သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို တောင်းပန်ဖို့ Eleven မီဒီယာငြင်းဆန်


Eleven Media အယ်ဒီတာချုပ် ကျော်ဇောလင်းနဲ့ အခြား သတင်းထောက်နှစ်ဦးတို့ တာမွေတရားရုံးသို့ ရောက်လာစဉ်။ ( အောက်တိုဘာ ၂၆၊၂၀၁၈)
Eleven Media အယ်ဒီတာချုပ် ကျော်ဇောလင်းနဲ့ အခြား သတင်းထောက်နှစ်ဦးတို့ တာမွေတရားရုံးသို့ ရောက်လာစဉ်။ ( အောက်တိုဘာ ၂၆၊၂၀၁၈)

Eleven မီဒီယာက သတင်းသမားတွေအနေနဲ့ သူတို့ရေးသားခဲ့တဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက တောင်းဆို ထားသလို တောင်းပန်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံညှိနှိုင်းချိန်အတွင်း သဘောထား ပေးခဲ့ပါ တယ်။ ကောင်စီအနေနဲ့တော့ ညှိနှိုင်းဖြေရှင်းတာကို ဆက်လုပ်သွားမယ်လို့ ကောင်စီဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း ရန်ကုန်မြို့ကနေ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်မှာပါတဲ့ အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ကို ပြည်သူအများက ယုံကြည်မှုပျက်စေတယ်ဆိုပြီး ပြန်လည်တောင်းပန်ဖို့ တိုင်ကြားထားတာကို ရေးသားသူ ဘက်က တောင်းပန်ဖို့ ငြင်းဆန်လိုက်တာပါ။

တနင်္လာနေ့က သတင်းမီဒီယာကောင်စီနဲ့ Eleven မီဒီယာတို့ ဒုတိယ အကြိမ်တွေ့ဆုံ ညှိနှိုင်း ချိန်မှာ တောင်းပန်ဖို့ ငြင်းဆန်လိုက်တာလည်း ဖြစ်ပြီး အဲဒါနဲ့ပတ်သက်လို့ မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ကိုကျော်စွာမင်းက အခုလို ရှင်းပြပါတယ်။

"အဲ့သတင်းထောက် သတင်းရေးသားတဲ့ ကိုဖြိုးဝေကနေပြီးတော့ သူဘာကြောင့် ဒီသတင်းကို ရေးရတာလည်း ဒီသတင်းသည် ဘယ်လိုမျိုးပုံစံမျိုးရှိတဲ့ အနေအထားကို တင်ပြတာပေါ့နော်။ တကယ့်သူ့ဘက်ကတော့ အခိုင် အမာ အထောက်အထား ခိုင်ခိုင်မာမာနဲ့ သူရေးတဲ့အတွက် ဒီသတင်းက မှန်ကန်တယ်ပေါ့။ သူ့အနေနဲ့ ဒီအပေါ် မှာ တောင်းပန်ဖို့မရှိဘူးပေါ့နော်။ သူ့အနေနဲ့ အဲ့ဒါကို ရေးသားတဲ့သူအနေနဲ့ ပြောတာပေါ့နော်။"

အစောပိုင်းမှာ ရန်ကုန်တိုင်းအစိုးရက ဆောင်းပါးရှင် ဖြိုးေ၀ အပါအဝင် အယ်ဒီတာချုပ် ကိုကျော်ဇောလင်းနဲ့ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ - ခ နဲ့ တရားစွဲဆိုခဲ့ပြီး အချုပ်နဲ့ အမှုရင်ဆိုင်ခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာမှ နိုင်ငံတော် သမ္မတရုံးရဲ့ ညွှန်ကြားချက်နဲ့ အမှုကို ပိတ်သိမ်းပြီး သတင်းမီဒီယာကောင်စီနဲ့ ညှိနှိုင်း နေတာဖြစ်ပါတယ်။

ကောင်စီဘက်တော့ အတတ်နိုင်ဆုံး ညှိနှိုင်း ဖြေရှင်းပေးမယ်လို့ ကိုကျော်စွာမင်းက ဆက်ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ညှိနှိုင်းပြေလည်ရေးကို ဦးတည်တယ်။ အဲ့လိုပြေလည်ရေး ဦးတည်ချက် ရောက်အောင်လည်း ဆောင်ရွက်သွားမယ်။ ကောင်စီအနေနဲ့ကတော့ ကျွန်တော်တို့က ဒီမီဒီယာဥပဒေအတိုင်း ပါတဲ့ လိုက်နာဆောင်ရွက်တာကို ကျွန်တော်တို့က ကြိုဆိုတယ်။ သတင်းမီဒီယာသမားတွေကိုလည်း သတင်း မီဒီယာဥပဒေတွေနဲ့ပဲ တိုင်ကြားတာ တိုင်ကြားဖို့ ကျွန်တော်တို့က အမြဲတမ်းတောင်းဆိုတယ်။ ဒါကြောင့်မို့လို့ လည်း တိုင်ကြားမှုအပေါ်မှာ သတင်းမီဒီယာကောင်းစီအနေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းပေးဖို့ ဆောင်ရွက် ထားပါတယ်။"

လာမယ့်သီတင်းပတ်ထဲမှာတော့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်ကို ကောင်စီက ခေါ်ယူပြီး ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

သတင်းမီဒီယာ ကောင်စီကတဆင့် ညှိနှိုင်း ဆောင်ရွက်လို့ မရဘူး ဆိုရင် ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားဖို့ သမ္မတရုံးက ညွှန်ကြားချက် ရရှိထားတယ်လို့လည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံပိုင် မီဒီယာများနဲ့ စကိုင်းနက် ရုပ်သံလိုင်းတို့ကို ဖိတ်ခေါ်ပြီး ပြောဆိုထားဖူးပါတယ်။

၂၀၁၆ ခုနှစ်ကလည်း Eleven Media Group ရဲ့ CEO ဖြစ်တဲ့ ဒေါက်တာ သန်းထွဋ်အောင်ကို ရန်ကုန်တိုင်း အစိုးရက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်အရေးယူခဲ့ဘူးပါတယ်။ လက်ရှိ အရပ်သား အစိုးရ လက်ထက်မှာ သတင်းမီဒီယာသမားတွေအပေါ် တရားစွဲဆိုမှုဟာ ၂၈ မှုရှိပြီး သတင်းသမား ၄၄ ဦးဟာ တရားရင်ဆိုင်ခဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်ဆိုပြီး သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေကပြောပါတယ်။

ဒီပမာဏဟာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ကထက် သတင်းသမားတွေအပေါ် အရေးယူတာတွေ ပိုများနေပြီး သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်သလို ဒီမိုကရေစီကို ယုံကြည်မှုမရှိတဲ့ အာဏာရှင်ဆန်တဲ့ အစိုးရတွေရဲ့ လုပ်ရပ်မျိုးနဲ့ ပိုပြီး နီးစပ်လာနေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG