူး။ နောက်တခုက သူတို့ ဒီပုဒ်မနဲ့ တပ်ပြီးတော့ သတင်းမီဒီယာတိုက်ကိုသွားပြီးတော့ ရဲအုပ်စုနဲ့ ရပ်ကွက်လူကြီးတွေနဲ့ လူအုပ်စုလိုက် သွားပြီးတော့ ဖမ်းဖို့လုပ်တာကလည်း မသင့်တော်ဘူး။ နောက်တခါက ဒီပုဒ်မနဲ့ ရှင်းရှင်းပြောမယ်ဆိုရင် အမြင်ကပ်တဲ့လူတွေကို အာမခံပေးလို့မရပဲ ထောင်ထဲထည့်လို့ရတဲ့ ပုဒ်မပေါ့နော် ဒါလည်း သဘောတူနိုင်စရာမရှိဘူး။"

Eleven Media ကရေးတဲ့ သတင်းဆောင်းပါးဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ချိုးဖေါက်ရေးသားထားတာမျိုး မတွေ့ရဘူးလို့ ဦးကျော်မင်းဆွေက ပြောပါတယ်။

"ဆောင်းပါးကို ကျနော်တို့ အပြန်ပြန်အလှန်လှန်ဖတ်ကြည့်ပြီးတဲ့အခါကျတော့ အများစုကလွှတ်တော်ထဲမှာရှိတဲ့ ဆွေးနွေးချက်တွေကိုပဲအခြေခံပြီးရေးထားတာ။ လုပ်ကြံထားတာ ကျင့်ဝတ်နဲ့ မညီတာ ကျနော်တို့မတွေ့ရဘူး။"

မြန်မာနိုင်ငံမှာ အစိုးရက တရားဝင်အသိအမှတ်ပြု ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရှိပြီး လွှတ်တော်က အတည်ပြုပြဌာန်း ထားတဲ့ သတင်းမီဒီယာပုဒ်မ ၂၁ အရ သတင်းထောက်တွေရဲ့ ရေးသားချက်နဲ့ပတ်သက်လို့ နစ်နာတယ်လို့ယူဆတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း တခုခုအနေနဲ့ သတင်းမီဒီယာကောင်စီကို ကနဦး တိုင်ကြားရမှာဖြစ်ပြီး မီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းပေးရမယ်လို့ ပြဌာန်းထားပါတယ်။ အဲဒီလမ်းကြောင်းပေါ် အခြေခံ လုပ်ဆောင်သင့်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော် NLDပါတီ ကိုယ်စားလှယ်ဖြစ်တဲ့ ဦးနေဖုန်းလတ်က ထောက်ပြပါတယ်။

"အချက်အလက် မှားခြင်းမမှားခြင်းကျတော့ ဒါကတော့ တရားရုံးက ဆုံးဖြတ်မှာပေါ့နော်။ ကျနော်တို့လေ့လာသလောက်တော့ ဒါဟာ စာရင်းစစ်ချုပ်အစီရင်ခံစာပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဆွေးနွေးတဲ့ အချက်အလက်တွေအပေါ်မှာ အဓိက ရေးသွားတာဖြစ်တဲ့အတွက်ကြောင့် အချက်အလက်တော့ မမှားဘူးလို့ ကျနော်တို့ ယူဆတာပေါ့နော်။ ဒါပေမယ့် ဒီလို တရားစွဲတယ်ဆိုတဲ့ ကိစ္စမှာတော့ ကျနော်ကတော့ တရားဆွဲတာကိုတော့ သဘောမတူဘူး ၊ ကန့်ကွက်တယ် ဘာဖြစ်လို့လဲဆိုတော့ အမှန်အတိုင်း မီဒီယာနဲ့ ဖြစ်တယ်ဆိုရင်လည်း သတင်းမီဒီယာကောင်စီ ဆိုတာရှိတယ်လေ။ အဲဒီအတွက်ကြောင့် သတင်းမီဒီယာကောင်စီကနေတဆင့် ဖြေရှင်းတာမျိုးပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာဆိုတာက စတ္ထမဏ္ဍိုင် မိတ်ဖက်လိုသဘောထားသင့်တယ်လေ။"

ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားတဲ့အတိုင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဟာ စာနယ်ဇင်းသမားတွေနဲ့ပတ်သက်လို့ ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လွတ်လပ်စွာဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် သတင်းသမားတွေပေါ် ရန်ကုန်တိုင်းအစိုးရက မီဒီယာ ဥပဒေအရ အရေးယူတာမျိုးမဟုတ်ပဲ အခြားဥပဒေပုဒ်မတွေနဲ့ အရေးယူနေတဲ့လုပ်ဆောင်ချက်အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ အောက်တိုဘာ ၁၁ ရက်၊ ဒီကနေ့ထုတ်ပြန်တဲ့ မီဒီယာကောင်စီရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG