သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven က ရန်ကုန်အစိုးရကို တောင်းပန်


Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)
Eleven မီဒီယာ အမှူဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင် (အလယ်)

Eleven Media Group က သူပိုင်မီဒီယာတွေမှာ ရေးသားဖော်ပြချက်အချို့ လွဲမှားတဲ့အချက်အလက်တွေကြောင့် နစ်နာစေခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို တောင်းပန်တဲ့စာ ထွက်လာတဲ့အပေါ်၊ မီဒီယာလောကသားတွေအကြား အတော်လေး စိတ်ပျက်တာတွေ စိုးရိမ်တာတွေ ရှိတာတွေ့ရပါတယ်။ ဒီတောင်းပန်ချက်ထွက်လာတာဟာ Eleven Media Group အပေါ် ဖိအားတစုံတရာကြောင့်လို့လည်း ယူဆကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ကိုသားညွန့်ဦးက ဒီအကြောင်း ပြောပြပါလိမ့်မယ်။

Eleven Media Group ရဲ့ နေ့စဉ်သတင်းစာဖြစ်တဲ့ Daily Eleven မှာ ဖော်ပြတဲ့ ရွေးကောက်ပွဲတနှစ်ကြာသော်ဆိုတဲ့ အယ်ဒီတာအာဘော်ပါ အချက်အလက်တွေဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့နဲ့ပတ်သက်ပြီး မဟုတ်မမှန်အခြေအမြစ်မရှိဖော်ပြခဲ့တဲ့ လွဲမှားချက်တွေဖြစ်တယ်ဆိုပြီး Eleven Media Group က ဒါကို တောင်းပန်တဲ့ ကြေညာချက်ထွက်လာတာပါ။ ဒီ အယ်ဒီတာအာဘော်ကြောင့်ပဲ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ်တို့ နှစ်ဦးဟာ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီးအရေးယူခံထားရပါတယ်။ အခုလို တောင်းပန်စာထွက်လာတာကြောင့် မြန်မာမီဒီယာလောကအတွက်ပါ ပုံရိပ်ထိခိုက်စေတယ်လို့ ယနေ့ခေတ် နိုင်ငံရေးသတင်းဂျာနယ် အယ်ဒီတာချုပ်ကိုသက်ဇင်က ပြောပါတယ်။

“ဒီကိစ္စက မှန်တယ်ဆိုရင် သူကသေသေချာချာ စုံစမ်းစစ်ဆေးပြီးတော့ သတင်းရေးသားတဲ့ ပုံစံနဲ့ ရေးသားရမယ်။ အဲဒီမှာကတည်းက သူကစမှားတယ် ၊ မှားပြီးတဲ့နောက်ပိုင်းမှာ အခုလို ဖြစ်လာတယ်။ ဖြစ်လာတဲ့နောက်ပိုင်းမှာ သူ့အကျိုးစီးပွားတခုတည်းနဲ့ ဝန်ချတောင်းပန်တယ်ဆိုတဲ့ဟာက ကျနော်တို့မီဒီယာသများတွေ အကုန်လုံးအတွက်ကို သိက္ခာလည်းကျတယ် နောက် မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာတွေအတွက်ကလည်း ရှေ့ဆက်လုပ်ဆောင်ရမယ့်နေရာမှာ ကျနော်တို့မှာ တော်တော်အခက်အခဲတွေဖြစ်သွားတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီလို ခြိမ်းခြောက်ခံရတာတခုတည်းနဲ့ ဒီလိုတောင်းပန်တယ်ဆိုတာက သူ့အကျိုးစီးပွားပြောမလား ထောင်ကျခံရမှာစိုးလို့ပဲဖြစ်ဖြစ် ၊ သူ့မီဒီယာကြီးပျက်စီးမှာစိုးလို့ပဲဖြစ်ဖြစ် ဒီလိုတောင်းပန်တယ်ဆိုတာက လုပ်တုန်းကတော့ အလွယ်တကူလုပ်တယ်၊ ပြီးတော့မှ အခုလိုမျိုးဖြစ်လာတဲ့အချိန်ကျမှ လက်လွတ်စပယ် တောင်းပန်တယ်ဆိုတာမျိုးကတော့ ဒီတခုတည်းနဲ့ ကြည့်လို့မရဘူး မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာသမားတွေ၊ မီဒီယာတွေအကုန်လုံးရဲ့အကျိုးစီးပွားလည်း ထည့်စဉ်းစားရမယ်လို့ထင်ပါတယ်။ ဒီလိုလုပ်တာ ကျနော်မကြိုက်ပါဘူး ဒီကိစ္စကို ကန့်ကွက်ပါတယ်။”

Eleven Media Group CEO နဲ့ အယ်ဒီတာချုပ်တို့နှစ်ဦး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အာဏာပိုင်တွေနဲ့ ကြားဝင်ညှိုနှိုင်းမှုတွေ လုပ်နေတာပါ။ ဒါပေမယ့် အခုလို တောင်ပန်စာထွက်လာတာကတော့ Eleven Media Group နဲ့ အာဏာပိုင်တွေကြားက တိုက်ရိုက်ညှိုနှိုင်းမှုကနေ ထွက်လာတဲ့ရလဒ်တခုလို့ မီဒီယာကောင်စီအတွင်းရေးမှုး ဦးမြင့်ကျော်က ယူဆပါတယ်။ အာဏာပိုင်တွေဖက်က အခုကိစ္စ ကိုင်တွယ်မှုကြောင့် မြန်မာ့မီဒီယာလောကအတွက်တော့ တစုံတရာ သက်ရောက်မှုဖြစ်နိုင်တယ်လို့ သူက စိုးရိမ်ပါတယ်။

“ လိုတာထက်ပိုပြီးတော့ အင်အားသုံးပြီးတော့ အရေးယူလိုက်တာကတော့ မီဒီယာလောကမှာ ကျိန်းသေပေါက် Press Censorship ၊ Freedom of Press ကို အကျိုးသက်ရောက်သွားတာကတော့ သေချာတယ်ခင်ဗျ။”

ဒီလို တောင်းပန်စာထွက်လာလိမ့်မယ်ဆိုတာကို မျှော်လင့်ထားပေမယ့် အာဏာပိုင်တွေဖက်က မီဒီယာကို ဖိအားသုံးလို့ရတယ်ဆိုတဲ့ အမြင်မျိုးဖြစ်လာနိုင်တာကြောင့် မြန်မာမီဒီယာလွတ်လပ်မှုအတွက် တစုံတရာ ထိခိုက်မှာကို စိုးရိမ်ရတယ်လို့ မြန်မာ့သတင်းပညာသိပ္ပံ က သင်တန်းညွန်ကြားရေးမှုး ကိုစိန်ဝင်းက ပြောပါတယ်။

“တဘက်မှာကတော့ ဒါကတော့ Bad Journalism ပေါ့လေ အထောက်အထားမခိုင်လုံပဲနဲ့ စွပ်စွဲတဲ့ဟာပေါ့နော် ဒါပေမယ့်လည်း အခုလိုဖြစ်သွားတာက ကြေအေးဖို့အတွက် လမ်းဖြစ်လာမယ်ဆိုတာတော့ ကောင်းတယ်လို့ပဲ မှတ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ဘာဖြစ်သလဲဆိုတော့ ကျနော်ဘာစိုးရိမ်သလဲဆိုတော့ သတင်းသမားတွေက တကယ့် Critical Reporting ကို မလုပ်တော့မှာကို စိုးရိမ်တယ်။ ကျနော်တို့ အစိုးရကိုပြောသမျှအကောင်းတွေပဲ၊ နောက်ပြီးသတင်းသမား ရဲ့ လုပ်ရမယ့် စောင့်ကြည့်ရမယ့်တာဝန် Watchdog အလုပ်ကို မလုပ်တော့မှာကို စိုးရိမ်တယ်။”

ယနေ့ခေတ် အယ်ဒီတာချုပ်ဦးသက်ဇင်ကတော့ ဒီလုပ်ရပ်ဟာ အာဏာပိုင်တွေဖက်က မီဒီယာကိုချုပ်ကိုင်လိုတဲ့ လုပ်ရပ်လို့ ရှုမြင်ပါတယ်။

“ဒီတခေါက်လုပ်တာက တော်တော်ဆိုးဆိုးဝါးဝါးလုပ်တယ်။ နောက် ၆၆ ဃ ကိုလည်း နေရာတိုင်းအချိန်တိုင်းမှာ အသုံးပြုနေတာကိုလည်း မမျှတဘူး၊ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ဒါဒီမိုကရေစီအစိုးရဖြစ်နေပါပြီ။ အဲဒီတော့ ဒါမျိုးမလုပ်သင့်ပါဘူး။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တဘက်က မီဒီယာတွေမှာလည်း တော်တော့်ကို လုပ်ရကိုင်ရ ခက်ခဲတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ ကိုယ့်ဟာကို ဆင်ဆာလုပ်နေတဲ့ သဘောဖြစ်နေပါတယ်။”

Daily Eleven ပါ အယ်ဒီတာအာဘော်ရေးသားနဲ့ပတ်သက်ပြီး ကနဦးအစပိုင်းက ရန်ကုန်တိုင်းအစိုးရဖက်က ဖြေရှင်းချက်တောင်းခဲ့ပေမယ့် Eleven Media Group ဖက်က သူ့ဖက်က မှန်တယ်ဆိုပြီးတော့ပဲ ပြင်းပြင်းထန်ထန်ပြန်လည်တုန့်ပြန်ခဲ့တာပါ။ ဒီနောက်ပိုင်းမှာ အာဏာပိုင်တွေဖက်က တရားစွဲတဲ့အထိ အပြန်အလှန်တင်းမာမှုတွေရှိခဲ့ပါတယ်။ သတင်းသမားအများစုကတော့ အယ်ဒီတာအာဘော်ပါ မူလအချက်ဟာ ခိုင်လုံမှုမရှိဆိုတာကို လက်ခံကြပါတယ်၊ ဒါပေမယ့် အစိုးရဖက်က ဖမ်းဆီး တရားစွဲဆိုတဲ့အထိ တုန့်ပြန်တာဟာလည်း အလွန်အကျွံလုပ်ရပ်လို့ ရှုမြင်ကြပါတယ်။ အလားတူပဲ 7 Day နေ့စဉ်သတင်းစာပါ သတင်းတခုအပေါ် တပ်မတော်ဖက်က ကန့်ကွက်တာကြောင့်၊ တပ်မတော်ကို တောင်းပန်တဲ့ ကြေညာချက် ထုတ်ခဲ့ရဖူးပါတယ်။ ဒီလိုမျိုး ဖိအားတွေကြောင့် တောင်းပန်စာထုတ်ပေးရတဲ့အထိ ဖြစ်လာရတဲ့အတွက်၊ ဒီ ဥပမာအရ နောင်မှာလည်း မီဒီယာလောကကို အာဏာပိုင်တွေဖက်က ဖိအားပေးချုပ်ကိုင်တာမျိုး ဖြစ်လာမှာကို သတင်းသမားတွေဖက်က စိုးရိမ်နေကြတာပါ။

Eleven က ရန်ကုန်အစိုးရကို တောင်းပန်
please wait

No media source currently available

0:00 0:04:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG