သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအဖွဲ့အာလုံး ငြိမ်းချမ်းရေးညီလာခံ တက်ရောက်နိုင်ရေး


ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပစဉ် (၂၀၁၆)
ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပစဉ် (၂၀၁၆)

မကြာခင်ကျင်းပတော့မယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်ဖို့မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကပြောနေကြပါတယ်။ ဘာကြောင့်ပါလဲ၊ အားလုံးပါဝင်လို့ရအောင် အစိုးရဘက်ကရော၊ တိုင်းရင်းသားတွေဘက်ကပါ ဘာတွေလုပ်ဆောင် ဖို့အပ်ပါသလဲ။ အပြည့်အစုံကို ရှားဖောင် က တင်ပြပေးပါမယ်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မေလ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ရက်သတ်မှတ်ထားပေမယ့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး ညီလာခံကို ပါဝင်တက်ရောက်နိုင်ရေးကိစ္စဟာ မသေချာမရေရာဖြစ်နေဆဲပါ။

မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အားလုံးပါဝင်ရေးမူကိုပဲ လက်ကိုင်ထားကြတယ်လို့ အစိုးရဘက်ကရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ပြောနေကြပေမယ့် ဒါကို အကောင်အထည်ဖော်နိုင်ဖို့က အခုအချိန်ထိ သေသေချာချာ မလုပ်ဆောင်နိုင်ကြသေးပါဘူး။

အစိုးရနဲ့ စစ်တပ်ဘက်က နောက်ဆုံး သဘောထား ပြောင်းလဲမှုတွေကြောင့် အားလုံးပါဝင်ရေးဟာ သိပ်ပြီးတော့ မဖြစ်နိုင်သေးဘူးလို့ တအာင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော်က အခုလို ပြောပါတယ်။

“သူတို့က ဘယ်အဖွဲ့တွေပါမလဲ ဘယ်အဖွဲ့တွေ ဖိတ်မလဲဆိုတာကိုတော့ အခုအထိတော့ သဲသဲကွဲကွဲ မသိရသေးဘူး။ ဘာကန့်သတ်ချက်တွေရှိသလဲဆိုတာကိုတော့ ကျနော်တို့မသိရသေးဘူး ။ ပထမတခေါက်ကျင်းပတုန်းကတော့ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ အားလုံးပါဝင်ရေးလို့တော့ ကြွေးကြော် ခဲ့တယ်။ ဒါပေမယ့်ဒီ ညီလာခံကျင်းပခါနီးမှာ တပ်ရဲ့သဘောထားတွေက နောက်ကနေပါလာတယ်။ တပ်ရဲ့သဘောထားတွေက လွန်ဆန်လို့မရတဲ့အနေအထားတွေ့ရတယ်။ အဲဒီမှာကဘာဖြစ်လာသလဲဆိုရင်တော့ တချို့အဖွဲ့တွေ ချန်လို့ရမယ်၊ တချို့တွေကို ပါလို့ရမယ်ဆိုပြီးဖြစ်လာဖြစ်။ တချို့တွေကတော့ ဘယ်လိုပုံစံနဲ့ တက်ရမယ်ဆိုတာ သတ်မှတ်ချက်တွေရှိလာတယ်၊ တခြားတွေလည်းရှိလာတယ်။”

မြန်မာတနိုင်ငံလုံးငြိမ်းချမ်းရေးလုပ်ငန်းဟာ အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကလည်း ပါဝင်လုပ်ဆောင်မှ အောင်မြင်မှုရမှာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး တန်းတူညီမျှစွာ ပါဝင်ဖို့ကသိပ်ကို အရေးကြီးပါတယ်။

ဒါပေမယ့် အားလုံးပါဝင်ရေး ကိစ္စဟာ အခုထိ ဘာကြောင့် မသေချာဖြစ်နေရပြီး၊ ဒီကိစ္စဖြစ်အောင် အစိုးရနဲ့ စစ်တပ်ဘက်က ဘာတွေကို လုပ်ဆောင်ဖို့လိုအပ်နေပါသေးလဲ။ Kachin Alliance - ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San က တော့ အားလုံးကို ခေါ်ရင်တော့ အားလုံးပါဝင်နိုင်မယ်ဆိုပြီး အခုလို ပြောပါတယ်။

“အားလုံးကို ခေါ်ရင်တော့ အားလုံးပါဝင်နိုင်မယ်လို့ ကျနေ်ာထင်ပါတယ်။ ဒီငြိမ်းချမ်းရေးကနေ အားလုံးကိုပါဝင်ဖို့ခေါ်ဆောင်တဲ့ငြိမ်းချမ်းရေး ဘယ်အဖွဲ့အစည်းမှ ချန်ထားတာမျိုး၊ ပစ်ထားတာမျိုး မဟုတ်ပဲ ဖော်ဆောင်ရင်ကတော့ အောင်မြင်မယ်လို့ မြင်ပါတယ်။ ပြောရရင်တော့ ရှင်းပါတယ် ခေါ်မယ်ဆိုရင်တော့ တိုက်ပွဲတွေမလုပ်နဲ့ပေါ့နော် တပ်ကိုပြောရမှာပေါ့နော်။ အစိုးရကနေပြီးတော့ ခေါ်တဲ့ပုံစံနဲ့လုပ်ပြီးတော့မှ စစ်တပ်ကနေတော့ လိုက်ဖျက်နေတာကတော့ သဘာဝမကျဘူး။ အဲဒါကတော့ အစိုးရကိုအရင်ကြိုတင်ပြောရမယ့်ကိစ္စတွေပါ။ အစိုးရတွေပြောတယ်ဆိုရင် တပ်မတော်ကိုရော တိုက်ရိုက်ပြောသင့်ပါတယ်။ ထိုးစစ်တွေလျှော့ နောက်ပြီးရှေ့မှာရှိတဲ့ တပ်စခန်းတွေဆုတ်သင့်တာတွေ ဆုတ်သင့်ပါတယ်။”

မြန်မာအစိုးရဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသားနယ်မြေဒေသတချို့ အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် ဘက်ခြမ်းတွေမှာ ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလ နောက်ပိုင်းမှာတင်ပဲ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မြို့နယ် လေးခုထက်မနည်းမှာ အစိုးရစစ်တပ်နဲ့ တအာင်းပလောင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေမှာ စစ်တပ်ဘက်က ထိုးစစ်ဆင်မှုတွေ လျှော့ချပြီး ရပ်တန့်လိုက်ရင် တိုင်းရင်းသားတွေအနေနဲ့ ပဋိပက္ခတွေကို စားပွဲပေါ်ကနေဖြေရှင်းချင်တဲ့ စိတ်ဓာတ်ရှိနေတယ်ဆိုတာ လက်တွေ့မှာ ဖော်ပြလို့ရမယ်လို့လည်း Gum San က ပြောပါတယ်။

“ထိုးစစ်ကမဆင်ဘူးဆိုရင် တိုက်ပွဲက ရှိတော့မှာမဟုတ်ဘူး။ တဖက်နဲ့ တဖက်ရော ယုံကြည်မှုရော အများကြီးတိုးတက်လာမယ်လို့ မြင်ပါတယ်။ ၂၁ ပင်လုံခေါ်တယ်ဆိုရင် ဒီထိုးစစ်တို့ဘာတို့ အကုန်လုံး လျှော့ပေါ့နော် ၊ ဒါတွေက လျှော့သင့်တဲ့လုပ်ရပ်တွေပါ အဲဒါမှ ကျနေ်ာတို့ တကယ်ကြီး ငြိမ်းငြိမ်းချမ်းချမ်း ပဋိပက္ခတွေကို စားပွဲပေါ်ကနေဖြေရှင်းချင်တဲ့စိတ်ဓာတ်ရှိပါတယ်ဆိုတာ လက်တွေ့မှာ ဖော်ပြလို့ရတာပေါ့။”

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံး လက်မှတ်ထိုးနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်အဖွဲ့တွေဘက်က အဓိက တောင်းဆိုတဲ့ အချက် ၉ ချက်ကို အခုချိန်ထိ အစိုးရ က မူအားဖြင့်သာ သဘောတူထားတာပါ။

တိုင်းရင်းသားတွေအနေနဲ့ ကိုယ်လိုချင်တဲ့ အရာတွေအားလုံး ၁၀၀ ရာခိုင်နှုန်းရမှ လုပ်မယ်ဆိုရင် ဖြစ်ဖို့ခက်ခဲမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားခဲ့ဖူးတာကြောင့် တိုင်းရင်းသားတွေအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အပေးအယူ မလုပ်ဆောင်သင့်ဘူးလားလို့ မေးရာမှာတော့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San က အခုလိုဖြေပါတယ်။

“ကျနော့်အမြင်မှာ တခုကမေးစရာပဲ။ အဲဒါဆိုရင် ပင်လုံဆိုတာက အပေးအယူလုပ်လို့ ရသလားဆိုတဲ့မေးခွန်းပါ။ တိုင်းရင်းသားတွေ လျှော့ပါဆိုရင် ပင်လုံကိုလျှော့ရမလား ဆိုတာပြန်မေးရမှာပါ။ ဆိုတော့ ပင်လုံကတိကဝတ်ကို ဖျက်ဆီးဖို့ဆိုတာကတော့ တိုင်းရင်းသားတွေ ပြန်စဉ်းစားရမယ့်အလုပ်တခုပါ။”

အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က အဓိက တောင်းဆိုတဲ့အချက် ၉ ချက်တွေကတော့၊ အစိုးရနဲ့ တပ်မတော် ဘက်က တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို စတင်ကြေညာပေးဖို့၊ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့၊ ပြီးတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်ဖို့အပြင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ စတဲ့ အချက်တွေပါဝင်ပါတယ်။

ပထမချက်ဖြစ်တဲ့ အစိုးရနဲ့ တပ်မတော်ဘက်က တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာဖို့ ဆိုတဲ့ အချက်ဟာ ဘယ်တော့မှာဖြစ်လာမှာမဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစောင့်ကြည့်အကဲခတ်တွေက သုံးသပ်ထားတာရှိတာကြောင့် ဒီအတိုင်းသာ ဆက်လက် သွားနေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဟာ ဆက်ပြီး ကြာမြင့် ဦးမယ့်သဘောဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG