သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Blessing စကားလုံး အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ အခုလို Christmas နဲ့ နှစ်သစ်ကူး ပွဲတော်ရက်ကာလမှာ ကောင်းချီးမင်္ဂလာ ဆုမွန်ကောင်းတွေတောင်းလေ့ရှိတဲ့အတိုင်း Blessing ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Blessing in disguise, Mixed blessing နဲ့ Count your blessing တို့ကို တင်ပြပေးထားပါတယ်။

(၁) Blessing in disguise

Blessing က Bless ဆိုတဲ့ အခြေခံဝေါဟာရက ဆင်းသက်လာပြီး ခရစ်ယာန်ဘာသာ အသုံးအနှုန်းအရ ကောင်းချီးပေးတာ ဖြစ်ပါတယ်။ နာမ် (noun) ဖြစ်တဲ့ Blessing ကတော့ ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။ နေ့စဉ်အသုံးတွေမှာတော့ ကောင်းမြတ်တာ၊ မင်္ဂလာ ရှိတာ၊ အကျိုးကျေးဇူး ခံစားရတာ၊ ဆုလာဘ်တပါး ဖြစ်တာကို ရည်ညွှန်းပါတယ်။ ဥပမာ ကျန်းမာခြင်းဟာ လာဘ်တပါးဆိုရင် Good health is a blessing လို့ ရည်ညွှန်းပြောလို့ ရပါတယ်။ In (အထဲမှာ)၊ disguise (ရုပ်ဖျက်ထားတာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရုပ်ဖျက်ထားတဲ့ ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ ဘာသာရေးက ဖြစ်ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းကြသူတွေဟာ တရားသဘောအရ ဘဝမှာ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဘုရားသခင်ရဲ့ အလိုတော်အရ ဖြစ်တာမို့လည်း အဆိုးထဲက အကောင်းဖြစ်မှာပဲဆိုပြီး ဘုရားသခင်အပေါ် ယုံကြည်ချက် မပျက်တဲ့ သဘောထားကနေ ဒီအသုံးဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ အဆိုးထဲက အကောင်းဖြစ်လာတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I must say it’s a blessing in disguise I missed the flight to New York. The plane crashed because of bad weather.

ကျနော် New York ကို လေယာဉ်ပျံ လွတ်သွားတာ အဆိုးထဲက အကောင်းဖြစ်လာတယ်လို့ ဆိုရမှာပါ။ အဲဒီ လေယာဉ်က ရာသီဥတုဆိုးလို့ ပျက်ကျခဲ့တယ်။

(၂) Mixed blessing

Mixed က Mix ဆိုတဲ့ verb ကြိယာကနေ ဆင်းသက်လာပြီး ရောနှောထားတာကို ဆိုလိုပါတယ်။ (Past tense) အတိတ်သဘောကိုပြတဲ့ Mixed က ရောနှောပြီသားကို ရည်ညွှန်းပါတယ်။ ဒီနေရာမှာ နာမ် (Noun) ဖြစ်တဲ့ Blessing ဆိုတဲ့ ကောင်းချီးမင်္ဂလာ ဝေါဟာရရှေ့မှာ Mixed ကို (Adjective) နာမဝိသေသနအဖြစ် အထူးပြုသုံးထားတာမို့ ဘယ်လို ကောင်းချီးမင်္ဂလာလဲဆိုရင်တော့ ရောနေတဲ့ ကောင်းချီးမင်္ဂလာ ဖြစ်ပါတယ်။ ရောနေတယ်ဆိုတော့ အဆိုးနဲ့အကောင်း ရောနေတာ ဖြစ်ပါတယ်။ ဥပမာ အနုမြူစွမ်းအင်တည်ထွင်မှ ုဟာ လောင်စာအဖြစ် အနုမြူစွမ်းအင်ကို အသုံးပြုနိုင်လို့ ကောင်းကျိုးရှိသလို၊ အနုမြူဗုံးလုပ်ပြီး လူအများကို သေစေနိုင်တဲ့အတွက်လည်း ဆိုးကျိုးရှိတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။ ဒီအခြေအနေမျိုးကို Mixed blessing လို့ ရည်ညွှန်းသုံးပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ယေဘုယျအားဖြင့် အကျိုးရှိပုံ ပေါ်ပေမယ့်လို့ ၊ တကယ်တော့ အကောင်းဘက်ရှိသလို၊ အဆိုးဘက်လည်း ရှိနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ အဆိုးနဲ့အကောင်း ရောနေတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It was a mixed blessing for my brother and his wife to win a $ 100 million jackpot. They became very rich, but their marriage ended in divorce.

ကျနော့်အကိုနဲ့ သူ့ဇနီးတို့ ဒေါ်လာသန်းတစ်ရာ ထီပေါက်တာ အဆိုးနဲ့အကောင်း ရောနေတဲ့ ဆုလာဘ်လို့ ဆိုရမှာပါ။ သူတို့ သိပ်ကိုချမ်းသာလာတာ မှန်ပေမယ့် သူတို့ အိမ်ထောင်ရေးကတော့ ကွာရှင်းမှုနဲ့ အဆုံးသတ်ခဲ့တယ်။

(၃) Count your blessing

Count (ရေတွက်တာ)၊ your (သင့်ရဲ့)၊ blessing (ကောင်းချီးမင်္ဂလာ၊ ဆုလာဘ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကောင်းမြတ်တဲ့၊ စိတ်ချမ်းသာစရာ ဖြစ်စေတဲ့အရာတွေကို ရေတွက်ကြည့်ပါပေါ့။ အီဒီယံအဓိပ္ပါယ်က ကိုယ်အတွက်ကံကောင်းတာကို ကျေးဇူးတင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓတရားတေ်ာအရ၊ ဘဝမှာ လောဘ၊ ဒေါသ၊ မောဟဖြစ်မယ့်အစား ရှိတာနဲ့ ရောင့်ရဲ တင်းတိမ်ပြီး ၊ ကိုယ့်မှာရှိတာကို တန်ဖိုးထားတတ်ဖို့ဆုံးမပေးတာဖြစ်ပါတယ်။ ဥပမာ ရခဲလှတဲ့လူ့ဘဝကိုတန်ဖိုးထားတတ်ဖို့ ၊ ကိုယ့်ဘဝမှာ မရှိတာကို မက်ပြီး စိတ်ဆင်းရဲနေမယ့်အစား ရှိတာအတွက်ကျေးဇူးတင်ဖို့ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Many refugees count their blessings to be resettled in America.

ဒုက္ခသည် အများအပြားက သူတို့ အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချနေထိုင်ခွင့် ရကြတဲ့အတွက် ကံကောင်းတယ်လို့ ယူဆကြတယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ အီယံအသုံးတွေမှာ Blessing in disguise, Mixed blessing နဲ့ Count your blessing တို့ဖြစ်ပါတယ်။

XS
SM
MD
LG